Tuesday, July 15, 2008

ရောက်တတ်ရာရာ

ဘ၀တစ်ကွေ့ ပြန်မတွေ့နိုင်ပေမယ့်

ရင်ထဲမှာ ရှိနေသေးရင် ပြန်တွေ့သလိုပါပဲ


တွေ့ရခဏ ခွဲကြတစ်ဘ၀ဆိုပေမယ့်

အစဉ်အမြဲသတိရနေခြင်းသာ အဓိကပါ


မျှော်လင့်ခြင်းကို ယုံကြည်ပေမယ့်

ကံကြမ္မာဆိုတာကိုတော့ မယုံရဲဘူး


တိတ်ဆိတ်ခြင်းက ၀န်ခံသလိုဖြစ်နေပေမယ့်

ဆွံ့အနေတာလည်း ဖြစ်နိုင်ပါတယ်


ပြောသမျှကို ဘာမှ နားမလည်သလို ဖြစ်နေတာ

တွေဝေနေခြင်း ဖြစ်နိုင်သလို

နားမကြားခြင်းလည်း ဖြစ်နိုင်ပါတယ်


အတူတွဲမလျှောက်နိုင်ခြင်းဟာ

မပြည့်စုံခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်


အရာရာကို အပြစ်မဆိုချင်ပေမယ့်

ကိုယ့်ကိုယ့်ကိုယ်တော့ မချင့်မရဲဖြစ်နေတယ်


ပြန်တွေ့ခဲ့ရင် ပြုံးပြမယ်လို့ စိတ်ကူးထားပေမယ့်

ပြုံးနိုင်မယ် မပြုံးနိုင်ဘူးဆို မသေချာတဲ့ဘ၀မှာ

ဘယ်အရာတွေကရော သေချာနိုင်မှာလဲ

ပြန်တွေ့ဖို့ကရော သေချာမှာလား


ဒီတစ်ခါတွေ့တာဟာ နောက်တစ်ခါပြန်တွေ့ဖို့ရဲ့ သင်္ကေတလား

ဒါမှမဟုတ်

ဒီတစ်ခါတွေ့တာ နောက်ဆုံးလည်း ဖြစ်နိုင်တာပဲ


ဆုံခဲ့ဖူးတဲ့ မျက်ဝန်းတွေကို

ပြန်ဆုံတဲ့အခါမှ ဒီအတိုင်း ဖြစ်နိုင်ပါတော့မလား


ဘာမှ မရေရာပေမယ့်ု

ကိုယ့်ကိုယ်ကိုယ်လည်း မရေရာဘူးလို့တော့ မထင်ပါနဲ့

လက်ရှိပိုင်ဆိုင်နေတဲ့ ဘ၀မှာ အကောင်းဆုံး ဖြစ်အောင်

လုပ်လိုက်ခြင်းဟာ ရေရာခြင်းပါပဲ။

ဇော်ဖြိုး

No comments: