အမေများ၏ မေတ္တာရေကြည်
`အမေ၊ မေမေ၊ အမေကြီး´ စသဖြင့် သားသမီးများ၏ ရင်ထဲ၊ အသည်းနှလုံးထဲမှ အားကိုးတကြီး လှိုက်လှဲစွာထွက်ပေါ် လာသောအသံများဖြင့် မိခင်များကို ခေါ်ဆိုသောအသံများသည် နေ့စဉ်နှင့်အမျှ ကြားနေရပါသည်။ သားသမီးများက လည်း အမေ့ရင်နို့သောက်စို့ခဲ့သူများဖြစ်သဖြင့် အမေ့ရင်ခွင်ရိပ်တွင် ခိုလှုံမ၀၊ အမေ့မျက်နှာကို အားကိုးအားထားအပြည့် ဖြင့် အေးမြသည့် ဖိုးလမင်းကြီးပမာ ကြည့်မ၀၊ ရှုမ၀ ဖြစ်ကြရသည်မှာ သားသမီးတိုင်း ဖြစ်ပါသည်။ အမေ့မေတ္တာကြီးမား ပုံ၊ စမ်းရေပမာ အေးမြပုံတို့ကိုလည်း ဖတ်ဖူး၊ ကြားဖူး၊ သိဖူးကြပါသည်။ ရေး၍မကုန်၊ ပြော၍မကုန်အောင်ပင် ဖြစ်ပါ သည်။
သို့သော်လည်း အမေများထဲမှ အမေတစ်ဦး၏ မဆန်းသော ဖြစ်ရိုးဖြစ်စဉ်လေးတစ်ခုကို လမ်းသွားရင်း အမှတ်မထင် ကြုံတွေ့လိုက်ရသဖြင့် တင်ပြလိုက်ပါသည်။ ကျွန်မခွင့်(၁၀)ရက်ရ၍ မွေးရပ်မြေသို့ ရထားဖြင့်ပြန်စဉ်က ရထားသည် လမ်းခရီးတစ်ဝက်တွင်ရှိသော မြို့ကလေး(၁)မြို့၏ ဘူတာတွင် စက်ချို့ယွင်းသွားသဖြင့် (၂)နာရီခန့်ကြာအောင် ရပ်ထားပါသည်။ ကျွန်မလည်း ပျင်းပျင်းရှိတာနဲ့ ရထားပေါ်မှ ဘူတာရုံကို ကြည့်နေမိပါသည်။ ထိုစဉ် ကျွန်မတွေ့မြင်လိုက် ရသော မြင်းကွင်းတစ်ခုကို စိတ်ဝင်စားစွာ ကြည့်လိုက်ပါသည်။ ထိုမြင်ကွင်းမှာ ဘူတာရုံတွင် ရပ်နေသော အ၀တ်အစား ခပ်နွမ်းနွမ်း ၀တ်ဆင်ထားသည့် သားအမိ(၄)ဦး၏ မြင်ကွင်းဖြစ်ပါသည်။ ဘူတာရုံတွင် မုန့်ပဲသရေစာဈေးသည်များ ပြောင်းဖူးသည်များကလည်း အစီအရီရှိနေပါသည်။ ကလေးများမှာ ဆာလောင်မွတ်သိပ်နေပုံ ရပါသည်။ ပြောင်းဖူးသည် အား တစ်ချိန်လုံးကြည့်၍ စားချင်နေကြသည်ဟု ကျွန်မထင်ပါသည်။ သို့သော် ကလေးများက မိခင်ဖြစ်သူ ပိုက်ဆံမရှိ သည်ကိုသိ၍ ဆာလောင်မွတ်သိပ်မှုကို အောင့်ခံထားပုံဖြင့် မိခင်ဖြစ်သူအား ကြည့်နေသည်မှာ သနားစရာကောင်းလှပါ သည်။ မိခင်ဖြစ်သူက သားသမီးများအားကြည့်ပြီး ပြောင်းဖူးပြုတ် စားမလားဟုမေးသံကို ကြားနေရပါသည်။ သို့သော် ကလေးငယ်များက မိခင်ဖြစ်သူအား မ၀ယ်ပါနှင့် မစားဘူးဟု ပြန်ဖြေကြသော်လည်း မျက်လုံးများသည် ပြောင်းဖူးသည် ထံသို ဝှေ့ယမ်းကြည့်နေပါသည်။ ဤသည်ကို မိခင်ဖြစ်သူကတွေ့၍ ပြောင်းဖူးပြုတ်တစ်ရာဖိုး (၃)ဖူးဝယ်ပြီး ကလေးများ အား တစ်ယောက်တစ်ဖူးစီ ပေးလိုက်ပါသည်။ သားသမီးများ အငမ်းမရစားနေသည်ကိုကြည့်ပြီး အမေဖြစ်သူက တံတွေး မြိုချနေသည်ကို မြင်တွေ့နေရပါသည်။ ကျွန်မထိုဖြစ်ရပ်အားကြည့်ပြီး ဆင်ခြင်မိပါသည်။
သားသမီးများအတွက်ဆိုလျှင် မိခင်များသည် အခြားသူများ မပြုသောအရာများအားလုံးကို ပြုနိုင်ကြပါသည်။ အသက်ကို လည်း စွန့်နိုင်ကြပါသည်။ သားသမီးများ ဒုက္ခရောက်မည်ကို မည်သည့်အမေများမှ ကြည့်နေနိုင်မည် မဟုတ်ပေ။ ဆင်းရဲ ပေမယ့်လည်း အမေများထဲက အမေတစ်ဦး၏ မေတ္တာရေကြည်များသည် `စိမ့်စမ်းရေပမာ တသွင်သွင်စီးဆင်း၍ မကုန် ခမ်းနိုင်´ဆိုသည့် အသိကို ကျွန်မရရှိခဲ့ပါသည်။ ထိုအသိနှင့်အတူ နောင်တတရားကိုပါ ဆင့်ပွားခံစားလိုက်ရပါသည်။ ကျွန်မအမေ၏ ပုံရိပ်ကိုလည်း မြင်ယောင်မိပါသည်။ ကျွန်မအမေ၏ မေတ္တာရေကြည်သည်လည်း ကျွန်မအပေါ် အနှိုင်းမဲ့ တသွင်သွင်စီဆင်းခဲ့ပါသည်။ ကျွန်မအခုမှ အမေ၏မေတ္တာရေကြည်နှင့် နွေးထွေးစွာ ပြုစုခဲ့ပုံ၊ ဆင်းရဲဒုက္ခအမျိုးမျိုး ခံစားခဲ့ ရပုံ၊ အလိုလိုက်ခဲ့ပုံများကို ပြန်လည်စဉ်းစားရင်း မျက်ရည်လည်ခဲ့ပါသည်။ ကျွန်မ၏အမေသည် ကျွန်မအား သိပ်ချစ်သလို ဖြစ်စေချင်သည့် ဆန္ဒများသည်လည်း အများကြီး ရှိခဲ့ပါသည်။ သို့သော်လည်း ကျွန်မသည် အမေဖြစ်စေချင်သော ဆန္ဒ များအား မဖြည့်ဆည်းနိုင်ခဲ့ပါ။ ယခုမှ ကျွန်မနောင်တများစွာ ရခဲ့မိပါသည်။ ယခုကျွန်မ အိမ်သို့ရောက်လျှင် ကျွန်မအား အကောင်းဆုံးနှင့် အနွေးထွေးဆုံးပေးခဲ့သော အမေ၏မေတ္တာများကို လမ်းတွင်အမှတ်တမဲ့တွေ့လိုက်ရသော ဖြစ်ရပ် ကလေးဖြင့် သင်ခန်းစာရရှိခဲ့ပုံကို ပြန်လည်ပြောပြပြီး ကျွန်မပြုလုပ်ခဲ့သော အမှားများကို ခွင့်လွှတ်ပေးရန် ၀န်ချ တောင်းပန်မည်ဟု စိတ်ထဲတွင် တွေးလိုက်ပါသည်။
မိဘများအားလုံးသည် သားသမီးများ အရွယ်ရောက်လာ၍ မိဘကျေးဇူးကို သိတတ်သည်ဖြစ်စေ၊ မသိတတ်သည်ဖြစ်စေ မိဘတို့၏ မေတ္တာရာခိုင်နှုန်းများက လျှော့သွားမည်ဟူ၍ မရှိပါ။ `တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိသည် သားဆိုး သမီးဆိုးပစ်ရိုးထုံးစံမရှိ´ ဟုဆိုသည့် စကားအတိုင်း ဆင်းရဲသောအမေဖြစ်ပါစေ၊ ချမ်းသာသောအမေဖြစ်ပါစေ မိခင်တိုင်း ၏မေတ္တာသည် စံနှုန်းအတူတူပင် ဖြစ်ပါသည်။ လျော့သွားသည်ဟူ၍ မရှိပါ။ မိခင်တို့၏မေတ္တာသည် မြင်းမိုရ်တောင်ထက် မြင့်သည်ဟု တင်စားခဲ့သည့် စကားပုံကို ပြန်လည်ကြားယောင် သုံးသပ်ရင်း အမှတ်မထင် ကြုံတွေ့ခဲ့ရသော အမေများထဲ မှ အမေတစ်ယောက်၏ မေတ္တာရေကြည်အကြောင်းကို တင်ပြလိုက်ရင်း ကျွန်မလည်း ဘ၀သင်ခန်းစာ အများကြီး ရရှိခဲ့ပုံ ကို ရေးသားတင်ပြလိုက်ပါသည်။ သားသမီးတိုင်း မိခင်ကျေးဇူးကို သိတတ်၍ မိခင်၏ကျေးဇူးကို ဆပ်နိုင်သူများ ဖြစ်ကြပါ စေလို့ ဆုတောင်းရင်းဖြင့်။

ယု
No comments:
Post a Comment