Tuesday, September 23, 2008

မိဘကျေးဇူးမြင်းမိုရ်ဦး

မြင်းမိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးကြီးမား မိဘနှစ်ပါးတို့သည် မြင်းမိုရ်တောင်ပုံ တမျှကဲ့သို့ ဂုဏ်အင်ကြီးမား ကြပေကုန်၏။ သို့ဖြစ်၍ လောကကြီးမှာရှိတဲ့ တောင်အပေါင်းတို့တွင် မြင်းမိုရ်တောင်ဟာ အကြီးဆုံးဖြစ်ပါတယ်။
အဲဒီလိုပဲ ကျေးဇူးတကာ ကျေးဇူးတို့တွင် မိဘကျေးဇူးဟာလည်း အကြီးဆုံးပဲ၊ ဘာကြောင့်လဲဆိုတော့ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထ၀ီ မြေကြီးသည် ရံခါမီးကြောင့် ပျက်စီးရတယ်၊ ရံခါရေကြောင့် ပျက်စီးရတယ်၊ ရံခါလေကြောင့် ပျက်စီးရတယ်၊ ဒီတော့ ကမ္ဘာကြီးမှာ ဘယ်ဟာအား အကောင်းဆုံးလဲလို့ မေးရင် မီး၊ ရေ၊ လေ ဒီသုံးခုလို့ပဲ ဖြေရပါလိမ့်မယ်။ ဒီအားကြီးတွေနှင့် မိဘနှစ်ပါးက သားသမီးကို မချစ်အောင် တားလို့မရပါဘူး။ မိဘမေတ္တာကပဲ အနိုင်ရမှာပါ။ ဒါ့ကြောင့် ``မာတာပိတုဂုဏောအနန္တော´´ လို့ ဘုရားက ဟောခဲ့တာပေါ့။
မိဘ၏ မေတ္တာအားဟာ ဘယ်လောက် ကောင်းသလဲဆိုတော့ အလွန်တရာ နီမြန်းတဲ့သွေးဟာ မေတ္တာအားကြောင့် ဖြူပြီးနို့ရည် ဖြစ်လာရတယ်။ မချိုတဲ့သွေးဟာ ချိုလာတယ်။ မွေးပြီးလို့ ပစ်သာထားမယ်ဆိုရင် ဒီကလေးက အသက်ရှင်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒီတော့ အသက်၊ အသွေး၊ အသားတွေဟာ ဘယ်သူ့ကြောင့် ကြီးပွားလာရတာလဲဆိုရင် မိဘကြောင့် ကြီးပွားလာရတာပါ။ ဒီအသက်၊ အသွေး၊ အသားတွေကို ဘယ်သူကပိုင်သလဲ မိဘကသာ ပိုင်ဆိုင်ခြင်း ဖြစ်ပါတယ်။
ကလေးတစ်ယောက် သူ့အိုး၊ သူ့အိမ်နှင့် နေနိုင်သည်အထိ စောင့်ရှောက် မွေးမြူလာရတဲ့ ဒုက္ခတွေက မသေးပါဘူး။ နို့စို့တဲ့ အရွယ်တုန်းကလည်း သားကလေး၊ သမီးကလေး ဒုက္ခဖြစ်မှာစိုးလို့ ရှောင်လိုက်ရတဲ့ အစားအစာ၊ မပြောပါနှင့်တော့ အမေဟာ ပိန်သွားတာပဲ၊ အ၀တ်အစား ၀တ်တဲ့အရွယ် ရောက်တော့လည်း သူတို့နှင့် တော်တဲ့ အ၀တ်ကလေး တွေချုပ်ပြီး ၀တ်ပေးရတယ်၊ စားစရာအမျိုးမျိုး ၀ယ်ကျွေးရတယ်၊ ကျောင်းထားတဲ့ အရွယ်ရောက်တော့လည်း ပိုက်ဆံကုန်ကျခံပြီး ကျောင်းထားပေးရတယ်။
လူပျိုတက်စ၊ အပျိုတက်စ အရွယ် အလွန်လှချင်တဲ့ အရွယ်ကျပြန်တော့လည်း သူများနည်းတူ အဖိုးတန် အ၀တ်တန်ဆာများကို ၀ယ်ပြီးပေးရတယ်။ အိမ်ထောင်ပြုတဲ့ အရွယ်ကျ ပြန်တော့လည်း ပိုက်ဆံ အကုန်အကျခံပြီး မင်္ဂလာဆောင် ပေးရတယ်။ သူတို့တွေ ကလေးမွေး ပြန်တော့လည်း သူတို့ ဒုက္ခကို ကူညီပြီး ဆောင်ရွက်ပေးရတယ်။ သူတို့ကလေးကို ထိန်းသိမ်း စောင့်ရှောက်ပေးရတယ်။ အဲဒီဒုက္ခတွေဟာ သေးငယ် တာမဟုတ်၊ အင်မတန်ကြီးလေးတဲ့ ဒုက္ခ၀န်ထုပ်ကြီးပဲ။ အဲဒီဒုက္ခ၀န်ထုပ်ကြီးကို ထမ်းရွက်ရတာ သားသမီး အပေါ်မှာ ကြီးမားတဲ့ မေတ္တာရှိလို့သာ ထမ်းရွက်နိုင်တာပဲ ဖြစ်ပါတယ်။
ပိုက်ဆံပေးပြီးသာ ခိုင်းမယ်ဆိုရင် ဘယ်သူက ထမ်းရွက်မှာလဲ၊ ဘယ်သူမှထမ်းနိုင်မယ် မထင်ပါဘူး။ ဒုက္ခ၀န်ထုပ်ကြီးကို ထမ်းရွက်နေရတဲ့ ကျေးဇူးဟာ အင်မတန်ကြီးမားလွန်းလို့ `` မာတာပိတုဂုဏော အနန္တော´´လို့ မြတ်စွာဘုရား ဟောတော်မူထားပါတယ်။
မိခင်ဟာ မိမိကလေးအပေါ်မှာ ဘယ်လောက် ချစ်သလဲဆိုတော့ ကလေးကို ပုခက်ပေါ်မှာ သိပ်ထားပြီး မိမိ၏ အလုပ်ကိုလုပ်နေပေမယ့် ကလေးငိုသံကိုသာ နားအမြဲစွင့်ပြီးနေတယ်။ အဝေးကို မသွားနိုင်ဘူး၊ ကလေးငိုသံကြားတာနဲ့ တပြိုင်နက် အလုပ်ကိုပစ်ထားပြီး ကလေးထံ ပြေးသွားတာပါပဲ၊ ကိုယ်ကောင်ကွဲပေမယ့် စိတ်ဟာတစ်ခုတည်းလိုပဲ၊ နှစ်ကိုယ့်တစ်စိတ် ဖြစ်နေတယ်။
ကလေး၏ ကိုယ်ကာယဟာ မိမိ၏ ကိုယ်ကာယဖြစ်သလို မိမိ၏ ရင်ခွင်ပေါ်၌ မစင်အညစ်အကြေး စွန့်သော်လည်း ရွံ့စရာလို့ မအောက်မေ့နိုင်ဘူး၊ နှပ်တို့ တံတွေးတို့ အရိအရွဲတို့ ထွက်သော်လည်း မရွံမရှာ သုတ်သင်ပေးတယ်။ ဒီလိုကလေးရဲ့ အညစ်အကြေးတွေကို သုတ်သင်နေရတာဟာ တစ်လနှစ်လ မဟုတ်ဘူး။ သူတို့ ခန္ဓာကို သူတို့နိုင်သည်အထိ သုတ်သင်နေရတာဖြစ်တယ်။ ဒီဒုက္ခတွေကို သည်းခံနိုင်တာ ဟာ အင်မတန်ကောင်းတဲ့ မေတ္တာကြောင့်သာ သည်းခံနိုင်တာပဲ ဖြစ်ပါတယ်။
ကလေးပြုံးလိုက်ရင် အမေဟာ ၀မ်းသာလိုက်တာ သိန်းထီပေါက်တဲ့လူလိုပဲ၊ သားလေး၊ သမီးလေးကို အရိပ်ကြည့်လို့ အားမရဘူး။ အလုပ်ကိုကောင်းကောင်းလုပ်ရတယ်မရှိတော့ဘူး။ ကလေးကို အမြဲတမ်း ကြောင့်ကြစိုက် နေရတယ်။ ကမ္မဋ္ဌာန်း စီးမြန်းတဲ့ ယောဂီရဟန်းများလို သားကမ္မဋ္ဌာန်း စီးမြန်းပြီး နေရတာဟာနည်းတဲ့ မေတ္တာမဟုတ်ပါလား။ သို့ပေမယ့် မြတ်စွာဘုရားက သတ္တ၀ါများကို သနားချစ်ခင်တဲ့ မေတ္တာသည် ချိန်ခွင်ပေါ်မှာတင်ပြီး ချိန်လျှင်အတူတူပဲ ညီမျှပါတယ်။ ဒါကြောင့် ဘုရားနှင့် နှိုင်းတစ်ဂိုဏ်းတည်းလို့ ပြောကြ တာပေါ့။ ဒီလိုကြီးမားတဲ့ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးလျှင် နတ်များ ကြည်ညို၍ ချီးမွမ်းကြောင်းကို ``သုဝဏသာမ´´ဇာတ်မှာ မြတ်စွာဘုရား ဟောကြားတော် မူထားတာတွေ့ရမှာပါ။ ဒါကြောင့် ပုထုဇဉ်လူသား အားလုံးလဲ မိဘကျေးဇူးအထူးသိတတ်ပြီး မိဘကို လုပ်ကျွေးတဲ့ သားကောင်း၊ သမီးကောင်းများ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။
အရှင်ဉာဏ (မဟာယနက၊ တိုက်အုပ်ဆရာတော်) ရေးဖွဲ့ထားတဲ့ ဒေသနာပန်းခိုင် စာအုပ်ထဲမှ ကိုးကား၍ ပြန်လည်ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။
အဖြူရောင်မိန်းကလေး

No comments: