Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Tuesday, February 24, 2009

လက်တို့ပေးပါ

သူငယ်ချင်း
ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော်ကတော့ အသက် ၂၃နှစ်ပြည့်တာတောင် ရည်းစားမရှိသေးတဲ့ လူတစ်ယောက်ပေါ့။ ရည်းစား မရသေးတာက မရှာလို့တော့ မဟုတ်ဘူး။ ရှာတာမှ ကျွန်တော့်အသက် ၁၆နှစ်ပြည့်ကတည်းက ရည်းစားလိုချင်လို့ လိုက်ရှာနေတာပါ။ အဲဒီနေရာမှာ တစ်ခုတော့ ရှိတယ်။ ကျွန်တော်က ဂျီးများတယ်ဗျ။ ငယ်ငယ်က ဖွါးဖွါးတို့ ပြောပြထားလို့ မိန်းမတို့၏ ကောင်းခြင်း ငါးဖြာကိုသိနေတယ်လေ။ ဒဲဒီတော့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရင် ဖွါးဖွါးပြောတဲ့ ကောင်းခြင်းငါးဖြာနဲ့ ပြည့်မပြည့် ချင့်ချိန်ကြည့်နေတော့ ရတာမလို လိုတာမရ ဖြစ်နေရတာပေါ့ဗျာ။

ကျွန်တော်ရဲ့ သူငယ်ချင်းတွေကို မိန်းမတို့၏ ကောင်းခြင်း ငါးဖြာအကြောင်း ကြုံတုန်း ပြောပြချင်ပါတယ်။ မိန်းမတို့၏ ကောင်းခြင်း ငါးဖြာဆိုတာ ဆံပင်၏ကောင်းခြင်း၊ အသားအရည်၏ ကောင်းခြင်း၊ အရိုး၏ ကောင်းခြင်း၊ အသွေး၏ ကောင်းခြင်း၊ အရွယ်၏ ကောင်းခြင်း တို့ဖြစ်ပါတယ်။ အဲဒါတွေရဲ့ အဓိပ္ပါယ် အကျယ်ဖွင့်လဲ ရှိပါသေးတယ်။ ဆံပင်၏ကောင်းခြင်း ဆိုတာကတော့ မိန်းကလေးတွေရဲ့ ဆံပင်ဟာ ထုံးထားရာမှ ဖြည်လျှော့လိုက်လျှင် ခြေမျက်စိထိ ရှည်လျှားပြီး ဆံပင်ရဲ့ အဖျားဟာကော့လန်ရမှာ ဖြစ်ပါတယ်။ အသားအရည်၏ ကောင်းခြင်း ဆိုတာကတော့ သီချင်းကလေးတောင် ရှိပါသေးတယ် ရွှေမှုံစားပြီး မွှေးဖွါးသလားလို့ မေးရမလောက် ပါပဲတဲ့။ အရိုး၏ ကောင်းခြင်းကတော့ သွားကိုကြည့်ပြီး ဆုံးဖြတ်ကြပါတယ်။ သူရဲ့သွားလေးတွေဟာ ဖြူဖွေးပြီး ပုလဲလုံးညီ ကြိုးနဲ့သီသို့ ညီညီညာညာ ရှိနေရမယ်လို့ ဆိုပါတယ်။ အသွေး၏ ကောင်းခြင်းကတော့ နှုတ်ခမ်းလေးတွေဟာ ရဲရဲနီနေရမယ်၊ နောက် သွားဖုံးလေး တွေကလည်း ရဲရဲနီထွေးနေရပါမယ်။ အရွယ်၏ ကောင်းခြင်းကတော့ ငယ်ရွယ်တဲ့ ဂုဏ်ကိုလည်း ဆိုသလို အသက်အရွယ် တင့်တယ်ခြင်း၊ ကလေးမွေးပြီး သားတောင်မှ အပျိုနဲ့ ခွဲခြားမရလောက်အောင် ပါပဲတဲ့ဗျာ။
အဲဒီတော့ ဖွါးဖွါးပြောတဲ့ ကောင်းခြင်း ငါးဖြာနဲ့ ပြည့်စုံတဲ့ မိန်းကလေးမျိုး ဘယ်မှာများ ရှာရပါ့မလဲ။ ပထမဦးဆုံး ဖြစ်တဲ့ ဆံပင်၏ ကောင်းခြင်းနဲ့ပင် လက်လန်သွားရပြီ မဟုတ်လား။ အခုခေတ် ကောင်းမလေးတွေက ဆံပင်ဆိုရင် ဖြတ်လိုက်၊ ဆက်လိုက်၊ ဖြောင့်လိုက်၊ ကောက်လိုက်နဲ့ တခါခါ သူတို့တွေကို မှတ်တောင် မမှတ်မိလောက် ပါပဲဗျာ။ နောက်ပြီး အသွေး၏ ကောင်းချင်းကို ကြည့်ရအောင်ကလဲ နှုတ်ခမ်းနီ အမြဲဆိုးထားတော့ ဘယ်လိုများ ဆုံးဖြတ်ရမလဲ မသိရတော့ဘူး မဟုတ်လား။ လူတိုင်းလူတိုင်း အကောင်းဆုံးကိုပဲ လိုချင်ကြမှာ သေချာပါတယ်။ အဲဒီတော့ လမ်းကြုံလို့ ကောင်းခြင်း ငါးဖြာနဲ့ ပြည့်ဆုံတဲ့ မိန်းကလေးများ တွေ့ခဲ့ရင် လက်တို့ပြီး သတင်းပေးပါလို့......။
ရွှေသွေး

ဆက်လက်ဖတ်ရှုပါရန်...

ချမ်းသာသုခဘယ်မှာလဲ …

ဘာသာရေးမှာရှိတယ်။ စိတ်ကို အလေ့အကျင့် လုပ်ရာက ရနိုင်တယ်။ တခြားလူတွေကို အကျိုးပြုတာ၊ စိတ်တည်ငြိမ် အေးချမ်းတာတွေက ရနိုင်တယ်။ စိတ်နဲ့ နှလုံးထပ်တူထပ်မျှ ဖြစ်တဲ့အခါ ခန္ဓာကိုယ်တွင်းမှာ ချမ်းသာသုခကို တွေ့ရတယ်။

သက်

ဆက်လက်ဖတ်ရှုပါရန်...

သုခ ရှာပုံတော်

ချမ်းသာသုခကြောင့် ဘ၀မှာ နေပျော်နေကြတာ၊ တကယ်လို့သာ ဆင်းရဲဒုက္ခတွေ အပြည့်ဖြစ်နေမယ်ဆိုရင် ဘ၀မှာ နေရတာ အဓိပ္ပာယ်မရှိဘူး။ လူသားတွေ အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားမှု ကွာခြားပြီး ရည်မှန်းချက်တွေလည်း ခြားနားကြတယ်။ တချို့ လူတွေက ငွေရရင် ချမ်းသာတယ်လို့ဆိုပြီး ငွေတွေ အများကြီး ရချင်ကြတယ်။ ဒါပေမယ့် ငွေတွေ အများကြီး ရလာတဲ့အခါ ပိုပြီး ဒုက္ခရောက်တတ်တယ်။ `ငွေကြောင့် လူတွေ သေရတယ်´ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ။ အဲသလိုဆို ဥစ္စာဓနဟာ ဘယ်မှာ ချမ်းသာ စေလို့လဲ။

တချို့ လူတွေက မိသားစုတွေရှိရင် ချမ်းသာတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် မိသားစုဝင်တွေ တစ်ယောက် နဲ့ တစ်ယောက် အဆင်မပြေဖြစ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်နေကြရင် ဘယ်မှာ ချမ်းသာ နိုင်မလဲ။ တချို့လူတွေက အချစ်ရှိရင် ချမ်းသာတယ်လို့ထင်ပြီး အချစ်နောက်ကို အသည်းအသန် လိုက်ကြတယ်။ ဒါပေမယ့် အချစ်နဲ့ အမုန်းဆိုတာကလည်း အမြွှာဖြစ်နေလေတော့ အချစ်ဟာ အမုန်းအဖြစ် အလွယ်တကူ ပြောင်းလဲသွားတတ်တယ်။ ချစ်လေလေ၊ မုန်းလေလေ ဖြစ်တတ်တယ်။ ချစ်သူတွေ၊ ဇနီး မောင်နှံတွေ ခွာပြဲတဲ့အခါ တစ်ခါတစ်လေကျရင် အဆိုးဆုံး ရန်သူတွေ ဖြစ်လာကြတယ်။ ဒါကြောင့် တစ်ယောက်တည်း သံယောဇဉ် မရှိဘဲနေတာက ပိုကောင်းတယ်။
တချို့ကျတော့လည်း သြဇာအာဏာရအောင် ကြိုးစားကြတယ်။ ဒါပေမယ့် အတော်များများက သြဇာ အာဏာကို အလွဲသုံးစားလုပ်ပြီး ဥပဒေဘောင်ရဲ့ အပြင်ဘက်ကို ရောက်သွားကြတယ်။ အမြင့်တက်လေ အကျနာလေပဲ။ ရာထူးတွေ၊ သြဇာအာဏာတွေ ဆိုတာကလည်း ချမ်းသာသုခကို အမြဲတမ်း ဖြစ်စေတဲ့ အကြောင်းတရားတွေ မဟုတ်ကြဘူး။
တချို့လူတွေက အလုပ်ခွင်မှာ ချမ်းသာမှုကို ရှာကြတယ်။ ဒီနားမှာ စက်ရုံလေးဖွင့်လိုက်၊ ဟိုနားမှာ ကုမ္ပဏီ လေးထောင်လိုက်၊ ပြည်တွင်းမှာ ဖက်စပ်လုပ်ငန်းကြီး တစ်ခုထောင်လိုက်၊ ပြည်ပမှာ တစ်ခုထောင်လိုက်နဲ့ လုပ်တတ်တယ်။ စာရင်းတွေ၊ လက်ကျန် ရှင်းတမ်းတွေနဲ့ အလုပ်ရှုပ်။ ဖောက်သည်တွေ၊ ပစ္စည်းသွင်းသူတွေ၊ ၀န်ထမ်းတွေနဲ့ ဗျာများရင်း တာဝန်ကြီးကြီးတွေ ထမ်းနေကြတယ်။ သူတို့က ဆင်းရဲတဲ့ ချမ်းသာသူတွေ ဖြစ်လာကြတယ်။ ဘယ်မှာလဲ ချမ်းသာသုခ၊ တချို့လူတွေက တောထဲ၊ တောင်ထဲမှာ ချမ်းသာသုခကို ရှာဖွေ ကြတယ်။ သူတို့အတွက် လေပြည်လေညှင်းတွေနဲ့ ပြည့်ပြည့်ဝန်းဝန်း လမင်းကြီးက ချမ်းသာသုခပဲ။ တချို့က ရိုးစင်းတဲ့ ဘ၀မှာ နေကြတယ်။ ရသမျှနဲ့၊ ကျေနပ်ကြ၊ ရောင့်ရဲကြ၊ တင်းတိမ်ကြတယ်။ တချို့က စာအုပ်တွေဖတ်၊ စာသမုဒ္ဒရာထဲမှာ နစ်မြှုပ်ပြီး စိတ်ကိုအခြေချလို့ ဉာဏ်ပညာရဲ့ အရင်းအမြစ်တွေကို လိုက်ရှာ ကြတယ်။ ဘ၀မှာ ချမ်းသာသုခကို ရှာဖွေကြတယ်။
ချမ်းသာသုခဆိုတာ ငြိမ်းချမ်းမှု၊ ကြင်နာမှု၊ အနှောင်အဖွဲ့ လွတ်ကင်းမှု၊ ရောင့်ရဲမှုပါပဲ။ တကယ်တော့ ချမ်းသာ သုခကို အပြင်မှာ လိုက်ရှာနေပေမယ့် နှလုံးသားထဲမှာပဲ ရှိပါတယ်။ ငှက်တစ်ကောင်ကို ဘာဖြစ်လို့ ကောင်းကင်မှာ ပျံရသလဲမေးရင် ကောင်းကင်မှာ ချမ်းသာသုခရှိလို့ ပေါ့လို့ဖြေမယ်။ ငါးတစ်ကောင်ကို ဘာလို့ ရေကူးနေရသလဲလို့မေးရင် ရေထဲမှာ ချမ်းသာသုခရှိလို့ ပေါ့လို့ဖြေမယ်။ လူတွေက ဘာလို့ ဟိုပြေးဒီပြေး လုပ်နေကြသလဲလို့မေးရင် လောကကြီးထဲမှာ အဆက်အသွယ် ကျယ်ကျယ်ပြန့်ပြန့် ရအောင်လုပ်ရင်း လူ့ အဖွဲ့အစည်းကို အကျိုးပြုရင်းနဲ့ ချမ်းသာသုခကို ရနိုင်လို့လို့ ဖြေမယ်။
သက်

ဆက်လက်ဖတ်ရှုပါရန်...

Monday, December 8, 2008

လိုချင်ရင် . . . ပေးပါ

ဘ၀မှာ၊ လောကမှာ ကိုယ်လိုချင်တာ တစ်ခု ရဖို့အတွက် တစ်ခုတော့ ပေးရတယ်ဆိုတာ ဘယ်တော့မှ လက်မခံလို့ မရတဲ့ အမှန်တရား တစ်ခုပါ။ ချစ်ခြင်း မေတ္တာရဖို့အတွက် ကိုယ့်ဆီက ချစ်ခြင်း မေတ္တာကို ပေးရသလို၊ ကိုယ်ရဲ့ လိုချင်မှုတစ်ခုအတွက် ထိုက်တန်တဲ့ အရာတစ်ခုကိုတော့ ပေးကြရမှာပါ။ လူအများရဲ့ ချစ်ခင်မှုကို လိုချင်ပေမယ့် ကိုယ့်ဆီမှာ လူအများကို ချစ်ခင်တဲ့ စိတ်လေးထားဖို့တောင် ၀န်လေးနေမယ် ဆိုရင် ဘယ်တော့မှ အဲဒီ ချစ်ခင်မှုကို ရမှာ မဟုတ်ပါဘူး။ အပြန်အလှန် ဆိုတဲ့ သဘောပါပဲ။ စစ်မှန်တဲ့ ကြင်နာမှုကို ရရှိဖို့ ကိုယ့်ဆီက စစ်မှန်တဲ့ ကြင်နာမှုကို အရင်ဆုံးပေးပါ။ တူညီတဲ့ တုန့်ပြန်မှုကို ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ကို အများတကာက မုန်းနေတယ် ဆိုရင် ကိုယ်က အဲဒီ အများကို မုန်းနေလို့ ဖြစ်မှာပါလို့ ယုံကြည်ပါတယ်။ ကိုယ့်ကို အများတကာက မုန်းနေတယ် ဆိုပေမယ့် သူတို့ကို ပြန်မမုန်းဘဲ မေတ္တာထားမယ် ဆိုရင် တစ်ချိန်မှာ ကိုယ့်ကို ပြန်လည် မေတ္တာထား လာလိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ခက်ခဲမယ်၊ စိတ်မရှည်စရာ ဆိုပေမယ့် ကိုယ်လိုချင်တဲ့ အရာအတွက် ပေးသင့်တယ်လို့ ထင်ပါတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတာ ကျွန်တော် မပြောလည်း သိပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ လောကကြီးထဲမှာ စစ်မှန်တဲ့ ကြင်နာမှုထက် အမုန်း အာဃာတတွေ၊ မာနတွေ၊ မောဟတွေနဲ့ တစ်ဦးနဲ့ တစ်ဦး ထိုးနှက်မှုတွေက ပိုများနေပါတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် စစ်မှန်တဲ့ ကြင်နာမှု မေတ္တာတွေ အများအပြား လိုအပ်ပါတယ်။ ဒါကြောင့် အများနဲ့ တစ်ယောက် ဆိုပေမယ့်လည်း ကိုယ်လိုချင်တဲ့ စစ်မှန်တဲ့ ကြင်နာမှု ရရှိဖို့အတွက် စစ်မှန်တဲ့ ကြင်နာမှုများ ပေးနိုင်ပါစေလို့ တောင်းဆု ပြုရင်း . . .

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

Friday, December 5, 2008

ဒေါသတွေထိန်းချုပ် လျှော့ဖို့ . . .

လူပဲ . . . ဒေါသနဲ့တော့ ဘယ်ကင်းပါ့မလဲနော်။ ဖြစ်သင့်တဲ့ အချိန်မှာ၊ ထွက်သင့်တဲ့ လူအပေါ် ထွက်မိရင်တော့ တော်သေးတာ ပေါ့။ ဒါပေမယ့် ဒေသနောက် အမှားပါ တတ်တာမို့ ထိန်းနိုင်ရင် အကောင်းဆုံး ပါပဲလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်တိုင်က တိုက်တွန်းပေမယ့် အခုချိန်ထိတော့ ကျွန်မလည်း ဒီဒေါသကို ထိန်းမနိုင်သေးပါဘူး။ ဒေါသကြောင့် အမှားလုပ်မိတာ၊ အမှား ပြောမိတာ တွေကိုတော့ အနည်းဆုံး ရှောင်ရှားနေပါတယ်။ ဒါကြောင့် သူငယ်ချင်းများလည်း ဒေါသထွက် လာတဲ့အခါမှာ ဒီလို နည်းလမ်းလေးတွေနဲ့ ဖြေလျော့ကြည့်ပေါ့။
၁။ အလကားနေ ဒေါသထွက် တတ်ရင်တော့ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု ရှာသင့်ပါပြီ။ အားရပါးရ ပေါက်ကွဲဖို့ပေါ့။ ကိုယ် မကျေနပ်တဲ့ လူနဲ့ အကြောင်းအရာကို အဲဒီမှာ ပြေပျောက်တဲ့အထိ စိတ်ကြိုက်အော်ပြီး ဒေါသတွေ လျှော့ပါ။
၂။ သင်အရမ်း ဒေါသထွက်နေပြီ။ ဒါဆို စိတ်ရောကိုယ်ပါ ငြိမ်သက်သွားစေဖို့ အသက်ကို ပြင်းပြင်းရှုရှုပေးပါ။ စိတ်ထဲက တင်းကျပ် နေတာတွေ နည်းနည်းတော့ လျော့သွားမှာပါ။
၃။ တစ်ကနေ ၁၀အထိ ရေကြည့်မယ်။ တစ် . . . နှစ် . . . သုံး . . .။ ဒါလည်း ထိရောက်တဲ့ နည်းလမ်းပါပဲ။ နံပါတ်တွေကို တစ်ခုချင်း ရေရင်းနဲ့ သင့်ရဲ့လက်ရှိ တင်းကျပ်မှုတွေကို မေ့သွားပါလိမ့်မယ်။
၎။ လမ်းထလျှောက်လိုက်။ ပျော်စရာ သီချင်းလေးတွေကို လေချွန်ရင်း ရင်ထဲက မကျေလည်မှုတွေကို ဖြေလျော့တာလည်း ပြေရာ ပြေကြောင်း တစ်ခုပါပဲ။
၅။ ငြိမ်ငြိမ် သက်သက်လေး နေလိုက်ပြီး ကိုယ်ဘာကြောင့် ဒေါသထွက် နေရလဲ။ ဘာကိုလဲ။ သေသေချာချာ စဉ်းစား အဖြေ ရှာကြည့်ပါ။ တစ်ခုခုကို မလုပ်ခင် သေချာဆန်းစစ် ကြည့်တဲ့ အနေအထားမျိုးနဲ့ သင့်ရဲ့ ဒေါသကို သုံးသပ်ကြည့်ပါ။ ဘာကြောင့်လဲ ဆိုတာသိရင် ဖြေရှင်းဖို့ အတွက်လည်း သိလာမှာပေါ့။
၆။ တချို့ လူတွေကတော့ ဒေါသထွက်ရင် ဖြေရှင်းတဲ့ နည်းလမ်းကတော့ ရိုးရိုးလေးပါပဲ။ သီချင်းနားထောင်တာတဲ့။ ကိုယ်ကြိုက်တဲ့ သီချင်း၊ တေးသွားမှာ နစ်မျော နေတာကလည်း ဒေါသတွေ မေ့ပျောက်သွားစေမယ့် နည်းလမ်းတစ်ခုပါပဲ။
ကျွန်မကတော့ အခု ရေးသားဖော်ပြခဲ့တဲ့ ဒေါသတွေထိန်းချုပ်ဖို့ နည်းလမ်း ၆သွယ်ထဲက နံပါတ် ၆ဆိုတဲ့ နည်းလမ်းနဲ့ပဲ အခုချိန်ထိ ဖြေရှုင်းနေပါတယ်။ ဒါပေမယ့် မလွယ်တော့ မလွယ်ပါဘူး။ ဒေါသထွက်အောင် လုပ်ထားတဲ့ လူကို မြင်နေတာနဲ့ အလိုလို စိတ်က ဒေါသတွေ ထွက်နေတာပဲ။ အမြန် မေ့ပျောက်ဖို့ ဆိုတာ ခက်ခဲပါတယ်။
လူဆိုတာကလည်း အတ္တ၊ မာန တွေနဲ့ တည်ဆောက် ထားတဲ့ သူတွေဆိုတော့ ကိုယ့်ကိုနည်းနည်းလေး စိတ်တိုအောင် ပြောမိလုပ်မိရင် သည်းညည်းခံတဲ့ လူတွေမှ မဟုတ်တာ။ အဲဒီတော့ ခက်နေတာပေါ့။ သူငယ်ချင်း တို့တွေလည်း ကျွန်မလိုမျိုး မဖြစ်အောင် ဆင်ခြင်ပြီးနေနော်။
ဒေါသထွက်တယ်ဆိုတာ မကောင်းပါဘူးလို့ သိပေမယ့် အမြဲတမ်း ဒေါသထွက်နေရင်တော့ မကောင်းဘူးပေါ့။ ထွက်သင့်တဲ့ အခါမှ ဒေါသထွက်ပါလို့ တိုက်တွန်းရင်း ကျွန်မလည်း ဒေါသတွေကို ခဏခဏ မထွက်မိအောင် ကြိုးစားပြီး နေထိုင်သွားမှာပါလို့ ပြောချင်ပါတယ်။
သက်

ဆက်လက်ဖတ်ရှုပါရန်...

Monday, December 1, 2008

စကားနှစ်ခွန်း

လွန်ခဲ့သည့် ရက်က ကျွန်တော် ကြည့်မိသော ကိုရီးယားဇာတ်လမ်း တစ်ခုတွင် အိမ်ထောင်ရေး အဆင်ပြေစေဖို့ “တောင်းပန်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ချစ်တယ်” ဆိုတဲ့ စကားသုံးခွန်းတည်းနှင့် အိမ်ထောင်ရေး အဆင်ပြေအောင် လုပ်လို့ရတယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော်လည်း ဒါကို စဉ်းစား ကြည့်မိတော့ မှန်သည်ဟု ထင်ပါသည်။ အိမ်ထောင်ရေးအတွက်တော့ မဟုတ်ပါ။ အခြားကိစ္စရပ်များတွင် “တောင်းပန်ပါတယ်၊ ကျေးဇူးတင်ပါတယ်” ဆိုသည့် စကားနှစ်ခွန်း ပြောရုံနှင့် ကိစ္စ အတော်များများ အဆင်ပြေသည်ဟု ကျွန်တော် ထင်မိပါသည်။ လောကမှာ လူတိုင်း (လူတော်တော် များများ)သည် ကိစ္စအားလုံးတွင် ကျေးဇူးတင်ဖို့နှင့် တောင်းပန် စကားပြောဖို့ အလွန် ၀န်လေးကြသည်။ ကျွန်တော် ဆိုရင်လည်း ကိစ္စတစ်ခု မှားသွားလို့ တောင်းပန်ရမှာကို ဘာကို ၀န်လေးမှန်းမသိ ၀န်လေး နေတတ်သည်။ သူများ ကူညီလို့ ကျေးဇူးတင်ရမှာကိုလည်း ဘယ်လိုမှန်းမသိ ၀န်လေးနေမိပြန်သည်။ ကိုယ်ကသာ သူများကို တောင်းပန်ရမှာ၊ ကျေးဇူးတင်ရမှာကို ၀န်လေးနေတတ်ပေမယ့် သူများက ကိုယ့်ကို တောင်းပန်ရမှာ၊ ကျေးဇူးတင်ရမှာ ၀န်လေး နေတတ်တာကို အပြစ်မြင်မိသည်။ လူတိုင်းဟာ အထူးသဖြင့် ကျေးဇူးတင်ရမှာထက် တောင်းပန်ရမှာကို ပိုပြီး ၀န်လေးတတ်ပါတယ်။ ကိုယ့်ထက် ငယ်တဲ့သူအပေါ်၊ ကိုယ့်ငယ်သားအပေါ်၊ ကိုယ့်ထက် နိမ့်ကျသူ (လူတစ်ချို့၏ သတ်မှတ်မှု)အပေါ် အမှားပြုလုပ်မိလို့ မှားမှန်းသိတဲ့အခါ တောင်းပန်ဖို့ ပိုပြီး ၀န်လေး နေတတ်ပါတယ်။ တစ်ချို့ဆိုရင် ကိုယ့် ငယ်သား ထောက်ပြတဲ့ ကိုယ့်အမှားကို မှားမှန်းသိပေမယ့် မှားတယ်လို့ ၀န်ခံလိုက်ရင် သိက္ခာကျမှာ စိုးတာနဲ့ ကိုယ်လုပ်တာ မှန်တယ်ဆိုပြီး မရမက တင်းခံထားတတ်ပါတယ်။ တော်ရုံ ကိစ္စမျိုးမှာ အရေးမကြီးပေမယ့် အားလုံး ဒုက္ခရောက်မယ့် ကိစ္စမျိုးမှာတော့ သူ့ရဲ့ တင်းခံထားမှုကြောင့် အဖွဲ့အစည်းဟာ ပျက်စီးသွား တတ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းမှာ တစ်ဦးကို တစ်ဦး လေးစားမှု အပြန်အလှန်ထားပြီး ကိုယ်က သူများအပေါ် အမှားလုပ်မိရင် တောင်းပန်လို့၊ ကိုယ်အပေါ် သူများက ကူညီပေးတဲ့အခါ အပြန်အလှန် ကျေးဇူးတင်လို့ နှစ်ခွန်းတည်းသော စကားလေးကို လက်ကိုင်ပြုရင်း သာယာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြပါစို့လို့ တိုက်တွန်းရင်း . . .

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

လောကကိုအကျိုးပြုတဲ့သူ

ကိုယ့်ကိုယ်ကို လေးစားအောင် နေရမယ်။ ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို လေးစားအောင် နေရမယ်။ ဘယ်သူ ဘယ်လိုထင်ထင် ဂရုမစိုက်ဘူး ဆိုပြီးတော့ နေချင်သလို နေလို့မရဘူး။ အများနဲ့ နေကြရတဲ့ လောကကြီးမှာ ကိုယ့်အတွက်ကော၊ အများအတွက်ပါ အမြဲတမ်း တွဲပြီးတော့ စဉ်းစားရမယ်။
ကိုယ့်ကိုယ်ကို လေးစားနိုင်တဲ့သူ၊ သူတစ်ပါးကိုလည်း လေးစားတဲ့သူ၊ သူတစ်ပါးရဲ့ လေးစားမှုကိုလည်း ထိုက်ထိုက်တန်တန် ခံရတဲ့ သူဟာ လောကကို အကျိုးပြုတဲ့သူ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုလည်း လေးစားမှု ရှိအောင် ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကလည်း ကိုယ့်ကို လေးစားလာအောင် လူတိုင်း ကြိုးစားပြီးနေရင် ဒီလောကကြီးဟာ ပျော်စရာကောင်းတဲ့ လောကကြီးဖြစ်မယ်။
နားလည်စေချင်တာကတော့ ဘ၀မှာ ဒီလို အခြေခံကျတဲ့ အချက်ကလေးတွေက အရေးအကြီးဆုံး ဆိုတာပဲ၊ အိမ်ရဲ့ အုတ်မြစ်လိုပဲ၊ သူမရှိရင် ကျန်တာ ဘာမှလုပ်လို့ မဖြစ်ဘူး။ ဘယ်လောက်ပဲ ပညာတတ်နေ တတ်နေ၊ စိတ်ထားမကောင်းဘူး၊ အကျင့်စာရိတ္တ မကောင်းဘူး၊ ခန္ဓာကိုယ် မသန့်ရှင်းဘူး၊ နေထိုင်တဲ့ ပတ်ဝန်းကျင်လည်း မသန့်ရှင်းဘူးဆိုရင် လူ့တန်ဖိုးလို့ ပြောလို့မရဘူး။
တချို့ပညာ သိပ်မတတ်ပါဘူး။ ဘာဘွဲ့မှ မရှိပါဘူး။ ဒါပေမယ့် စိတ်ထား ကောင်းတယ်၊ အကျင့်စာရိတ္တ ကောင်းတယ်။ နေတာ၊ ထိုင်တာ သပ်ရပ်တယ်၊ သန့်ရှင်းတယ်။ အဲဒီလို လူကို လေးစားပါတယ်။
လုံ့လ ၀ီရိယရှိဖို့ သိပ်အရေးကြီးတယ်။ ကိုယ် တကယ် တတ်နိုင်တာကို လုပ်နေရင်းနဲ့ ပိုကောင်းအောင် လုပ်သွားရမယ်။ ကိုယ့်ကိုယ်ကို ``ငါ လူပျင်း´´လို့ တွေးမိရင် ဘယ်လို ခံစားရမလဲ၊ ကိုယ့်ကိုယ်ကို လေးစားလို့ရမှာ မဟုတ်တော့ဘူး။ ပြီးတော့လည်း မရတော့ဘူးနော်။ ပတ်ဝန်းကျင်ကရော ``ဒီလူဟာ လူပျင်းပါကွာ´´လို့ ပြောလိုက်တဲ့အခါ အဲဒီလို အတွေးမျိုး တွေးတယ်ဆိုရင်ပဲ လေးစားမှု မရှိတော့လို့ တွေးတာပဲ။ ပျင်းတာဟာ လောကကြီးကို ဖျက်ဆီးတဲ့ အရာတစ်ခု ဖြစ်တယ်။
ကိုယ့်မှာ ခန္ဓာကိုယ် အင်အားတွေ ရှိတယ်။ စိတ်ဓာတ်အင်အားတွေ ရှိတယ်။ အသိဉာဏ် အင်အားတွေ ရှိတယ်။ အဲဒီ အင်အားတွေကို ကောင်းတဲ့နေရာမှာ အပြည့်အ၀ သုံးနေရမယ်။ သုံးနေရင် ထွက်နေမယ်။ မသုံးဘဲထားရင် ကြာရင် မထွက်တော့ ဘူး။ လုပ်နိုင်သလောက် အစွမ်းကုန်လုပ်မှ တကယ်ကျေနပ်မှု ရမယ်။ လုပ်နိုင်သလောက် မလုပ်ဘဲ လျှော့လုပ်ရင် ကြာရင် တဖြည်းဖြည်းနဲ့ လုပ်နိုင်တဲ့ စွမ်းရည်တွေ လျော့သွားမယ်။
ကောင်းတယ်၊ လုပ်သင့်တယ်၊ အကျိုးရှိတယ်လို့ သိထားရင် လုပ်နေမှ ဖြစ်မယ်၊ ကောင်းတယ်၊ အကျိုးရှိတယ်၊ လုပ်သင့်တယ်လို့ သိလျက်နဲ့ မလုပ်ရင် ကိုယ့်ကိုယ်ကို လေးစားမှု နည်းသွားမယ်၊ ပတ်ဝန်းကျင်ကလည်း သိပ်မလေးစားဘူး။
လုပ်သင့်တာတွေကို သိကြပါတယ်။ သိသလောက်ကို ဖြစ်အောင်လုပ်မယ် ဆိုရင်ပဲ တော်တော် တိုးတက်မှာပါ။ သိသလောက်ကို တောင် တကယ် မလုပ်ကြဘူး။ သက်သာအောင် နေကြတယ်။ အခု သက်သာအောင်နေရင် ရေရှည်မှာ မသက်သာဘူး။ အပျော် အပါးကို ဦးစားပေးပြီးတော့ ရေရှည်မှာ အကျိုးရှိမယ့် အလုပ်ကို မလုပ်တဲ့သူဟာ ရေရှည်မှာ မပျော်နိုင်တော့ဘူး။ ပူပင်သောက များမယ်။
သိတော့ သိတယ်။ ဘာဖြစ်လို့ မလုပ်တာလဲ၊ အဲဒါ စဉ်းစားဖို့ ကောင်းတယ်။ အရေးမကြီးဘူး ထင်လို့လား။ ကိုယ့်ကိုယ်ကို လေးစားမှုရှိအောင် နေဖို့ဟာ အရေးအကြီးဆုံး အလုပ်ဖြစ်တယ် ဆိုတာကို အားလုံးနားလည် သဘောပေါက်စေချင်ပါတယ်။ သူငယ်ချင်းများအားလုံးလည်း ကိုယ့်ကိုယ်ကို လေးစားအောင်နေနိုင်မယ်ဆိုရင် လောကကို အကျိုးပြုတဲ့သူတွေ ဖြစ်လာမှာပါလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
သက်

ဆက်လက်ဖတ်ရှုပါရန်...

Friday, November 28, 2008

သူတစ်ပါးကို ခုတုံးမလုပ်နှင့်

မိမိ၏ ဘ၀ကို အောင်မြင်အောင် တည်ဆောက်ရာ၌ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ခုတုံးသဖွယ် အသုံးမချသင့် မိမိ၏ ရည်ရွယ်ချက် ပန်းတိုင်သို့ ရှေးရှုလျှောက်လှမ်းရာ၌ မည်သူတစ်စုံ တစ်ယောက်ကိုမျှ တွန်းတွန်းထိုးထိုး မလုပ်သင့်။ တိုက်တိုက်ခိုက်ခိုက် မလုပ်သင့် ။ သူတစ်ပါးတို့၏ မျက်ရည်ပေါက်များစွာကို အရင်းအနှီးပြုလျက် မိမိ၏ ကြီးပွားချမ်းသာ မှုကို မရှာသင့်ကြောင်း၊ တစ်ခဏတာ ကြီးပွားချမ်းသာမှုပဲရရှိနိုင်မည်ဖြစ်ကြောင်း၊ ၀ဋ်ဆိုတာမျိုးက တန်ပြန်လည်တတ် ကြောင်းကို သူငယ်ချင်းများ သိအောင် စေတနာလေးနှင့် ရေးသားပေး လိုက်ပါတယ်။

ခိုင်ဇင်

ဆက်လက်ဖတ်ရှုပါရန်...

စိုးရိမ်ခြင်း၏ဒုက္ခ

ကျွန်မတို့ စိုးရိမ်ပူပန်မှုတွေ များလာသောအခါ ကျွန်မတို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ ဖြစ်လာပါတယ်။ ကျွန်မတို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေရင် စိုးရိမ်ပူပန်မှု ရှိလာမှာ မဟုတ်ပါဘူး။ ဘာကြောင့် ကျွန်မတို့ စိုးရိမ်မှု ဖြစ်ရတာလဲ။ တချို့ကတော့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန် နေတတ်ကြပါတယ်။ တချို့က စီးပွားရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုတွေ များပြီး စိတ်ဓာတ်ကျ နေကြပါတယ်။ တချို့က အိမ်တွင်းရေး ပြဿနာတွေနဲ့ သောက ရောက်နေကြပါတယ်။ တချို့က အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုသော ကံကြမ္မာကိုတွေးပြီး စိုးရိမ်ပူပန်ကြပါတယ်။ တချို့ကျတော့ လုပ်ငန်းခွင်မှာ မိမိတာဝန် ယူထားသည့် အလုပ်ကိစ္စများအတွက် စိုးရိမ်ပူပန်ကြပါတယ်။ ကျွန်မဆိုလျှင် စိုးရိမ်ပူပန်မှု အရမ်းများပါတယ်။ ကျွန်မ စိုးရိမ်ပူပန် လာပြီဆိုလျှင် မျက်နှာပျက်ပြီး လက်ဖျားခြေဖျားတွေ အေးတဲ့အထိ ဖြစ်လာပါတယ်။ ကျွန်မ စိုးရိမ်နေတဲ့နေ့ဆိုလျှင် ကျွန်မစိတ်တွေက မငြိမ်မသက်ဖြစ်ပြီး အရမ်းစိတ်လှုပ်ရှား လာပါတယ်။ အရမ်းငိုချင်လာသလို ၀မ်းနည်းမှု မျိုးများ ဖြစ်လာပါတယ်။ အဲဒီလို စိုးရိမ်မှုတွေ ဖြစ်လာရင် ကျွန်မတနေ့လုံး မပျော်ရွှင်တော့ပါဘူး။ အဲဒီလို စိုးရိမ်မှုဖြစ်ရတာ ကျွန်မကိုယ် ကျွန်မယုံကြည်မှု မရှိလို့ ဖြစ်ရတာပါ။ အဲဒါကို ကျွန်မ သိနေပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ စိုးရိမ်စိတ်ကို ကျွန်မ အခုအချိန်ထိ ဖျောက်ဖျက်လို့မရ ဖြစ်နေပါတယ်။
စိုးရိမ်ပူပန် နေရုံသက်သက်နဲ့ အခြေအနေတွေကို ပြောင်းလဲမပစ်နိုင်ပါဘူး။ စိုးရိမ်ပူပန်မှုဟာ ဘာကိုမှ မပြီးမြောက်စေပါဘူး။ စိုးရိမ်ပူပန်မှုဟာ အခုဖြစ်ပေါ်နေသော မိမိ၏ဒုက္ခကို မကယ်တင်နိုင်သလို မိမိဆီ ကျရောက်လာမည့် အန္တရာယ်ကို လည်း ကာကွယ်မပေးနိုင်ပါဘူး။ အလုပ်ခွင်မှာ စိုးရိမ်ပူပန်မှု များနေလျှင် မိမိလုပ်ဆောင်ရမည့် အလုပ်များ မပြီးမြောက် နိုင်ပါဘူး။ အိမ်တွင်းပြဿနာတွေ အပေါ်မှာ မိခင်တစ်ယောက် လုပ်သူသည် စိုးရိမ်ပူပန်မှု များနေလျှင် ဖြစ်ပေါ်နေသော ပြဿနာသည် ပို၍ကြီးထွား လာရုံသာ ရှိပါမည်။ တကယ်တော့ စိုးရိမ်မှုဟာ မနက်ဖြန်ဆိုတဲ့ အနာဂတ်ကို ကြောက်ရွံ့နေ သောကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ဒါပေမယ့် မနက်ဖြန်ကို ကျွန်မတို့ မမြင်နိုင်သလို၊ ကြိုတင်ပြီးလည်း ဘယ်သူမှ မသိနိုင်ပါဘူး။ စိုးရိမ်ပူပန်မှုဟာ မနက်ဖြန်ရဲ့ သောကကို ဖယ်ရှားရှင်းလင်း မပေးနိုင်သည့်အပြင် ဒီကနေ့တွင် ဖြစ်ပေါ်နေသော မိမိ၏ ပျော်ရွှင်မှုများကိုပါ အမှန်တကယ် ပျောက်ကွယ်သွားစေနိုင်ပါသည်။ ကျွန်မလည်း စိုးရိမ်ပူပန် မှုများ မဖြစ်ပေါ်စေရန် ကြိုးစားပါတော့မယ်။ သူငယ်ချင်းတို့လည်း ကျွန်မလိုစိုးရိမ်ပူပန်မှုများ မဖြစ်ရအောင် ရေးသား တင်ပြလိုက်ခြင်း ဖြစ်ပါသည်။ စိုးရိမ်မှုဟာ ယုံကြည်မှုနဲ့ ဆိုင်ပါတယ်။ သူငယ်ချင်းတို့လည်း မိမိကိုယ်မိမိ ယုံကြည်မှု ရှိသော သူများဖြစ်ကြပါစေလို့ ဆုတောင်းရင်း ဒီစာလေးကို ကျွန်မ နိဂုံးချုပ်လိုက်ပါတယ်။ စိုးရိမ်မှုဟာ လူတိုင်းရဲ့ မနက်ဖြန်ကို လှပမှုမဖြစ်စေပါဘူး။
ယု

ဆက်လက်ဖတ်ရှုပါရန်...

အဆွေမွန်ကောင်းလိုချင်ရင်

ကိုယ့်စိတ်ကို ကိုယ်သိမှပဲ သူတစ်ပါးကို မထိခိုက်အောင် မနစ်နာအောင် သတိနဲ့ ထိန်းသိမ်းပြီး နေလို့ရမှာနော်။ သာမန် အားဖြင့် ကိုယ့်စိတ်ကို မသိကြတော့ ကိုယ့်မှာလည်း စိတ်ထဲမှာ စိတ်ညစ်စရာ၊ စိုးရိမ်စရာ၊ သောကဖြစ်စရာတွေက များနေတော့ ချစ်တယ်လို့ ဆိုသော်လည်း ကိုယ့်အနားမှာ ရှိနေတဲ့ သူတွေကို လွှတ်ခနဲ လွှတ်ခနဲ ပြောမိတယ်။ ပြောမိတော့ တစ်ဖက်က စိတ်ဆင်းရဲရပြီ၊ သူက ပြောလိုက် ကိုယ်က ပြောလိုက်နဲ့ စိတ်ဆင်းရဲစရာတွေက နေ့တိုင်းလိုလိုပဲ တွေ့ရတာပဲ။
အဲဒီလိုပဲ တစ်ယောက်ကို တစ်ယောက် စိတ်ဆင်းရဲအောင် လုပ်နေတဲ့လူချင်းပဲ အဖော်လုပ်ပြီး နေကြတာပါပဲ။ ကိုယ့်စိတ် ကိုယ်တောင်မှ စိတ်ချမ်းသာအောင် မထားနိုင်သေးဘူးဆိုရင် သူတစ်ပါးကို စိတ်ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး။ ဒါကိုလည်း သေသေချာချာ နားလည် သဘောပေါက်စေချင်တယ်။
သူ့ကို ငါသိပ်ချစ်တယ်၊ သူ့ကို ငါ သိပ်သနားတယ်၊ သူ့ကို ငါ စိတ်ချမ်းသာအောင် ထားချင်တယ်လို့ ဘယ်လိုပင် ပြောသော်လည်းပဲ ကိုယ့်ဟာကိုယ်မှ စိတ်ချမ်းသာအောင် မနေနိုင်ရင် ကိုယ့်စိတ် မကြည်တဲ့အခါမှာ အပြစ်ရှာပြီး ပြောတော့တာပဲနော်။ ကိုယ့်မှာ အားငယ်နေတယ်။ ကြောက်နေတယ်ဆိုရင် အဲဒါလေးကို ကာကွယ်တဲ့အနေနဲ့ သူတစ်ပါးကို အပြစ်ဖို့ချင်တယ်။ သေသေချာချာ ပြန်ကြည့်မယ်ဆိုရင် အနီးမှာနေတဲ့ လူတွေကို အဲဒါမျိုး ပြောမိတာ အများဆုံးပဲ။
အားငယ်စိတ်၊ ကြောက်စိတ်၊ ဒေါသဖြစ်တဲ့စိတ်နဲ့ တစ်ဦးကိုတစ်ဦး ထိခိုက်အောင်၊ နစ်နာအောင် ပြောနေ ဆိုနေကြတာပဲ။ ငါ့ကို အထင်မကြီးဘူး၊ ငါ့ကို မလေးစားဘူး။ အဲဒီလို အတွေးတွေက ဖြစ်နေတာနော်။ မိသားစု အချင်းချင်းတောင် သူတို့က ငါ့ကို ဘယ်လို ထင်နေတယ် စသဖြင့် တွေးတတ်တယ်။ အားရှိတဲ့လူဟာ ဘယ်သူ့ကိုမှ မနိုင်ချင်ဘူး။ သူ အနိုင်အရှုံးကို မလိုချင်ဘူး။ ကိုယ့်စိတ်ထဲမှာ အားငယ်နေပြီ ဆိုရင်တော့ နိုင်ရမယ့်လူ ရှာတော့တာပဲ။
ကိုယ့်အားငယ်စိတ်ကို ကိုယ့်ဟာကိုယ် ပြန်ကြည့်မယ်ဆိုရင် ``အော် ငါ့စိတ်ထဲမှာ နဲနဲ အားငယ်နေတာကိုး´´ လို့ သိနေရင်ကိုပဲ ဒီ စိတ်ကလေးဟာ နဲနဲ သက်သာသွားတယ်။ သိနေတဲ့အတွက် သူ့ရဲ့ လွှမ်းမိုးမှုကို မခံရတော့ဘူး။ မခံရတော့ သူတစ်ပါးကို အနိုင်ယူဖို့ မကြိုးစားတော့ဘူး။ အဲဒီ အားငယ်စိတ်ကို ပိုပြီးတော့ မြင်လာတဲ့အခါမှာ ဒီအားငယ်စိတ်ဟာ ပျောက်သွားနိုင်တယ်။ သူများ ကိုယ့်ထက် ဘယ်လောက်သာနေနေ ကိစ္စမရှိဘူး။ သူတို့က ငါ့ထက် သာသွားလို့ဆိုပြီး အားမငယ်ဘူး။
တစ်ယောက်ကို တစ်ယောက် အပြစ်မရှာပဲ၊ ကိုယ့်စိတ်ကိုကိုယ် ချမ်းသာအောင် ထားတတ်တဲ့ လူနှစ်ယောက် ဆက်ဆံရင် ဘယ်လောက် ကောင်းမလဲ၊ ဒါကြောင့် အဲသလိုမှ မဖြစ်သေးဘူး ဆိုရင်တော့ လက်ရှိရှိနေတဲ့ ဆက်ဆံရေးဟာ စိတ်ကျေနပ်မှု၊ စိတ်အေးချမ်းမှု မရနိုင်သေးဘူး။ နဲနဲတော့ အဖော်ရတာပေါ့။ တစ်ယောက်တည်း ဖြစ်မနေဘူး။ ကိုယ့်အတွက် စားဝတ်နေရေး အတွက် အထောက်အပံ့ပေးမယ်၊ တကယ့် အဖော်ကောင်းတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တကယ့် အဆွေမွန်ကောင်းကို လိုချင်ရင် ပထမဆုံး ကိုယ့်ကိုယ်ကို အဆွေမွန်ကောင်း ဖြစ်အောင် လုပ်ပြီး နေနိုင်ဖို့လိုတယ်။
သက်

ဆက်လက်ဖတ်ရှုပါရန်...

Thursday, November 27, 2008

ဟန်ချက်ကို ရှာဖွေခြင်း

`` ဆောင်းရာသီရဲ့ ပြင်းထန်မှု ကြားကပဲ ကျွန်မ နောက်ဆုံး သိရှိလာတာက ကျွန်မရဲ့ အတွင်းစိတ်မှာ မဖြိုဖျက်နိုင်တဲ့ နွေရာသီ တည်ရှိနေတယ် ဆိုတာပါပဲ´´
ကျွန်မ အသက်အနည်းငယ် ကြီးလာတာနဲ့အမျှ စိတ်ရဲ့ လမ်းကြောင်းကို ပိုပြီးသိရှိ လာပါတယ်။ ကျွန်မတို့ရဲ့ ဘ၀ အဓိပ္ပာယ်တွေ၊ တန်ဖိုးတွေက တဆင့် ရှုမြင်လို့ရတဲ့ ဘ၀က ၀ိရောဓိတွေ၊ ရှုပ်ထွေးမှုတွေ၊ တစ်ဖက်ပိတ် လမ်းဆုံးတွေ၊ ရှုမြင်ရတာ ဆိုးရွားလှတဲ့ အမှောင်ရိပ်တွေနဲ့ ပတ်သက်နေ ရမှာပါပဲ။ ဒီလို အဖြစ်တွေကို ရှောင်ကွင်းပြီးသွားဖို့ ကြိုးစားတဲ့ ဘယ်လမ်းမှာမဆို ပြဿနာ အခက်အခဲတွေနဲ့ ကြုံကြရမှာပါပဲ။
ကြိုးစားကြည့်ပေမယ့်လည်း ဘ၀ကို သိပ်လှပပြီး ပျော်ရွှင်စဖွယ် ကောင်းသလို လှည့်စားပြီး နေကြည့်မယ်ဆိုရင် ဘ၀ဟာ မလိုအပ်တဲ့ စိတ်ပျက်စရာတွေ ဒါမှမဟုတ် အကျိုးထိရောက်မှု မရှိတာတွေ၊ အပေါ်ယံ အကာတွေနဲ့ ကံဆိုးမိုးမှောင် ကျသွား နိုင်ပါတယ်။
နွေရာသီမှာလည်း ဆောင်းရာသီရဲ့ သန္ဓေလေးက အမြဲရှိပါတယ်။ သင်ဟာ အောက်ကို ကျရောက်နေရင် အပေါ်ကိုလည်း တစ်လှည့်ရောက်ပါ လိမ့်ဦးမယ်။ အောင်မြင်မှုရဲ့ ပျော်ရွင်စရာ လေးတွေထဲမှာ ဆုံးရှုံးမှုရဲ့ မျိုးစေ့ကလေးတွေ ရှိနေပါတယ်။ စိတ်မချမ်းမြေ့ဖွယ် သောကတွေ ဖြစ်နေတဲ့အချိန်မှာ စွမ်းအင်သစ်နဲ့ ဘ၀ရဲ့ အလင်းရောင်လေးက လင်းလက်နေပါတယ်။ အလင်းနဲ့အမှောင်၊ ပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်း၊ သာယာမှုနဲ့ နာကျင်မှု၊ သေခြင်းနှင့် ရှင်ခြင်းတို့ အမြဲဒွန်တွဲပြီး ရှိနေမြဲပါပဲ။
ဘ၀ကို ထွေးပွေ့ကြိုဆိုဖို့က ပန်းတိုင်အဖြစ် သူ့ဘာသာသူ တည်ရှိနေတာ မဟုတ်ပါလား။ ဒီလို ကြိုဆိုနိုင်ဖို့ တိတ်ဆိတ် ငြိမ်သက်တဲ့ အချိန် လိုအပ်ပါတယ်။ ကျွန်တော်တို့ကို နှောင့်ယှက်ဖျက်ဆီးမယ့် အချိန်ကို ပယ်ရှားရပါမယ်။ ပစ္စုပ္ပန် အချိန်မှာ အာရုံစူးစိုက်မှု ရှိရပါမယ်။ ဒါမှသာ စိတ်မသက်မသာ ဖြစ်ရပြီး ပျော်ရွှင်မှု မပေးနိုင်တာ မှန်သမျှကို ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ သင့်ရဲ့ ဆောင်းရာသီထဲမှာ နွေရာသီကို ရှာဖွေပါ။ ပြီးတော့ နွေရာသီထဲမှာလည်း ဆောင်းရာသီကို ရှာဖွေကြည့် ကြပါ။ ဒါဆိုရင်တော့ သင်တို့တွေရဲ့ ဟန်ချက်ကို တွေ့ရှိမှာဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။
သက်

ဆက်လက်ဖတ်ရှုပါရန်...

Tuesday, November 18, 2008

အဆောင်သူများရည်စားထားတော့

´´မောင့်အမေက ငါနဲ့မောင့်ကို သေဘာမတူနိုင်ဘူးတဲ့ဟာ``
မျက်စိမျက်နှာတွေ ပျက်ပြီး အခန်းထဲဝင်လာတဲ့ သူငယ်ချင်းဆီက တီးတိုးထွက်ပေါ်လာတဲ့ စကားသံပါ။
ဘာဖြစ်လို့လဲ ငယ် ကျွန်မ ထပ်ပြီးစပ်စုလိုက်တယ်။ ဒါပေမယ့် ငယ့်ဆီက နောက်ထပ် အသံထပ် ထွက်မလားတော့ဘူး။
ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေ ကျွန်မခေါင်းထဲကို တသီတတန်းကြီး ၀င်လာတယ်။ ငယ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကိုလည်း တွေးကြည့်နေမိတယ်။ ငယ်ရဲ့ ရုပ်ရည်ဟာ မဆိုးတဲ့အထဲမှာ ပါပါတယ်။ ပညာအရည်အချင်း ဆိုရင်လည်း သာမန်ထက်မြင့်တဲ့ အနေအထား တစ်ရပ်မှာရှိသူပါ။ မိဘ အသိုင်းအ၀ိုင်းကလည်း ပညာတတ် အသိုင်းအ၀ိုင်းပါ။ ပိုက်ဆံကတော့ မရှိမရှားပေါ့။ သူရဲ့အလုပ်က တောရုံ မိန်းကလေး တစ်ယောက် မရနိုင်တဲ့ လခမျိုးနဲ့ အလုပ်၊ ဂုဏ်သိက္ခာလည်းရှိတဲ့အလုပ်ပါ။ ဒါဆို သူချစ်သူရဲ့ မိခင်က ဘယ်အချက်ကို သဘောမကျလို့ ငြင်းရတာလဲ။
ငါက အဆောင်သူမို့လို့တဲ့ ကျွန်မသိချင်တာကို ငယ်ဖြေပေးပြီး တရှုတ်ရှုတ်ငိုနေပါတယ်။ ကျွန်မလည်း ဘာဆက်ပြောရမှန်း မသိတော့ အောင်ကို နှုတ်ဆိတ်ငြိမ်သက် သွားမိတယ်။
မိန်းခလေး တစ်ယောက် အဆောင်သူ ဖြစ်နေခြင်းဟာ သားရှင်အတွက် ကိုယ့်သားနဲ့ သဘောမတူဖို့ လုံလောက်တဲ့ အကြောင်းပြချက် တစ်ခုပါလား။

ဟုတ်ပါတယ်။ ကျွန်မသူငယ်ချင်းက နယ်ကနေ လာအလုပ်လုပ်နေတဲ့ ၀န်ထမ်းပါ။ ဆွေးမျိုးမရှိတဲ့နေရာမှာ အဆောင်နေရင်းနဲ့ ဘ၀ကို ရပ်တည်နေတာ အမှားတစ်ခု ကျူးလွန်မိတာပါလား။ ကျွန်မလည်း ရပ်ဝေးကနေ အဆောင်လာနေတဲ့ သူတစ်ယောက်ပါ။ အခုလို တိုးတကနေတဲ့ခေတ်ကြီးမှာ ကိုယ့်ဘ၀ တက်လမ်းအတွက် အလားအလာအများကြီးရှိနိုင်တဲ့ မြို့ကြီးမှာ ရိုးရိုးသားသား အလုပ်လာလုပ်တဲ့ မိန်းကလေးတွေဟာ ပျက်စီးနေကြပါတယ်လို့ ဘာကြောင့်များ ယူဆနေကြတာပါလဲ။ တကယ်တမ်း ပြောကြစတမ်းဆိုရင် မိသားစုမရှိဘဲ ကိုယ့်ဘ၀ကိုယ် ရပ်တည်၊ ကိုယ့်ဘ၀ကိုယ် ရပ်တည်၊ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ကြုံလာသမျှ အခက်အခဲ၊ ဖြစ်လာသမျှ ပြဿနာတွေကို ရဲရဲရင်ဆိုင် ဖြေရှင်းနေရတဲ့ ကျွန်မတို့အဆောင် သူတွေဘ၀နဲ့ မိဘအရိပ်မှာခို၊ မိဘပေးတဲ့ မုန့်ဖိုးလေးကို အလိုက်သင့်သုံး၊ အမေချက်ထားတာကို အရန်သင့် ထိုင်စားလို့ရတဲ့ အိမ်မှာ နေသူတွေရဲ့ ဘ၀၊ ဘယ်ဘ၀က ပိုခက်ခဲ ကြမ်းတမ်း တယ်ဆိုတာ အသိသာကြီးပါ။
ဘယ်လောက်ပဲ ဆင်းရဲတဲ့ လူဖြစ်ပါစေ၊ မိသားစုနဲ့ အတူတူ နေရတယ်ဆိုတဲ့ တစ်ချက်တည်းက ကျွန်မတို့ထက် အဆများစွာ သာနေပါပြီ။ စိတ်ညစ်စရာကြုံလာရင် နှစ်သိမ့်ပေးမယ့်လူ၊ ဘယ်လိုကိစ္စမျိုး အတွက်မဆို အကြံဥာဏ် ကောင်းတွေ ပေးနိုင်မယ့်လူ၊ မတော်လို့ ပြဿနာတွေပေါ်ပေါက်လာရင်တောင် ကိုယ့်ရှေ့ကနေ မားမားမတ်မတ် ရင်ဆိုင်ဖြေရှင်းပေးမယ့် အဖေ အမေနဲ့ ညီအစ်ကိုမောင်နှမတွေ၊ ကျွန်မတို့ရဲ့ အနားမှာ သူတို့တွေရှိမနေပါဘူး။ အမှန်အတိုင်း ၀န်ခံရမယ်ဆိုရင် စိတ်ဓာတ် ဘယ်လောက်မာတယ်ပဲ ပြောပြော အရာရာကို တစ်ယောက်တည်း ရင်ဆိုင်ရတဲ့ဘ၀မှာ ကျွန်မတို့လည်း အားငယ်စိတ် ဖြစ်မိပါတယ်။ တကယ်လို့ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာခဲ့ရင်တောင် ရပ်ဝေးမှာရှိနေတဲ့ မိဘတွေ စိတ်ဆင်းရဲမှာစိုးလို့ ရင်ဖွင့်ပြောပြတာမျိုး မလုပ်ကြဘဲ အတက်နိုင်ဆုံး မျိုသိပ်ထား တတ်ကြပါတယ်။
သူငယ်ချင်း၊ အပေါင်းအသင်း ဆိုတာကလည်း ကျောင်းသူဘ၀ကလောက် မများပြားတော့တာအမှန်ပါ။ တစ်နေကုန် အလုပ်သွား၊ ညနေစောင်းမှာ အဆောင်ပြန်ရောက်၊ လုပ်စရားရှိတာလေးတွေ လုပ်ပြီး သမ္ဗုဒ္ဓေမှ မဆုံးခင် အိပ်ပျော်သွား ကြရတဲ့ ကျွန်မတို့တစ်တွေမှာ မိတ်ဆွေဖွဲ့ဖို့ အချိန်ဆိုတာ အရှားသားလား။ ဒါဆို ရုံးကလုပ်ဖော်ကိုင်ဖက်တွေ ကရောလို့ မေးလိမ့်မယ်။ သူများတွေတော့မသိပါဘူး။ ကျွန်မရုံးမှာတော့ ကျွန်မတစ်ယောက်တည်းနယ်ကပါ။
ထမင်းဆိုရင်လည်း ကိုယ်ဝယ်မှ၊ ကိုယ်ချက်မှ ကိုယ်စားရတာပါ။ အ၀တ်ဆိုလည်း ကိုယ်တိုင်လျှော်ဖွပ်၊ အဆိုးဆုံးကတော့ နေမကောင်းရင်တောင် ဂရုတစိုက်နဲ့ ဆေးခန်းလိုက်ပို့ ပေးမယ်သူမရှိတာပါပဲ။ အိမ်မှာ မိသားစုနဲ့ နေသူတွေကတော့ သူတို့ဘ၀က အချုပ်အချယ်ခံဘ၀၊ ကျွန်မတို့က အရာရာ ကိုယ့်ခြေကိုယ့်လက်နဲ့မို့လို့ ကျွန်မတို့ဘ၀ကို သဘောကျကောင်း ကျကြပါလိမ့်မယ်။ ဒါပေမယ့် လူ့အလို နတ်မလိုက် နိုင်တာလို့ပဲ ပြောရမလား။ ကျွန်မတို့ အဆောင်သူတွေကတော့ အချုပ်ချယ်ခံ ဘ၀ကို ပိုတောင့်တပါတယ်။ မိသားစုနဲ့ဝေး၊ သူငယ်ချင်း နထ္ထိဆိုတဲ့ဘ၀မှာ ကျွန်မသူငယ်ချင်း ငယ်အနေနဲ့ တစ်စုံတစ်ယောက်ကို ခင်တွယ်မိတာကို လည်း အမှားလို့မဆိုသာပါဘူး။ စာနာတတ်မယ်ဆိုရင် ကျွန်မတို့ရဲ့ ဘ၀ကို နည်းလည်ပြီး ဖေးဖေးမမနဲ့ ထိန်းပေးရင် အရမ်းကို ကျေးဇူးတင်မိမှာပါ။ အခုတော့ အဆောင်သူဆိုတဲ့ အချက်ကို အားနည်းချက်အဖြစ် ထောက်ပြတာကတော့ ရေနစ်သူ ၀ါးကူးလို့ ထိုးနေသလိုပါပဲ။
တစ်ချို့တွေကလည်း ဆိုပါတယ်။ အဆောင်သူတစ်ချို့ဟာ နယ်ကလာတုန်းက ရိုးသားအေးဆေးကြပေမယ့် မိဘနဲ့ အဝေးမှာ အနေကြာလာတော့ ၀တ်တာစားတာကအစ ပျက်စီးလာကြတာကို ကိုယ်တွေ့ပါပဲတဲ့။ ဟုတ်မှာပါ။ မိဘနဲ့အဝေးမှာ လွတ်ပြီ ကျွတ်ပြီဆိုပြီး နေချင်သလို နေကြတဲ့ လူတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်မြင်ဖူးတဲ့ အဆောင်သူ ပျက်စီးတာကို တွေ့ပြီး အလုံးစုံသော အဆောင်သူတွေ ပျက်စီးနေကြပါပြီလို့ လှေနံစားထစ် မသတ်မှတ် စေချင်ပါဘူး။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရတဲ့ အဖြစ်မျိုး ကျွန်မတို့ မခံစားနိုင်ကြပါဘူး။
ကျွန်မရဲ့မေမေ တစ်ခါကပြောဖူးပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်ရင် သံကွန်ချာ ခုနှစ်ထပ်ကာထားတောင် မလုံခြုံနိုင်ဘူးတဲ့၊ မေမေ့ရဲစကားကို ကျွန်မ သဘောကျမိပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ကိုယ်တိုင်က အနေအထိုင် မဆင်ခြင်ရင် အဆာင်သူဖြစ်စေ၊ မိသားစုနဲ့အတူနေသူဖြစ်စေ ပျက်စီးမှာပါပဲ။ အဆောင်သူမို့လို့ မရမ်းပတာ ဖြစ်နေတယ်လို့ မဆိုနိုင်သလို မိဘအုပ်ထိန်းမှု အောက်မှာရှိတဲ့ မိန်းခလေးတိုင်းဟာလည် ဗိုင်းကောက် ကျောက်ဖိ ဖြစ်မနေနိုင်ပါဘူး။ အဓိက အချက်ကတော့ မိမိကိုယ်ကို ထိန်းသိမ်းပဲ့ပြင်နိုင်ဖို့ပါပဲ။ ကျွန်မအခုလို ပြောပြနေတာတွေဟာ ကျွန်မသူငယ်ချင်း ငယ် တစ်ယောက်တည်း အတွက်မဟုတ်ပါဘူး။ ကိုယ့်ဘ၀ မြင့်တက်ဖို့ ရပ်ဝေးကနေ လာရောက်နေထိုင်ကြရတဲ့ ကျောင်းသူ၊ ၀န်ထမ်းအဆောင်သူအားလုံးအတွက်ပါ။ ကျွန်မတို့ လိုအပ်နေတာက မေတ္တာ၊ ကရုဏာ၊ ဖေးမကူညီမှု၊ စေတနာထား ဆိုဆုံးမမှုတွေပါ။ လှေနံဓားထစ် စွပ်စွဲချက်တွေ၊ ရှေးရိုးဆန်တဲ့ အယူအဆတွေမဟုတ်ပါဘူး။ မိဘနဲ့ အဝေးမှာ နေရတဲ့ ကျွန်မတို့တွေဟာ မိဘမဲ့တွေနီးပါး မေတ္တာငတ်မွတ်နေပါလို့ ပြောချင်ပါတယ်။
၁၄-၁၁ ၂၀၀၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ကြေးမုံဝင်းရေးသားထားသော ဆောင်းပါးမှ ကောက်နုတ်ချက်ဖြစ်ပါသည်

ဆက်လက်ဖတ်ရှုပါရန်...

လောက၌ တန်ဖိုးအရှိဆုံးအရာ

လောကမှာ တန်ဖိုးအရှိဆုံး အရာဆိုတာ ဘာလဲ…? အဖိုးတန် ရတနာပစ္စည်းတွေလို့ မထင်လိုက်ပါနဲ့။ သူဟာ လူတိုင်းနဲ့ အတူရှိနေပါတယ်။ သွားအတူတူ လာအတူတူ ဒွန်တွဲနေပါတယ်။
ကျွန်မအပါအ၀င် လူသားအားလုံး အချိန်ကို ဖြုန်းခဲ့ဖူးကြမှာပါ။ နည်းနည်းဖြုန်းခဲ့ဖူးသူနဲ့ များများဖြုန်းခဲ့ဖူးသူဘဲ ကွာပါမယ်။ အချိန်ကို အသုံးပြုတတ်သူတွေကတော့ အချိန်ကို အရင်းအနှီးတစ်ခု ပြုလုပ်ပြီး တရားရှာသူ၊ ပညာရှာသူ၊ ငွေကြေးရှာတတ်သူတွေ ရှိကြပါတယ်။ သူတို့ဟာ အချိန်ကို တန်ဖိုးထားကြတဲ့သူတွေပေါ့။ စက္ကန့်တွေ၊ မိနစ်တွေ၊ နာရီတွေ၊ ရက်တွေ၊ လတွေ၊ နှစ်တွေကို မိမိက အသုံးမချလိုက်ရင် အဲဒီအချိန်တွေက မိမိကို ၀ါးမြိုသွားပါလိမ့်မယ်။

ဒီနေ့ကုန်သွားရင် နောက်တစ်ရက်၊ ဒီလကုန်သွားရင် နောက်တစ်လ၊ ဒီနှစ်ကုန်သွားရင် နောက်တစ်နှစ်ကူး သွားပြီးဆိုတာ အချိန် အတိုင်းအတာတွေရဲ့ သင်္ကေတတွေပါ။ ကျွန်မတို့ကို အမြဲ သတိပေးနေတာနဲ့ အတူတူပါဘဲ။ ကျွန်မတို့ ကုန်ဆုံးသွားတဲ့ အချိန်တွေမှာ အကျိုးရှိတဲ့အလုပ် ဘာတွေလုပ်ခဲ့ကြသလဲလို့ မိမိကိုယ်ကို မေးခွန်းတွေ ထုတ်မေးကြည့်ကြပါ။ ကျွန်မလည်း ကိုယ့်ကိုယ်ကို မေးမိပါတယ်။ အဖြေက ထွက်မလာဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကိုယ်တိုင် အချိန်ဖြုန်းတဲ့ စာရင်းထဲမှာ ပါဝင်နေလို့ပါ။
`အချိန်´ဆိုတာ တန်ဖိုးဖြတ်လို့ မရပါဘူး။ ငွေကြေးတွေ ပျောက်ဆုံးသွားတာ၊ အခြားပစ္စည်းတွေ ဆုံးရှုံးသွား တာတွေကို ပြန်ရှာနိုင်၊ ၀ယ်နိုင်ပေမယ့် အကျိုးရှိတဲ့ အချိန်တွေကို ဖြုန်းခဲ့တာကိုတော့ ပြန်ပြီးအစားထိုးလို့ မရတော့ပါဘူး။ အကျိုးရှိတဲ့ အချိန်တွေကို ဖြုန်းခဲ့တဲ့ နောင်တပဲ ရပါလိမ့်မယ်။ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိစေမယ့် အလုပ်ကလေးတွေရွေးပြီး ၀ီရိယနဲ့ လေ့ကျင့်သွားရင် ရပါတယ်။ မိမိလုပ်နေတဲ့ အလုပ်ကို အစီအစဉ်လေးဆွဲပြီး အာရုံစိုက်မှုနဲ့ စနစ်တကျ ကြိုးစားအားထုတ်မှုရှိရင် မိမိလုပ်နေတဲ့ အလုပ်ထဲမှာ စိတ်ဝင်စားပြီး အချိန်ကို အကျိုးရှိအောင် အသုံးချတတ်သူဖြစ်လာမှာပါ။ အဲဒီလို အလေ့အကျင့် တွေရလာရင် မိမိလုပ်ခဲ့တဲ့ အလုပ်တွေကို ပြန်ပြီး မြင်လာပါမယ်။
လွန်ခဲ့တဲ့ တစ်ရက်က အချိန်ကို ဘယ်လိုအသုံးပြုခဲ့တယ်ဆိုတာကို ပြန်ကြည့်ရမယ်။ ရည်ရွယ်ချက်မရှိ၊ ရည်မှန်းချက် မရှိဘဲ အချိန်တွေ အလဟဿဖြစ်ကုန်တာ အင်မတန် နှမြောဖို့ကောင်းပါတယ်။ မိမိကိုယ်မှာ သတိလေး အမြဲကပ်ပြီး အကျိုးရှိတဲ့ အလုပ်တွေလုပ်ဖို့ အကျင့်ဖြစ်သွားရင် အများကြီး အကျိုးရှိပါတယ်။ ဒီနေ့ပြုလုပ်ရမည့် အလုပ်တွေကို မလုပ်သေးဘဲ အချိန်ဆွဲတဲ့ အလေ့အထတွေကြောင့် မအောင်မြင်၊ မချမ်းသာသူတွေ များစွာရှိပါတယ်။
အချိန်လွန်မှ အလုပ်လုပ်ရင် စိတ်ပင်ပန်း ဆင်းရဲမှုများနဲ့ ကြုံတွေ့တတ်ပါတယ်။ ကျွန်မတို့အားလုံး သူ့အချိန်နှင့် အလုပ်ကို ပြီးပြတ်စွာလုပ်မှ စိတ်ချမ်းသားမှု အမှန်တစ်ကယ် ရရှိမှာပါ။ မိမိကအချိန်ကို မလေးစားရင် အချိန်က မိမိကို ပြန်ဒဏ်ခတ်ပါလိမ့်မည်။
အချိန်ဆိုတာ ပညာရှိတွေအတွက်တော့ အဖိုးတန်တဲ့ အရာပါပဲ။ အချိန်ကသစ္စာလည်းရှိတယ်။ ကတိလည်း တည်တယ်။ အချိန်ကို အရင်းအနှီးလုပ်ကြည့်ပါ။ အချိန်နည်းနည်းလုပ်ရင် နည်းနည်းအကျိုးရှိပြီး အချိန်များ များအလုပ်လုပ်ရင် များများအကျိုးရှိပါတယ်။ အချိန်နှင့်ဒီရေသည် လူကိုမစောင့်ပါဘူး။ လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသောသူများမှ မဟုတ်ပါဘူး အိမ်မှုကိစ္စများကို နေ့ဒဓူဝပြုလုပ်နေရသည့် အိမ်ရှင်မများသည် လည်း ကိုယ်ဒီနေ့ပြုလုပ်ရမည့် အိမ်မှုကိစ္စများကို အချိန်ဆွဲထားလျှင် မိမိသာ ပင်ပန်းပေလိမ့်မည်။ နည်းနည်းရှိ တဲ့အလုပ်ကို အချိန်မဖြုန်းဘဲ အကျိုးရှိစွာ အသုံးချကြည့်ပါ။ သူငယ်ချင်းတို့အားလုံး လောက၌တန်ဖိုးအရှိဆုံး အရာဘာလဲဆိုတာ သိပါလိမ့်မယ်။ ကျွန်မလည်း စာအုပ်တစ်အုပ်မှ တန်ဖိုးရှိတဲ့ အချိန်အကြောင်းကို ကျွန်မဖတ်ခဲ့ရသည့်အတွက် အချိန်ကိုလေးစားတန်ဖိုးထားတတ်လာသလို သူငယ်ချင်းတို့အားလုံးလည်း ကျွန်မနှင့်ထပ်တူ အချိန်ကိုလေစားတန်ဖိုးထားတတ်စေရန် ထိုစာအုပ်မှ အချို့တစ်ဝက်ကို ကောက်နုတ်၍ ကိုးကားဖော်ပြလိုက်ပါသည်။
ယု

ဆက်လက်ဖတ်ရှုပါရန်...

Friday, November 14, 2008

သက်ကြီးစကား သက်ငယ်မကြား

ဟိုတုန်းကတော့ သက်ကြီးစကား သက်ငယ်ကြားတဲ့ အခု ၂၀ ရာစု I.T ခေတ်ကြီးထဲရောက်လာတော့ အဲသည် ဆိုရိုးစကားက ပြောင်းသွားပြီ။ သက်ကြီးစကား သက်ငယ်မကြား ဖြစ်သွားပြီ။

အိမ်မှာကိုယ့်ထက် အသက်ကြီးသူတွေရှိတယ်။ အဖေ၊အမေဖြစ်မယ်။ အစ်ကို၊အစ်မဖြစ်မယ်။ ဦးကြီး၊ဦးလေး။ ဒေါ်ကြီး၊ဒေါ်လေး….။ တစ်ဝမ်းကွဲညီအကို မောင်နှမ….။ နောက်ပြီး ဆွေမျိုးနီးစပ် ရပ်ဆွေရပ်မျိုး…. အသက်ကြီး တွေရှိတယ်။ အိမ်ကအရောင်းအ၀ယ် ရှိတဲ့အိမ်။ လုပ်ငန်းကိုင်ငန်းရှိတဲ့ အိမ်ဆိုပြန်ရင်လဲ။ ဆက်စပ်နေတဲ့ လူတွေ ၀င်မယ်ထွက်မယ်။ ကိုယ်ထက် အသက်ကြီးသူတွေပေါ့။ သူတို့အချင်းချင်း စကားပြောကြမယ်။ စကားဝိုင်းဖွဲ့ကြ မယ်။ အကြောင်းအရာမျိုးစုံ။ ကြုံရာဆုံရာ စုမိတဲ့အခါ ပြောကြမယ်။

ဒါပေမယ့် ဒီလိုအသက်ကြီးတွေ ပြောကြတဲ့ စကားတွေကို သက်ငယ်ကကြားဘို့ အခွင့်အရေး တစတစလျော့ပါး လာတယ်။ ဒါကြောင့် သက်ကြီးတွေ ပြောနေကြသော်ငြား သက်ငယ်များအနေနဲ့ ကြားခွင့်နာခွင့်က မကြုံနိုင်တော့ဘူး။ ကြားရဘို့ အခွင့်အရေးက တော်တော်နည်းသွားပြီ။ စုတုပြုဆိုတဲ့ အနေအထားမှာ စုအဆင့်ကို မရောက်နိုင်ဘူး။ သက်ကြီးစကားကို သက်ငယ်က ကြားဘို့ အခွင့်မသာတော့ဘူး။ ဘာဖြစ်လို့်လဲဆိုတော့ မျက်စိနှစ်လုံးပွင့် ကတည်းက ပညာရေးကိစ္စအတွက်ပဲ အာရုံစိုက်နေရတာလေ။ ကျူရှင်အစောကြီး သွားရတယ်။ (၈)နာရီခွဲ လောက်ပြန်လာ။ ကျောင်းကြီးတက်ရတယ်။ ညနေပြန်လာ ကျူရှင်ပဲ ကမန်းကတန်း ရေမိုးချိုး၊ ထမင်းစား ပြေးပြေးလွားလွား။ Guite ဆရာနဲ့ စာကျက်ဝိုင်း (၁၀)နာရီ (၁၁)နာရီအိပ်။ နောက်နေ့ ဒီအတိုင်းပဲ။ နောက်တစ်ပါတ်လည်း ဒီအတိုင်းပဲ။ စာမေးပွဲတွေ ကြိုပြီးဖြေကြည့်ကြ။ ဆရာတွေက စပါယ်ရှယ် စခန်းသွင်းကြ။ ပထမအစမ်း ပြီးပြီဆိုကတည်းက စာမေးပွဲကြီးအတွက် အားလုံးအသင့်ပြင်ထားကြ။ (တချို့က နောင်နှစ်တက်ရ မယ့် အတန်းအတွက် ကြိုတင်ငွေပေးထားကြရ)

ဒီတော့ အိမ်မှာနေရတဲ့အချိန်က နည်းလာတယ်။ နေရသခိုက်မှာလည်း T.V ရှေ့ထိုင် P.C ရှေ့ထိုင်ပေါ့ လူကြီး တွေစကားပြောတဲ့အနားမှာ ရစ်ဝဲရစ်ဝဲနဲ့ ယောင်နေလို့မရဘူးပေါ့။ စာကျက်စရာတွေက တပုံကြီးစောင့်နေတယ်။ လေ့ကျင်ခန်းတွေက အများကြီးလုပ်ရအုံးမယ်။ အိမ်မှာ လူကြီးတွေပြောကြဆိုကြတာဟာ ကိုယ့်နားထဲ မ၀င်တော့ ဘူး။ လူကြီးအချင်းချင်းပြောတာဆိုတာ ကိုယ်မကြားနိုင်တော့ဘူး။ သက်ကြီးစကားပေမယ့် သက်ငယ်မကြားနိုင် တော့ပါဘူး။

ဒီလိုနဲ့ နှစ်ပရိစ္ဆေဒရှည်ကြာစွာ သက်ကြီးစကားကို သက်ငယ်တွေ မကြားပဲနေခဲ့ရတဲ့ သက်တမ်းဟာ ဆယ်နှစ် ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်လောက်တော့ ရှိရော့မယ်။ သက်ငယ်တွေဟာ သက်ကြီးတွေဆီက ကြားသင့်ကြား ထိုက်တာတွေ မကြားခဲ့ရပဲ ကြီးပြင်းလာပြီး သက်ကြီးဘ၀ကို ရောက်လာပြန်တော့လည်း သူတို့ရဲ့ သက်ငယ်တွေ ဟာ သူတို့စကားကို မကြားသာတဲ့ အနေအထားပဲ ဖြစ်နေပြန်ရော။

ဒီလိုနဲ့ သက်ကြီးစကား သက်သယ်ကြားဘ၀ကနေ သက်ကြီးစကား သက်ငယ်မကြားဘ၀ကို ပြောင်းမှန်းမသိ ပြောင်းခဲ့ကြရပါသတဲ့လေ။

ခိုင်လေး

သူငယ်ချင်းတို့အား ကျွန်မဖတ်ရသော စာရေးသူ `သင့်နော်´ ရေးသားထားသည့် စာပိုဒ်မှ ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

ဆက်လက်ဖတ်ရှုပါရန်...

ရည်ရွယ်ချက်များ အောင်မြင်ဖို့နဲ့ နေ့စဉ်ဘဝ အဆင်ပြေသာယာဖို့ နည်းလမ်း (၈)သွယ်

လူတိုင်းလူတိုင်းမှာ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့နဲ့ နေ့စဉ်ဘဝမှာ ပျော်ရွှင်ချမ်းမြေ့ဖို့ ဆန္ဒ တွေရှိတတ်ပါတယ်။ ဒါပေမယ့် လူတိုင်းတော့ ဒီနှစ်ချက်လုံး အောင်မြင်ဖို့ မလွယ်ကူ လှပါဘူး။

ရည်ရွယ်ချက်တွေ အောင်မြင်အောင် ကြိုးစားရင်း နေ့စဉ်လူမှုဘဝမှာ အခက်အခဲတွေ အဆင် မပြေမှုတွေ မပျော်ရွှင်မှုတွေ ကြုံတွေ့နေရသူတွေ အများကြီး ရှိပါတယ်။ ဒီလိုအခြေအနေကို ဘယ်လို ကျော်လွှားနိုင်သလဲ။ အလွယ်တကူကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါဟာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက် တစ်ခုပါ။ ဒါပေမယ့် လူတိုင်းကျင့်ဖို့တော့ ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရိုးဆုံးဟာ အဆန်းဆုံးဖြစ်ပြီး အလွယ်ဆုံးဟာ အခက်ခဲဆုံး ဖြစ်နိုင် လို့ပါပဲ။

ကဲရည်ရွယ်ချက် အောင်မြင်ဖို့နဲ့ နေ့စဉ်ဘဝမှာ အဆင်ပြေသာယာဖို့ ကျင့်သုံးရမယ့် နည်းလမ်း (၈) သွယ်ကို လေ့လာကြည့်ရအောင်ပါ။

၁။ စိတ်တည်ငြိမ်အောင် တရားအားထုတ်ပါ။ တရားအားထုတ်ပါဆိုလို့ တွန့်မသွားပါနဲ့။ မနက် စောစော အိပ်ယာမထခင် ဆယ့်ငါးမိနစ်ကနေ နာရီဝက်ခန့်အထိ စိတ်တည်ငြိမ်မှုရအောင် အားထုတ်ပါ။ အဲဒီအချိန်မှာ စိတ်နှလုံးကို အတည်ငြိမ်ဆုံးထားပြီး အာရုံစုစည်းထားပါ။ ဒါဟာ ဘာကို အကျိုးပြုသလဲဆိုရင် ကြည်လင်တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်နိုင်ပြီး မှန်ကန်တဲ့ ဆုံးဖြတ် ချက်ချမှတ်နိုင်ဖို့၊ တည်ငြိမ်အေးချမ်းဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။

၂။ အစားအစာကို ချင့်ချိန်စားပါ။

သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ မြေပဲ၊ သံလွင်ဆီစတဲ့ အယ်လ်ကာလီ ပါဝင်မှုမြင့်တဲ့ အစားအစာတွေနဲ့ အက်ဆစ်ဓာတ်မြင့်တဲ့ ဂျုံ၊ အသား၊ နို့ထွက်ပစ္စည်းနဲ့ သကြားတွေကို အချိုး အစားမျှတအောင် စားသောက်ရပါမယ်။ ဒါမှ မျှတတဲ့ စားသောက်မှု ပုံစံနဲ့ ရောဂါကင်းပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါမယ်။

၃။ အန္တရာယ်ဖြစ်စေမယ့် အရာများကိုရှောင်ပါ။

အရက်၊ စီးကရက်၊ ကဖိန်းဓာတ်ပါတဲ့ အစားအစာတွေ၊ သကြားနဲ့ မူးယစ်ဆေးဝါး စတာတွေကို ဆိုလိုပါတယ်။ ဒါတွေက သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေပြီး ကိုယ်ခံစွမ်းအားနဲ့ စိတ်စွမ်းအင်တွေကို ယုတ်လျော့စေပါတယ်။ လူငယ်တွေအတွက် ဒီအရာတွေဟာ အထူး ရှောင်ရှားရမယ့် အရာတွေဖြစ်ပါတယ်။

၎။ တေးဂီတကို နားဆင်ပါ။

ဂီတဟာ စိတ်ကိုကြည်နူးလန်းဆန်းစေပါတယ်။ ဒါပေမယ့် ကြမ်းတမ်းတဲ့ အနိဋ္ဌာရုံ စာသားတွေပါတဲ့ သီချင်းမျိုးကိုရှောင်ပြီး စိတ်အေးချမ်းစေမယ့် သီချင်းမျိုးကိုသာ ရွေးချယ်ရ ပါမယ်။ ဒါမှ ဂီတနဲ့ သင့်ရဲ့စိတ်ဝိဥာဉ်ကို နှစ်သိမ့်အားဖြည့်နိုင်မှာဖြစ်ပါတယ်။

၅။ အိမ်ပတ်ဝန်းကျင်ကို ဂရုစိုက်ပါ။

သင့်အိမ်ပတ်ဝန်းကျင်ကို စိတ်ခွန်အားပြည့်မယ့်၊ ပျော်ရွှင်ငြိမ်းချမ်းမယ့် ပတ်ဝန်းကျင် လေးဖြစ်အောင် ပြုလုပ်ထားရပါမယ်။ ဒါမှ လုပ်ငန်းခွင်မှာ ကုန်ဆုံးသွားတဲ့ ခွန်အားတွေကို အိမ်မှာ အပန်းဖြေရင်း ပြန်လည်မွေးမြူနိုင်မှာပါ။

၆။ တီဗွီကြည့်ရှုမှုကို လျှော့ချပါ။

အချိန်ကြာမြင့်စွာ တီဗွီကြည့်ရှုခြင်းအစား စာဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပန်းချီဆွဲ ခြင်းစတဲ့မိမိဝါသနာပါရာ စိတ်ဝင်စားဖွယ်အရာတစ်ခုနဲ့ အစားထိုးသင့်ပါတယ်။ သင်စိတ်ပါဝင် စားတဲ့ဝါသနာ ပါတဲ့အရာကို လုပ်နေခြင်းအားဖြင့် သင့်ရဲ့စိတ်ညစ်ညူးမှုတွေ ပြေပျောက်သွား နိုင်တယ်လေ။

၇။ ဓာတ်ပုံတွေနဲ့ စိတ်ခွန်အားကို တိုးမြှင့်ပါ။

ဓာတ်ပုံတွေဟာ စိတ်ခွန်အားတွေနဲ့ ငယ်သူငယ်သွေးတွေကို သယ်ဆောင်ယူလာပေး နိုင်ပါတယ်။ ပျော်ရွှင်ကြည်နူးဖွယ်၊ ချစ်ခင်နှစ်လိုဖွယ်၊ အောက်မေ့သတိရဖွယ် ဓာတ်ပုံတွေကို ပြန်လည်ကြည့်ရှုခြင်းဖြင့် သင့်စိတ်မှာ ကြည်နူးနှစ်သိမ့်မှု ရစေနိုင်ပါတယ်။

၈။ အသိအကျွမ်း၊ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို အလေးထားပါ။

သင့်ရဲ့အနီးအနားမှာ သင့်ကိုအထင်ကြီး လေးစားတဲ့၊ သင်ကလည်း လေးစားခင်မင်တဲ့၊ စိတ်နှလုံးချင်း နီးကပ်တဲ့ မိတ်ဆွေသူငယ်ချင်း၊ မိသားစုဝင်တွေ ရှိနေပါစေ။ ဒါဟာ သင့်အ တွက် စိတ်ချမ်းသာလုံခြုံမှု ဖြစ်စေနိုင်သလို သင့်ရဲ့ အလေးထားမှုကြောင့် သင်နဲ့ သူတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါဟာ သင့်ရဲ့ စိတ်ချမ်းသာမှုနဲ့ အောင်မြင်မှုအတွက် အထောက်အကူပြုမယ့် အရာတွေပါပဲ။

ဒီအရာတွေဟာ လက်တွေ့လိုက်နာ ဆောင်ရွက်ဖို့ လွယ်ကူရိုးစင်း လှပါတယ်။ မြန်မာစကားမှာ ဆေးကောင်းရင် ဖြုတ်ခေါင်းလို့ ဆိုရိုးရှိပါတယ်။ ရည်မှန်းချက်တွေအောင်မြင်ဖို့နဲ့ နေ့စဉ်ဘဝ မှာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ဖို့ ငွေတွေအရမ်းရှာနေစရာ၊ အလုပ်တွေ တအားကြိုးစား နေစရာ မလိုပါဘူး။ အထက်ပါ အချက်(၈)ချက်ကို လက်တွေ့လိုက်နာကြည့်ရင် စိတ်ရော ကိုယ်ပါ ကျန်းမာကြံ့ခိုင်ပြီး ဘဝဟာ နေပျော်စရာ ဖြစ်လာမှာပါ။ ဒါဆို ရခဲလှတဲ့ လူ့ဘဝ အချိန်တွေကို စိတ်နှလုံးသာယာစွာ ဖြတ်သန်းနိုင်ပြီ မဟုတ်ပါလား။

အိပ်မက်မြူ

Dr. Wayne W Dyer ၏ 7 secret of a joyful life မှ ထုတ်နှုတ်မှီးငြမ်းသည်။

ဆက်လက်ဖတ်ရှုပါရန်...

Thursday, November 6, 2008

တန်ဆောင်မုန်းလတွင်ကျင်းပသည့်မြန်မာ့ရိုးရာပွဲတော်များ

တန်ဆောင်မုန်းလသည် မိုးနှောင်းပိုင်း ဆောင်းဦးပိုင်း ကြားကာလဖြစ်၍ ရာသီဥတု သာသာယာယာရှိပါသည်။ တန်ဆောင်မုန်းလအကြောင်းကို တန်ဆောင်မုန်း ဗြိစ္ဆာ၊ ကြိတ္တီကာ၊ ရောင်ဝါရှိန်လို့ဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင် လည်စိုးဟု ကင်းဝန်မင်းကြီးက သံပေါက်လင်္ကာဖြင့် ဖွဲ့ဆိုခဲ့ပါသည်။ တန်ဆောင်မုန်းလကို ဗေဒင်အခေါ်အဝေါ်အရ ဗြိစ္ဆာရာသီဟုခေါ်သည်။ ရာသီရုပ်မှာ ကင်းမြီးကောက်ရုပ်ဖြစ်သည်။ ရာသီပန်းမှာ ခဝဲပန်းများဖြစ်သည်။
မြန်မာလူမျိုးတို့သည် တန်ဆောင်မုန်းလတွင် ကထိန်ပွဲတော်ကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြပါသည်။ မြန်မာ ဗုဒ္ဓဘာသာတို့သည် ဤလတွင် သံဃာ့ဂုဏ်ကို အာရုံပြုလှူဒါန်းရသော ပရမတ်အလှူမျိုးဖြစ်သည့် ကထိန်ပွဲတော်ကို ကျင်းပလေ့ရှိပါသည်။ ယနေ့ခေတ်တွင် တစ်ဦးချင်း ကထိန်အလှူထက် စုပေါင်းမဟာဘုံကထိန်များကို ပိုမိုကျင်းပလာခဲ့ပါ သည်။ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက်၊ အသင်းအဖွဲ့အလိုက် စုပေါင်းမဟာဘုံကထိန်များကို လှူဒါန်းကြရာ သံဃာတော်များမှာ ကထိန်ပွဲများသို့ မအားလပ်အောင်ပင် ကြွနေကြရပါသည်။ ကထိန်ပွဲတွင် အလှူပစ္စည်းများ သာမက အလှူရှင်များ၏ အလှူဒါနအတွက် ဝမ်းမြောက်ပျော်ရွှင်စွာ ကခုန်ကြည်နူးနေကြသည့် အလှူမြင်ကွင်းများကိုလည်း တွေ့ရပါသည်။
တန်ဆောင်မုန်းလ၏ ထူးခြားသောပွဲတော်တစ်ခုမှာ မသိုးသင်္ကန်းရက်လုပ်ခြင်းဖြစ်သည်။ သံဃာတော်များကိုယ်တိုင် သင်္ကန်း များကို ချုပ်လုပ်ဝတ်ကြသည့်ကာလတွင် ကထိန်သင်္ကန်း၊ မသိုးသင်္ကန်းဟူ၍လည်း ခေါ်ကြပါသည်။ ကထိန်ခင်းရန် လှူဒါန်းမည့်သင်္ကန်းကို ညအိပ်မထားဘဲ ထိုနေ့ အရုဏ်မတက်မီအတွင်း နေ့ချင်းပြီးအောင် လုပ်ဆောင်သည့် သင်္ကန်းမြို့ကို မသိုးသင်္ကန်းဟု ခေါ်ပါသည်။ မြန်မာဘုရင်များလက်ထက်ကလည်း မသိုးသင်္ကန်းရက်လုပ်ပွဲများ ကျင်းပကြပါသည်။ ကိုလိုနီ ခေတ်တွင် မသိုးသင်္ကန်းရက်လုပ်မှုများ ပျောက်ကွယ်သွားပါသည်။ မြန်မာ့မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲများလည်း တိမ်မြုပ် သွားသည်။ လွတ်လပ်ရေးရပြီးနောက် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲများ ပြန်၍ ထွန်းကားလာသည်။ ဤပွဲမှာ ထွန်းကား သင့်သော မြန်မာ့ရိုးရာပွဲတစ်ပွဲ ဖြစ်ပါသည်။
တန်ဆောင်မုန်းလသည် ပွဲတော်များဖြင့် ပြည့်လျှံလျက်ရှိသည့်လ ဖြစ်ပါသည်။ တန်ဆောင်တိုင်ပွဲတော်များတွင် ကထိန်သင်္ကန်း၊ မသိုးသင်္ကန်း၊ ပံ့သကူသင်္ကန်းများအပြင် ရှမ်းပြည်နယ်ဘက်တွင် ကြာသင်္ကန်းကပ်လှူပွဲများလည်း ကျင်းပ ပြုလုပ်ကြပါသည်။ တကယ့်ကြာမျှင်များကို သင်္ကန်းရက်၍လည်းကောင်း၊ ပိတ်သင်္ကန်းပေါ်တွင် ကြာပွင့်များ တန်ဆာဆင်၍ လည်းကောင်း ပူဇော်ကြပါသည်။ တန်ဆောင်မုန်းလ၏ အခြားပွဲတော်တစ်ခုမှာ မီးထွန်းပွဲတော် ဖြစ်ပါသည်။ ကြိတ္တီကာ နက္ခတ်စောင့် နတ်သားသည် တန်ဆောင်မုန်းလပြည့်ရောက်လေတိုင်း လူ့ပြည်သို့ ဆင်းသက်လေ့ရှိသည်ကို မင်းနှင့်ပြည်သူ များက မီးထွန်းပူဇော်သည်။ ထို့ကြောင့် တန်ဆောင်တိုင်မီးထွန်းပွဲတော် ဖြစ်ပေါ်လာသည်။
ယခုခေတ် မီးထွန်းပွဲတော်သည် ထေရဝါဒဗုဒ္ဓဘာသာ ပိုဆန်လာသည်။ ဘုရားလောင်း၏ဆံတော်ကို ဌာပနာပြီး တာဝတိံသာတွင်တည်ထားသော စူဠာမဏိစေတီကိုရည်မှန်း၍ ပူဇော်ခြင်းဖြစ်သည်။ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် မီးလုံးများ၊ မီးပုံးများချိတ်ဆွဲခြင်း၊ ဖယောင်းတိုင်များထွန်းညှိခြင်းဖြင့် အလှဆင်ကြသည်။ ကလေးများကလည်း ရောင်စုံ မီးပန်း များ၊ မီးရှူးများ ပစ်လွှတ်ကစားခြင်းဖြင့် ပျော်ရွှင်ကြသည်။
တန်ဆောင်တိုင်ကာလသည် စပါးပေါ်ချိန်ဖြစ်၍ တောင်သူလယ်သမားများ ငွေရွှင်သောကာလ ဖြစ်သည်။ အားလပ်သောကာလဖြစ်သည်။ တောရောမြို့ပါမကျန် မီးရောင်စုံ၊ လူရောင်စုံများဖြင့် ပျော်ရွှင်ကြည်နူးဖွယ် ဖြစ်သည်။ မြို့များတွင် ရပ်ကွက်၊ မြို့နယ်အလိုက် အကအဖွဲ့များ၊ ယိမ်းအဖွဲ့များ၊ တေးဂီတအဖွဲ့များ၊ ပြဇာတ်များ၊ တေးသရုပ်ဖော်များ စသည့် ပွဲလမ်းသဘင်များဖြင့် စည်ကားလှသည်။
တန်ဆောင်တိုင်ကာလတွင် အခြားကျင်းပလေ့ရှိသော အလှူဒါနပွဲတစ်ခုမှာ နိဗ္ဗာန်ဈေးဖြစ်သည်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက် မိမိလှူဒါန်းလိုသော လှူဖွယ်ပစ္စည်းကိုပြင်ဆင်၍ အယုတ်အလတ်အမြတ်မရွေး ဝင်ရောက်အလှူခံစားသုံး နိုင်သော အလှူပွဲများဖြစ်သည်။ တစ်အိမ်ပြီးတစ်အိမ် ဝင်ရောက်၍မုန့်မျိုးစုံကိုစားသောက်ခွင့်ရသည့် အင်မတန်ထူးခြားသော အလှူအတန်း ပုံစံမျိုးဖြစ်၍ ချစ်စရာလည်းကောင်း တန်ဆောင်မုန်းလသည် ထူးခြားသည့်ဝိသေသလက္ခဏာများ ထုံမွှန်း နေသောလလည်း ဖြစ်ပါသည်။ ကြိတ္တီကာ နက္ခတ်စန်းယှဉ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်စောင့် နတ်အပေါင်း တို့သည် မယ်ဇလီပင်စောင့်နတ်မင်းအား လာရောက်ခစားကြသည်။ ထို့ကြောင့် မယ်ဇလီပင်သည် ဆေးပေါင်းခသည်။ ထိုမယ်ဇလီဖူးကို သုပ်စားခြင်းအားဖြင့် အသက်ရှည်သည်၊ အန္တရာယ်ကင်းသည်ဟု အယူရှိသည်။
အချို့အရပ်ဒေသများတွင် မဲဇလီဖူးလေးများကို ပြုတ်၊ ကြက်သွန်စိမ်း၊ ပဲမှုန့်၊ ဆီချက်၊ ဆား၊ ငရုတ်သီးစိမ်းနှင့် သံပုရာရည်တို့ဖြင့်သုပ်ကာ အိမ်နီးချင်းများကို လိုက်လံဝေငှသည့် ချစ်စဖွယ်ဓလေ့လေးကို တွေ့ရပါသည်။ မြန်မာလူမျိုးတို့၏ တစ်ကိုယ်ကောင်းမဆန်သော၊ မည်သည့်နည်းနှင့်မဆို ပေးကမ်းတတ်သောစေတနာကို တွေ့မြင်နေရပါသည်။
တန်ဆောင်တိုင်၏အခြားပွဲတစ်ခုမှာ ကျီးမနိုးပွဲ ဖြစ်သည်။ ကျီးမနိုးပွဲကာလမှာ တန်ဆောင်မုန်းလပြည့်နေ့ လူများအိပ်ချိန်မှ အရုဏ်မတက်မီကာလထိ ဖြစ်သည်။ ကျီးမနိုးပွဲမှာ ရပ်ကွက်တွင်းရှိ ပြုပြင်သင့်သူများကို ပြုပြင်ရန် စာများရေးသားခြင်း၊ နောက်ပြောင်ကျီစယ်လိုစိတ်ဖြင့် ပစ္စည်းများကို ရွှေ့ပြောင်းထားခြင်း စသည်ဖြင့် ရိုးသားစွာ နောက်ပြောင်ကျီစယ်သည့်ပွဲ ဖြစ်သည်။ ယခုခေတ် ကျီးမနိုးပွဲတွင် သရုပ်ပျက် စည်းကမ်းပျက်ရုံသာမက ကျီးမနိုးပွဲကို မှီ၍ ဒုစရိုက်သမားများက ဒုစရိုက်မှုများ ကျူးလွန်ကြသဖြင့် လူအများမနှစ်သက်တော့ဘဲ တဖြည်းဖြည်း တိမ်ကောစ ပြုလာပါသည်။
တန်ဆောင်မုန်းလတွင် ရပ်ထဲရွာထဲတွင် မီးပုံးပျံပြိုင်ပွဲများ ပြုလုပ်ကျင်းပလေ့ရှိသည်။ ရှမ်းပြည်နယ်၊ တောင်ကြီး မြို့တွင် မီးပုံးပျံပွဲကို ရိုးရာဓလေ့တစ်ခုအနေဖြင့် အကြီးအကျယ် ပြုလုပ်ကျင်းပပြီး ဆုငွေများ ထိုက်ထိုက်တန်တန် ဂုဏ်ပြုလျက်ရှိရာ ဝင်ရောက်ယှဉ်ပြိုင်သူ များပြါးလှပြီး ရိုးရာမီးပုံးပျံဓလေ့ကို ရှုမငြီးနိုင်အောင် တွေ့မြင်နိုင်ပါသည်။ တန်ဆောင်မုန်းလ၏ ပွဲလမ်းသဘင်ပေါများပုံများ အဘိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး၊ နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦးဟူသော ငယ်စဉ်က ရွတ်ဆိုခဲ့သည့် ကဗျာစာသားလေးကိုကြည့်လျှင် သိနိုင်ပါသည်။ မြန်မာ့အသံ မှ မြိုင်မြိုင်ဆိုင်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ဟူသောသီချင်းကလည်း တန်ဆောင်တိုင်ပွဲတော်ရှိ လှုပ်ရှား နေသောပုံရိပ်များကို အားကူပေးလျှက် ရှိပါသည်။ တန်ဆောင်မုန်းလတွင် ကလေးများကလည်း ကလေးအလျှောက် မီးရှူး မီးပန်းများ ထွန်းညှိရင်း ပျော်ရွှင်ကြသည်။ လူငယ်များကလည်း လူငယ်အလျှောက် ပွဲလမ်းသဘင်များ လည်ပတ် ကြည့်ရှုရင်း ပျော်ရွှင်ကြသည်။ လူကြီးများကလည်း အလှူဒါနပြုလုပ်ရင်း ပျော်ရွှင်ကြပါသည်။
ထို့ကြောင့် တန်ဆောင်မုန်းလရှိ မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော်များသည် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာအရ မြန်မာ့ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ သဒ္ဓါတရားနှင့် ပျော်ရွှင်ကြည်နူးဖွယ်ပုံရိပ်များကို ကောင်းမွန်စွာ ဖော်ဆောင်နိုင်သော ကြောင့် မြန်မာတို့၏ ချစ်စရာ ပျော်စရာ လတစ်လပင် ဖြစ်ပါတော့သည်။
ရှင်းသန့်ချို

ဆက်လက်ဖတ်ရှုပါရန်...

Monday, November 3, 2008

အချစ်ဆိုတာ

အချစ်ဆိုတာ တစ်ဦးကို တစ်ဦး ထာဝရ လိုအပ်နေခြင်းပါ။ တစ်ဦးနဲ့ တစ်ဦး မဖြစ်မနေ လိုအပ်နေခြင်းပါ။ ချစ်သူ နှစ်ဦးဟာ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒတွေ အပြည့် ရှိနေပါတယ်။ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးက နားလည် သိရှိနေခြင်းဟာလည်း အချစ်ပါပဲ။ အချစ်မှာ ယောင်္ကျားလေးတွေက ကြိုးစားပိုင်ခွင့် ရှိပေမယ့် မိန်းကလေးတွေကတော့ မျှော်လင့်ခွင့်ပဲ ရှိပါတယ်။ တန်ဖိုးရှိတဲ့ (ဖြူစင်တဲ့) အချစ်ဆိုတာ ရယူလိုခြင်း မရှိပဲ ချစ်ရုံချစ်နေခြင်းပါပဲ။ အမြဲတမ်း တစ်ဦးပေါ် တစ်ဦး နားလည်ပြီး စွန့်လွှတ်အနစ်နာခံခြင်းပဲ ဖြစ်တယ်။ အချစ်တွေ နက်ရှိုင်းလာတဲ့အခါမှာ မေတ္တာဆိုတာ ဖြစ်လာပါတယ်။ အဲဒီမေတ္တာကို အနက်ရှိုင်းဆုံး အချစ်လို့ သတ်မှတ်ကြပါတယ်။ အဖြူစင်ဆုံး အချစ်စစ်လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် အဲဒီမေတ္တာဟာ သူတို့နှစ်ဦးနဲ့ပဲ ပတ်သက်ပါတယ်။ ဘယ်တော့မှ မပျက်ပြယ်တော့မယ့် မေတ္တာပါပဲ။ လောကမှာ နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတွေ အများကြီး ရှိပါတယ်။ ကိုယ့်မေတ္တာကို သူနားလည်လာတဲ့ အချိန်မှာ မေတ္တာရောင်ပြန် အဖြစ် မေတ္တာ ပြန်ပေးတတ်ပါတယ်။ ကျွန်တော် အရင်က လိုချင်ခဲ့တဲ့ အချစ်က အရူးအမူးအချစ်ပါ။ အခုအချိန်မှာတော့ တစ်ဦးကို တစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ မေတ္တာတရား (အချစ်)ကိုပဲ လိုချင်မိနေပါတယ်။ အရူးအမူး အချစ်ဆိုတာ အမြဲတမ်း ကိုယ့်ကိုယ်ကိုရော သူများကိုပါ ပူလောင်စေပါတယ်။ နားလည်မှု အချစ်ကတော့ ကိုယ်အေးချမ်းသလို သူများကိုလည်း အေးချမ်းစေပါတယ်။ အေးချမ်းစေချင်တဲ့ ဆန္ဒလည်း အပြည့်အ၀ ပါဝင်ပါတယ်။
အချစ်ကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် အချစ်ရဲ့ သဘောမှာ ကိုယ်ချစ်ရသူကို စောင့်ရှောက်ရင်း သူ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရင်း အတူတူ နေလိုခြင်းပဲ ဖြစ်ပါတယ်လို့ ထင်ပါတယ်။ အချစ်ကို ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရပါဘူး။ အချစ်ဆိုတာ ရင်ထဲက အလိုလို ဖြစ်လာလို့ပဲဖြစ်ပါတယ်။ သူ့အလိုလို ပေါက်ဖွားလာမှုကို ဘယ်အရာနဲ့မှ ဖျက်ဆီးလို့ မရပါဘူး။ တားဆီးလို့လည်း မရပါဘူး။ ကိုယ်တိုင် ထိန်းသိမ်းမှပဲ ရပါတယ်။ ကိုယ်က ချစ်ပေမယ့် ပိုင်ရှင်ရှိပြီးသားမို့ လက်လျှော့ပြီး အဝေးကနေ ချစ်နေကြရသူတွေလည်း ရှိပါတယ်။ အချစ်ကြောင့် ရင်နာရသူတွေ၊ အချစ်ကြောင့် ဘ၀ပျက်ကြသူတွေ၊ အချစ်ကြောင့် ရူးသွပ်ခဲ့ရသူတွေ ရှိသလို အချစ်ကြောင့် ပျော်ရွှင် ကြည်နူးရသူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ အချစ်ကို ဘယ်သူမှ ရှောင်ရှားလို့ မရပါဘူး။ အသက်အရွယ်မရွေး ၀င်လာနိုင်တာမို့ သတိနဲ့ ထိန်းထိန်း သိမ်းသိမ်း ချစ်သင့်ပါတယ်။ အိမ်ထောင်ကျပြီးမှ အချစ်နဲ့ တွေ့သူတွေ၊ အိမ်ထောင်ရှိသူများကို ချစ်မိသူတွေ တွေ့ဖူးပါတယ်။ ချစ်မိတဲ့ အချစ်ကို အပြစ်မတင်လိုပေမယ့် ကိုယ့်အချစ်ကို ထုတ်ဖော်လိုက်တာကိုတော့ အပြစ်တင်လိုပါတယ်။ ဗုဒ္ဓဘာသာ အရ၊ လူ့ကျင့်ဝတ်အရ ဘယ်လိုမှ မဖြစ်နိုင်မှုတွေ ရှိလို့ပါ။ အဲဒီလို အချစ်မျိုးကိုတော့ ကိုယ့်ဘာသာကို ထိန်းသိမ်းသင့်ပါတယ်။ လူ့အဖွဲ့အစည်းအနေနဲ့ ပြောရရင် လူ့ကျင့်ဝတ်ချိုးဖောက်သူ၊ သစ္စာမရှိသူအဖြစ် တစ်သက်တာ အပြစ်သား ဖြစ်ပါတယ်။ ကျွန်တော် နားလည်ထားတဲ့ အချစ်ဆိုတာ တစ်ဦးပေါ် တစ်ဦး နားလည်မှုရှိရှိနဲ့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ပေးဆပ်လိုမှုများနဲ့ တစ်ဦးကို တစ်ဦး ယုံကြည်စွာနဲ့ ချစ်ခြင်းလို့ ယုံကြည်ပါတယ်။ ချစ်သောသူတိုင်း ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းရင်း . . .
ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

တွေးမိတာလေးများ

ပြီးခဲ့တဲ့ တစ်ရက်က ကျွန်တော်တို့ အဆောင်ရှေ့လမ်းပေါ်မှာ ယောက်ျားလေး တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် ရင်းရင်းနှီးနှီးပုံစံနဲ့ လမ်းလျှောက်ရင်း စကားပြောသွားကြတာကို မြင်လိုက်ရတယ်။ သူတို့ ကြည့်ရတာ သမီးရည်းစားတွေ ဖြစ်ပုံရတယ်။ တကယ်လို့ သမီးရည်းစားဆိုရင်လည်း ချစ်ကြိုက်ခါစ သမီးရည်းစားတွေ ဖြစ်ရမယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေ ဆိုရင်လည်း မကြာခင် သမီးရည်းစား ဖြစ်မယ် ပုံပါ။
ဟိုရှေးတုန်းက ကျွန်တော်တို့ရဲ့ ဘိုးဘွားကြီးတွေက သူတို့ရဲ့ ချွေးမလောင်းကို ရွေးတော့မယ်ဆိုရင် ငရုပ်သီး ထောင်းခိုင်းကြတယ်။ မျက်စိထဲ ငရုပ်သီး ၀င်တယ်ဆိုရင်တော့ အဲဒီချွေးမလောင်းဟာ ရေးဖြေရော၊ နှုတ်ဖြေ စာမေးပွဲရော ကျပါရောတဲ့ဗျာ။
ဒီနေ့ခေတ်မှာတော့ ပညာခေတ်ဆိုတော့ ငရုပ်သီးထောင်းတာတွေ၊ ယက်ကန်းရက်တာတွေ ဘေးချိတ်လို့ သမီးက ဘာဘွဲ့ရထားတာလဲ? သမီးအဖေနဲ့ အမေက ဘာလုပ်သလဲ? စသဖြင့် မေးကြမယ် ထင်ပါရဲ့။

ကျော်

ဆက်လက်ဖတ်ရှုပါရန်...

Friday, October 31, 2008

ရေတွင်းထဲက မြည်း

သူငယ်ချင်းများအားလုံး အခက်အခဲဒုက္ခများနှင့် ကြုံတွေ့နေရသည့်အချိန်တွင် ဒီစာလေးအား ဖတ်မိပြီး ဒုက္ခမျိုးစုံကို ကျော်လွှား နိုင်ကြပါစေ။
တစ်နေ့မှာ လယ်သမား တစ်ယောက်ရဲ့မြည်းဟာ ရေတွင်းထဲကို ကျသွားပါတယ်။ လယ်သမားက ဘာလုပ်ရမလဲလို့ ကြိုးစား အဖြေရှာနေတုန်း မြည်းကတော့ နာရီများစွာ သနားစဖွယ် အော်ငိုနေတော့ တာပါပဲ။
နောက်ဆုံးတော့ လယ်သမားက မြည်းဟာ အသက်လည်းကြီးပြီ ရေတွင်းကလည်း ဘယ်နည်းနဲ့မဆို ဖို့ပစ်ဖို့ လိုအပ်နေပြီမို့ မြည်းကို ပြန်မရယူ သင့်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် လယ်သမားက အိမ်နီးချင်းတွေကို လာကူဖို့ ဖိတ်ခေါ်လိုက် ပါတယ်။ သူတို့အားလုံးဟာ ဂေါ်ပြားတွေကိုကိုင်ပြီး မြေကြီးတွေကို ရေတွင်းထဲကို ယက်ထည့်ကြပါတော့တယ်။
ဒီအခြင်းအရာကြောင့် လယ်ယာမြေထဲက တခြားတိရစ္ဆာန် အားလုံးဟာ အလွန်ပဲ ချောက်ချားသွားခဲ့ကြတယ်။ အကြောင်း ကတော့ မြည်းဟာ သူတို့ရဲ့ သူငယ်ချင်း ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် သူတို့က သူ့ကို ဘာမှမကူညီနိုင်တာကို သိထားခဲ့ကြတယ်။ မြည်းဟာ ပထမတော့ ဘာဖြစ်နေတယ်ဆိုတာကို သဘောပေါက်သွားပြီး ထိတ်လန့်တကြား အော်ဟစ်ငိုယိုပါတယ်။ အဲဒီနောက် သူက ငြိမ်ငြိမ်သက်သက် နေပြလို့ အားလုံးက အံ့အားသင့် သွားကြတယ်။ ဂေါ်ပြားနဲ့ မြေကြီးအနည်းငယ် ထည့်ပြီးတဲ့ အချိန်မှာ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့်မိလိုက်တယ်။ ကြည့်ပြီးတော့ အံ့အားသင့်သွားပါတယ်။
မြည်းဟာ သူ့ကျောကုန်းပေါ် မြေကြီးတွေ ကျလာတိုင်း အံ့ဖွယ်တစ်စုံတစ်ခုကို ပြုလုပ်နေပါတော့တယ်။ သူဟာ မြေကြီးတွေကို ခါချတယ်။ ပြီးတော့ အဲဒီမြေကြီးတွေပေါ် ခြေထောက်နဲ့ နင်းတက်ပြီး မြေဖို့ပါတယ်။ လယ်သမားရဲ့ အိမ်နီးချင်းတွေက မြေကြီးတွေ ကို သူ့ကိုယ်ပေါ် ဆက်လက်ယက်ချနေတာကြောင့် သူကလည်း အဲဒါတွေကို ခါချပြီး ခြေထောက်နဲ့ နင်းဖို့နေလိုက်တယ်။ သိပ်မကြာခင်မှာပဲ မြည်းဟာ ရေတွင်းနှုတ်ခမ်းဘောင်ပေါ် ခြေထောက်နဲ့ နင်းတက်ပြီး ခက်သွက်သွက် လျှောက်သွား ပါတော့ တယ်။
သင်ခန်းစာ- ဘ၀က ဂေါ်ပြားဖြင့် မြေကြီးမှန်သမျှကို သင့်အပေးယက်ချပါလိမ့်မည်။ သို့သော် ဒုက္ခအသီးသီးဟာ အပေါ်သို့ တက်ရာ အဆင့်တဆင့် ဖြစ်နိုင်၏။ သင်တွေ့ကြုံရသော အဖြစ်အပျက်များအပေါ် သင်ဘယ်လို တုံ့ပြန်မည် ဆိုသည်က အရေး မကြီးပါ။ ဇွဲလုံ့လမလျှော့ပဲ အနက်ရှိုင်းဆုံးရေတွင်းထဲက သူငယ်ချင်းများ အားလုံးထွက်လာ နိုင်ပါစေလို့ ဆုတောင်းပေး နေမိပါတယ်။
သက်

ဆက်လက်ဖတ်ရှုပါရန်...

Friday, October 10, 2008

အမေသင်ပေးသော အလေ့အကျင့်ကောင်းများ

ကျွန်တော့ အမေသည် ဆန်၊ ဆီ အခြေခံ စားကုန်ရောင်းပြီး ကျွန်တော်တို့ မောင်နှမများကို ကျောင်းထား ပေးခဲ့သည်။ အမေက ဘာသာတရားကို ကိုင်းရှိုင်းသည်။ နေထိုင်မကောင်း ဖြစ်ချိန်ကလွဲရင် နံနက်စောစော ထပြီး ပန်း၊ ရေချမ်း၊ ဆီမီး ပူဇော်သည်။ ငါးပါးသီလခံပြီး၊ ပုတီးစိပ်၊ မေတ္တာပို့သည်။ အမျှအတမ်း ဝေသည်။ ဘုရားဝတ်တတ် ပြီးမှ ကျွန်တော်တို့ ကျောင်းသွားချိန် အမီချက်ပြုတ် ကျွေးမွေးလိုခြင်း ဖြစ်ပါ၏။
ချက်ပြုတ်ပြီး သန့်ရှင်းရေး လုပ်သည်။ အမေ ကိုယ်တိုင်လည်း သန့်သန့်ပြန့်ပြန့် နေတတ်၍ သနပ်ခါး ခြေဆုံး ခေါင်းဆုံးလိမ်းလို့ မွှေးကြိုင်နေသည်။ ကျွန်တော်တို့ကိုလည်း အချိန်နှင့်ထခိုင်းသည်။ ရေချိုးခိုင်းသည်။ စားခိုင်းသည်။ အိပ်ခိုင်းသည်။ ကျွန်တော်တို့ ကျောင်းသွားတော့ အမေ ညနေဈေး၌ လက်လီ ပြန်ရောင်းချ သည်။ အရောင်းသွက်က အမေပျော်သည်။ မောရမှန်း မသိ။ ကျောင်းဆင်းတော့ အမေ့ သွားကူရသည်။ ညနေစောင်းမှ ဈေးရောင်းသိမ်းသည်။
အိမ်ပြန်ရောက်တော့ နားလေ့မရှိ။ ချက်ပြုတ် ကျွေးမွေးသည်။ ကျွန်တော်တို့ ၀ိုင်းကူရသည်။ စားသောက် ဆေးကြောပြီးမှ စာကျက်ရသည်။ အမေသည် မိသားစုအတွက် အိမ်ထောင်ဦးစီးကောင်း ဖြစ်ခဲ့သည်။ အများ နည်းတူ ၀အောင်ကျွေးမွေး၍ လှအောင် ဆင်ခဲ့သည်။ အမေက အားလျှင် အလကား မနေတတ် ဆန်ရွေးနေ လေ့ရှိသည်။ အစ်မများကို အချက်အပြုတ် သင်သည်။ သန့်ရှင်းရေး လုပ်ခိုင်းသည်။ စားသောက်သည့် ပုဂံ ခွက်ယောက် ၀င်းလက်နေမှ ကြိုက်သည်။ ရေအိမ်မှဆင်းပြီး သောက်ရေအိုးသွား သောက်တာမကြိုက်၊ လက်ဆေး ကြောပြီးမှ သောက်ခိုင်းသည်။ ထမင်းစားခန်း စကားပြောတာ မကြိုက်၊ ရန်ဖြစ်တာ မကြိုက်၊ နေ့နေ့ညည သတ်မှတ်ချိန် ထမင်းစားခိုင်းသည်။ အိမ်လည်တာ မကြိုက်။ အချက်မပြုတ်၊ အချုပ်အလုပ်၊ သန့်ရှင်းရေး လုပ်တတ်မှ မိန်းမပီသသည်၊ အိမ်ထောင် ထိန်းသိမ်းနိုင်သည်ဟု ဆိုသည်။ အမေနီတိ ဖြစ်သည်။
ကျွန်တော်တို့ကို ၁၀တန်းအောင် ဘွဲ့ရအောင် ကြိုးစားခိုင်းသည်။ ဈေးသည်ဘ၀က၊ နေ့စဉ်စားဖို့မပူရ၊။ လူတောထဲတိုးရန် အမှုထမ်း၊ အရာထမ်းဖြစ်အောင် အားထုတ်ဖို့ ဆုံးမသည်။ သားသမီးများ ရှေ့ရေးအတွက် အမေအမြော် အမြင်ရှိစွာ လမ်းပြပေးသည်။ အသုံးနှင့်အဖြုန်း ခွဲခြားတတ်ဖို့မှာသည်။ ပုံမှန်ငွေရှိအောင် ရိုးသားစွာ ရှာဖို့မှာသည်။ ဆင်ခြင်များတာ လိမ်တာ မကြိုက် ချက်ချင်းထလုပ်မှ ကြိုက်သည်။
အစ်မ ၁၀ တန်းအောင်ပြီး စာရေးဝင်လုပ်သည်။ ၀န်ထမ်းလုပ်သက်ရ၍ အထက်တန်း စာရေးဖြစ်လာ သောအခါ အမေ ဈေးရောင်းသည့် အလုပ်နားလိုက်သည်။ အမေ ကျွန်တော်တို့ မောင်နှမတွေ ကျောင်းသွား ရုံးသွားအမီ ထမင်းချိုင့် ထည့်ပေးသည်။ ကျွန်တော်တို့ ကျောင်းဆင်းလာရင် နေ့စဉ် ချက်ပြုတ်ပြီးပြီ။ တာဝန် သိသော အမေ စိတ်ဓာတ်ကို ကျွန်တော်တို့ လေးစားမိသည်။ အလုပ်မရှိရင် သတင်းစာ ဖတ်နေပြီ၊ ရှေး သတင်းစာများတွင် ဆောင်းပါးကောင်း၊ ၀တ္တုကောင်းများ ပါသဖြင့် ရွှေဥဒေါင်း၏ ရတနာပုံ သံခေါင်းစွပ် မင်းသား၊ သခင်နု၏ ရက်စက်ပါပေ့ကွယ်၊ ဓူဝံ၏ စုံထောက် ၀တ္တုအကြောင်းများကို နေ့စဉ် အိပ်ရာဝင်ချိန် ပြောပြလေ့ရှိသည်။ အမေ ရေဒီယို ကြိုက်သည်။ ရွှေမန်းတင်မောင်၊ စိန်အောင်မင်းတို့၏ အသံလွှင့် ဇာတ်ထုတ်များ ဗုဒ္ဓ၀င် ဇာတ်ထုတ်များ ဇာတ်လမ်းပမာ နားဆင်စရာများကို နားထောင်လေ့ရှိ၏။ ကျွန်တော် တို့ နားမထောင်ဖြစ်လျှင် ပြန်ပြောလေ့ရှိသည်။ အမေ့ ကျေးဇူးကြောင့် စာပိုးဝင်ခဲ့ရသည်။ သားသမီးများကို ယဉ်ကျေးစိတ်ရှိအောင် ပုံသွင်းခဲ့သည်။
ကျွန်တော် ၁၀ တန်းအောင်ပြီး အစ်မရုံးအုပ် ဖြစ်ချိန်၌ အမေ သွေးတိုးရောဂါဖြင့် ကွယ်လွန် သွားရှာခဲ့သည်။ အမေ သေခါနီး နှစ်လအလိုအထိ ချက်ပြုတ် ကျွေးမွေးခဲ့သည်။ အစ်မ ရုံးဆင်းလာပြီး မီးဖိုချောင် အလုပ်ဝင် လုပ်သည်။ အမေကို နားနားနေနေ နေခိုင်းသည်။ အမေက ညည်းတို့ တနေ့လုံး ရုံးမှာ ပင်ပန်းလာကြတာ ငါ ချက်ပြုတ်ပေးတာ မပင်ပန်းပါဘူးဟု ငြင်းရှာသည်။ တာဝန်သိသော အမေသည် လုပ်ကိုင်နိုင်တုံးက အိမ်ထောင်ဦးစီးတာဝန်၊ အိမ်မှုကိစ္စတာဝန် ကျေပွန်ခဲ့သည်။ အသက် (၆၀)ကျော် စီးပွားမရှာနိုင်သည့်အခါ သေသည်အထိ ချက်ပြုတ်ရေးတာဝန်၊ အိမ်မှုကိစ္စ တာဝန်များ၊ ကျေပွန်အောင် ဆောင်ရွက်သွားသည်။ အမေ ထမ်းရွက်ခဲ့သော တာဝန်ဝတ္တရားများသည် ကျွန်တော်တို့ကို လုပ်တတ်အောင် လုပ်ချင်အောင် သင်ပေး သွားသည်။ အလေ့အကျင့်ကောင်းများ အမွေ ပေးသွားသည်။
မူလတန်းကျောင်း နေစဉ်က ဆရာမ ဒေါ်တင်ရွှေက လက်ရေးလှအောင် လေးကြောင်းမျဉ်း စာအုပ်ဖြင့် သင်ခဲ့သည်။ ပြီးစလွယ်ရေးကာ ရိုက်ပြီးပြင်ပေးသည်။ ဆရာမ၏ သွန်သင် ဆုံးမမှု ကောင်းသောကြောင့် ကျွန်တော် လက်ရေး သပ်သပ်ရပ်ရပ် ရှိသည်။ ရုံးဝန်ထမ်း ဖြစ်လာသောအခါ တာဝန်အရ ဖတ်ရသော ၀န်ထမ်းများ၏ အစီရင်ခံစာ လက်ရေးများသည် ဖတ်မရတာ ရှိသည်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဝေဖန်သောအခါ ဆရာမ၏ ကျေးဇူးကို မမေ့နိုင်ပါ။
အလယ်တန်းပြ ဆရာမ ဒေါ်စောခင် အိမ်၌ စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် အင်္ဂလိပ်စာ အချိန်ပို သင်ပေး သည်။ သန့်ရှင်းရေး လုပ်ခိုင်းသည်။ ချက်ပြုတ်ရာတွင် ကူခိုင်းသည်။ အမေကို ကူလုပ်ခဲ့သော၊ ဆရာမကို ကူလုပ်ခဲ့သော အလေ့အကျင့် ကောင်းများကြောင့် ၀န်ထမ်းဘ၀ ရောက်သည့် နေရာ၌ သန့်သန့်ရှင်းရှင်း နေတတ်သည်။ တစ်နိုင်တစ်ပိုင် ချက်ပြုတ် စားတတ်သည်။ အထက်တန်းပြ အင်္ဂလိပ် ဆရာမကြီး ဒေါ်သောင်းခင်က အင်္ဂလိပ်စာတတ်အောင် သင်ပေးသည်။ နုတ်တိုက် သင်ပေးပြီး သင်ခန်းစာ တစ်ခုကြေမှ တစ်ခုပေးတတ်သည်။ ရေးကျက်ခိုင်းသည်။ ရေးဖြေခိုင်းသည်။ စိတ်ရှည်လက်ရှည် ဖြေကြား၊ သင်ကြား ပေးခဲ့သော အလေ့အကျင့် ကောင်းများသည် တက္ကသိုလ် ရောက်သည်အထိ ရေးကျက် ရေးဖြေခဲ့ရသည့် အကျင့်ကောင်း စွဲကျန်ရစ်သည်။ စာမေးပွဲ အောင်ရုံမက ရုံးဝန်ထမ်း ဖြစ်လာသောအခါ အထောက်အပံ့ ဖြစ်ခဲ့သည်။ ရုံးလုပ်ငန်းနှင့် ပတ်သက်၍ ရေးမှတ်သော အကျင့်ရလာပြီး ဒိုင်ယာရီ ထားတတ်ပြီး နှုတ်တစ်ရာ စာတစ်လုံး။
ရုံဝန်ထမ်း ဖြစ်လာသောအခါ ဌာနစိတ်မှူး၊ ဌာနစုမှူး၊ ဌာနခွဲမှူး၊ တိုင်းဦးစီးမှူး၊ လက်ထောက်တိုင်း ဦးစီးမှူး၊ တိုင်းဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး တို့ထံမှ ရုံးလုပ်ငန်းများကို သင်ယူရပြန်သည်။ မိဘ ဆရာများသည် လုပ်ငန်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိသည်။ ကျွမ်းကျင် နှံ့စပ်သည်။ မိမိ ဘာသာရပ်ကို အစဉ်မပြတ် လေ့လာနေသည်။ ၀န်ထမ်းသစ်ကို ခိုင်းသည်။ မှားလျှင် ပြင်ပေးသည်။ တတ်အောင် သင်ပေးသည်။ ပြန်စစ်ဆေး လေ့ရှိသည်။ အချို့ ဆရာများသည် ရုံးလုပ်ငန်း အထောက်အကူပြု ဘေးလုပ်ငန်းများကိုပါ လုပ်တတ်သည်။ အရေးပေါ်ကိစ္စ၊ စီမံချက်ကိစ္စ၊ လေးလဘက်ကိစ္စ၊ နှစ်ပတ်လည် ကိစ္စများ ဆောင်ရွက်စရာ ရှိလာလျှင် အချို့ ဆရာများသည် သူတို့ကိုယ်တိုင် အအိပ်ပျက် အစားပျက်ခံပြီး ဦးဆောင် လုပ်ပြသည်။ ကျွေးမွေးပြီး ၀ိုင်းဝန်း လုပ်ခိုင်းသည်။ တစ်ယောက်အားနှင့် ယူ၍မရ တစ်သောင်း အားနှင့် ယူသောရ၏ ဆိုရိုးစကားအတိုင်းပင်။
အချို့ ဆရာများသည် အကြောင်းအရာ တစ်ခုကို သိချင်၍ တင်ပြခိုင်းလျှင် ပြည့်ပြည့်စုံစုံ ထွက်စရာရှိရင် ဗိုက်ပြည့်အောင်မစား၊ ရေမသောက်၊ အပေါ့အလေးမသွားအောင် ခြိုးခြံရသည် ဟုပြောသည်။ အလေ့ အကျင့်ကောင်း ဖြစ်သည်။
ပြည်သူနှင့် ဆက်ဆံရသော ရုံးဖြစ်သဖြင့် လူရိုသေ၊ ရှင်ရိုသေ ဖြစ်အောင် ဌာန၀တ်စုံ သပ်သပ်ရပ်ရပ် ၀တ်ဖို့ တိုက်တွန်းသည်။ စွတ်ကျယ် လက်ပြက်၊ ဆံပင်စုတ်ဖွား၊ မုတ်ဆိတ်ဗရပြစ်၊ ကွမ်းတပြစ်ပြစ်နှင့် နေထိုင်သည် ကို မကြိုက်။ သေသေသပ်သပ် ၀တ်ဆင်ခိုင်းသည်။ အုပ်ချုပ်သော အရာရှိများပင် သန့်သန့်ပြန့်ပြန့် ၀တ်ဆင် သည်။ ရုံးလုပ်ထုံး လုပ်နည်းများ မသိသော ပြည်သူများကို နားလည် သဘောပေါက်အောင် ဆောင်ရွက် ပေးရမည်မှာ ၀န်ထမ်းတို့၏ အဓိက တာဝန်ဖြစ်ကြောင်း အများကို ကူညီသည့် အကျိုးမေတ္တာ ရမည်။ ရေရှည် ခံမည်။ ညစ်ရင် ရစ်ရင် စေ့ထားရင် သက်တမ်း တိုမည်။ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ကြဖို့ အမြော်အမြင်ကြီးစွာ သင်ကြားပေးသည်။ ၀န်ထမ်းတွေ လိုက်နာမှု ရှိမရှိ တန်ပြန် စစ်ဆေးသည်။ ၀န်ထမ်း များကို ထိန်းပေးထားသည်။ ဆရာနှင့် တပည့်၊ တပည့်နှင့် ဆရာ ကိုယ့်တပည့်ကို ဆုံးမမည်။ သူစိမ်း ထိစရာ မလို ကာကွယ်ပေးသည်။ ဆရာကောင်း ဆရာမြတ်တို့၏ အလေ့အကျင့် ကောင်းများကို မေ့မရနိုင်ပါ။ နောင် တစ်ခေတ် ၀န်ထမ်း မျိုးဆက်သစ် အရာရှိကြီးငယ် ဖြစ်မည့်သူများ၊ အတုခိုးရမည့် အချက်များ ဖြစ်သည်။
ကျွန်တော်သည် သက်ပြည့်နှစ်(၆၀)၊ လုပ်သက်နှစ်(၄၀)ဖြင့် အနားယူ ရတော့မည်။ ရှေ့ဆောင်လမ်းပြ မိခင်၏ အလေ့အကျင့် ကောင်းကြောင့် ပညာသင်စဉ် ကျောင်းသား အရွယ်ကပင် တာဝန်နှင့် ၀တ္တရား စည်းကမ်းများကို နားလည်ခဲ့ရသည်။ အမေထုဆစ် ပျိုးထောင် ပေးသဖြင့် အမေဖြစ်စေချင်သော ၀န်ထမ်း ဖြစ်ခဲ့ပါသည်။ အမေ မြင်မသွားရပါ။ အမေသွန်သင် လေ့ကျင့်မှုများကို လိုက်နာ ဆောင်ရွက်ခဲ့သဖြင့် အစဉ် ပြေစွာ နေထိုင်စားသောက် နိုင်ခဲ့ပါသည်။
မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ၊ ဆရာမများ၏ သွန်သင် လေ့ကျင့်မှုများကြောင့် အလုပ်ခွင် တွင်လည်း အထက်အရာရှိ အဆင့်ဆင့်ကို ရိုသေလေးစားရမှန်း၊ တာဝန်ကို ကြောက်ရမှန်း၊ ဆက်ဆံရေး ပြေပြစ်အောင် ဆောင်ရွက်ရမှန်း သိရှိခဲ့ပါသည်။ သွက်သွက် လက်လက် ရှိသဖြင့် တာဝန် ပေးအပ်သည်ကို ချက်ချင်း လုပ်ပြနိုင်၍ ကြီးကြပ်သူတို့၏ မေတ္တာပေးဝခြေင်း ခံခဲ့ရပါသည်။
ဝန်ထမ်း လုပ်သက်နှစ်(၄၀)တွင် ခေတ်အမျိုးမျိုး ဖြတ်သန်းခဲ့ ရပါသည်။ ကျွန်တော်တို့ အခြေခံ ၀န်ထမ်း ဖြစ်သဖြင့် ဌာနစိတ်မှူး အဆက်ဆက်မှသည် တိုင်းဦးစီးမှူး အဆက်ဆက်ထိ ဆရာများစွာ ရှိခဲ့ပါသည်။ ဆရာများ၍ သားသေမသွားပါ။ ဆရာတိုင်း၌ အရည်အချင်း ကိုယ်စီ ရှိကြသည်။ အချို့ စွယ်စုံတော်သည်။ အချို့လည်း စိတ်သဘောထား ဖြောင့်မတ်သည်၊ ငဲ့သည်၊ ညှာသည်။ ဆရာ တစ်ဦးချင်းထံမှ ကောင်းသော အချက်၊ တော်သောအချက်များကို ရယူကျင့်ကြံအား ထုတ်တတ်ပါက၊ အရည်အသွေး ပြည့်မီသော ၀န်ထမ်း ကောင်းဖြစ်လာပါမည်။ အရပ်သား၊ အရာထမ်းများ၊ တပ်မတော် အရာရှိကြီးငယ်များ၏ လေ့ကျင့် ပျိုးထောင်မှု၊ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိ သဘောပေါက် လိုက်နာမှုကြောင့် နဘယံ ဘေးမသီ ရန်မခ ခဲ့ပါ။ ကျွန်တော် သက်ပြည့်နှစ်(၆၀)၊ လုပ်သက်နှစ်(၄၀) ဘေးအန္တရာယ် ကင်းစင်စွာ လုပ်နိုင်ခဲ့သည်မှာ အမေ၊ ဆရာ၊ အရာရှိ ကြီးငယ် အဆင့်ဆင့်တို့၏ သွန်သင် လေ့ကျင့်မှုများကို သသွေမတိမ်း လိုက်နာခဲ့ခြင်း ကြောင့် ဖြစ်ပါသည်ခင်ဗျား။
အတွဲ(၁)၊ အမှတ်(၁၇) ၂၅.၉.၂၀၀၈ ရက်နေ့ထုတ် ပန်သစ္စာဂျာနယ် မှ ဆောင်းပါးရှင် မေသက်ထွန်း(သရဖူ) ၏ ဆောင်းပါးကို ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုပါရန်...