Monday, December 1, 2008

စကားနှစ်ခွန်း

လွန်ခဲ့သည့် ရက်က ကျွန်တော် ကြည့်မိသော ကိုရီးယားဇာတ်လမ်း တစ်ခုတွင် အိမ်ထောင်ရေး အဆင်ပြေစေဖို့ “တောင်းပန်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ချစ်တယ်” ဆိုတဲ့ စကားသုံးခွန်းတည်းနှင့် အိမ်ထောင်ရေး အဆင်ပြေအောင် လုပ်လို့ရတယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော်လည်း ဒါကို စဉ်းစား ကြည့်မိတော့ မှန်သည်ဟု ထင်ပါသည်။ အိမ်ထောင်ရေးအတွက်တော့ မဟုတ်ပါ။ အခြားကိစ္စရပ်များတွင် “တောင်းပန်ပါတယ်၊ ကျေးဇူးတင်ပါတယ်” ဆိုသည့် စကားနှစ်ခွန်း ပြောရုံနှင့် ကိစ္စ အတော်များများ အဆင်ပြေသည်ဟု ကျွန်တော် ထင်မိပါသည်။ လောကမှာ လူတိုင်း (လူတော်တော် များများ)သည် ကိစ္စအားလုံးတွင် ကျေးဇူးတင်ဖို့နှင့် တောင်းပန် စကားပြောဖို့ အလွန် ၀န်လေးကြသည်။ ကျွန်တော် ဆိုရင်လည်း ကိစ္စတစ်ခု မှားသွားလို့ တောင်းပန်ရမှာကို ဘာကို ၀န်လေးမှန်းမသိ ၀န်လေး နေတတ်သည်။ သူများ ကူညီလို့ ကျေးဇူးတင်ရမှာကိုလည်း ဘယ်လိုမှန်းမသိ ၀န်လေးနေမိပြန်သည်။ ကိုယ်ကသာ သူများကို တောင်းပန်ရမှာ၊ ကျေးဇူးတင်ရမှာကို ၀န်လေးနေတတ်ပေမယ့် သူများက ကိုယ့်ကို တောင်းပန်ရမှာ၊ ကျေးဇူးတင်ရမှာ ၀န်လေး နေတတ်တာကို အပြစ်မြင်မိသည်။ လူတိုင်းဟာ အထူးသဖြင့် ကျေးဇူးတင်ရမှာထက် တောင်းပန်ရမှာကို ပိုပြီး ၀န်လေးတတ်ပါတယ်။ ကိုယ့်ထက် ငယ်တဲ့သူအပေါ်၊ ကိုယ့်ငယ်သားအပေါ်၊ ကိုယ့်ထက် နိမ့်ကျသူ (လူတစ်ချို့၏ သတ်မှတ်မှု)အပေါ် အမှားပြုလုပ်မိလို့ မှားမှန်းသိတဲ့အခါ တောင်းပန်ဖို့ ပိုပြီး ၀န်လေး နေတတ်ပါတယ်။ တစ်ချို့ဆိုရင် ကိုယ့် ငယ်သား ထောက်ပြတဲ့ ကိုယ့်အမှားကို မှားမှန်းသိပေမယ့် မှားတယ်လို့ ၀န်ခံလိုက်ရင် သိက္ခာကျမှာ စိုးတာနဲ့ ကိုယ်လုပ်တာ မှန်တယ်ဆိုပြီး မရမက တင်းခံထားတတ်ပါတယ်။ တော်ရုံ ကိစ္စမျိုးမှာ အရေးမကြီးပေမယ့် အားလုံး ဒုက္ခရောက်မယ့် ကိစ္စမျိုးမှာတော့ သူ့ရဲ့ တင်းခံထားမှုကြောင့် အဖွဲ့အစည်းဟာ ပျက်စီးသွား တတ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းမှာ တစ်ဦးကို တစ်ဦး လေးစားမှု အပြန်အလှန်ထားပြီး ကိုယ်က သူများအပေါ် အမှားလုပ်မိရင် တောင်းပန်လို့၊ ကိုယ်အပေါ် သူများက ကူညီပေးတဲ့အခါ အပြန်အလှန် ကျေးဇူးတင်လို့ နှစ်ခွန်းတည်းသော စကားလေးကို လက်ကိုင်ပြုရင်း သာယာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြပါစို့လို့ တိုက်တွန်းရင်း . . .

ဇော်ဖြိုး

No comments: