Thursday, November 6, 2008

တန်ဆောင်မုန်းလတွင်ကျင်းပသည့်မြန်မာ့ရိုးရာပွဲတော်များ

တန်ဆောင်မုန်းလသည် မိုးနှောင်းပိုင်း ဆောင်းဦးပိုင်း ကြားကာလဖြစ်၍ ရာသီဥတု သာသာယာယာရှိပါသည်။ တန်ဆောင်မုန်းလအကြောင်းကို တန်ဆောင်မုန်း ဗြိစ္ဆာ၊ ကြိတ္တီကာ၊ ရောင်ဝါရှိန်လို့ဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင် လည်စိုးဟု ကင်းဝန်မင်းကြီးက သံပေါက်လင်္ကာဖြင့် ဖွဲ့ဆိုခဲ့ပါသည်။ တန်ဆောင်မုန်းလကို ဗေဒင်အခေါ်အဝေါ်အရ ဗြိစ္ဆာရာသီဟုခေါ်သည်။ ရာသီရုပ်မှာ ကင်းမြီးကောက်ရုပ်ဖြစ်သည်။ ရာသီပန်းမှာ ခဝဲပန်းများဖြစ်သည်။
မြန်မာလူမျိုးတို့သည် တန်ဆောင်မုန်းလတွင် ကထိန်ပွဲတော်ကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြပါသည်။ မြန်မာ ဗုဒ္ဓဘာသာတို့သည် ဤလတွင် သံဃာ့ဂုဏ်ကို အာရုံပြုလှူဒါန်းရသော ပရမတ်အလှူမျိုးဖြစ်သည့် ကထိန်ပွဲတော်ကို ကျင်းပလေ့ရှိပါသည်။ ယနေ့ခေတ်တွင် တစ်ဦးချင်း ကထိန်အလှူထက် စုပေါင်းမဟာဘုံကထိန်များကို ပိုမိုကျင်းပလာခဲ့ပါ သည်။ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက်၊ အသင်းအဖွဲ့အလိုက် စုပေါင်းမဟာဘုံကထိန်များကို လှူဒါန်းကြရာ သံဃာတော်များမှာ ကထိန်ပွဲများသို့ မအားလပ်အောင်ပင် ကြွနေကြရပါသည်။ ကထိန်ပွဲတွင် အလှူပစ္စည်းများ သာမက အလှူရှင်များ၏ အလှူဒါနအတွက် ဝမ်းမြောက်ပျော်ရွှင်စွာ ကခုန်ကြည်နူးနေကြသည့် အလှူမြင်ကွင်းများကိုလည်း တွေ့ရပါသည်။
တန်ဆောင်မုန်းလ၏ ထူးခြားသောပွဲတော်တစ်ခုမှာ မသိုးသင်္ကန်းရက်လုပ်ခြင်းဖြစ်သည်။ သံဃာတော်များကိုယ်တိုင် သင်္ကန်း များကို ချုပ်လုပ်ဝတ်ကြသည့်ကာလတွင် ကထိန်သင်္ကန်း၊ မသိုးသင်္ကန်းဟူ၍လည်း ခေါ်ကြပါသည်။ ကထိန်ခင်းရန် လှူဒါန်းမည့်သင်္ကန်းကို ညအိပ်မထားဘဲ ထိုနေ့ အရုဏ်မတက်မီအတွင်း နေ့ချင်းပြီးအောင် လုပ်ဆောင်သည့် သင်္ကန်းမြို့ကို မသိုးသင်္ကန်းဟု ခေါ်ပါသည်။ မြန်မာဘုရင်များလက်ထက်ကလည်း မသိုးသင်္ကန်းရက်လုပ်ပွဲများ ကျင်းပကြပါသည်။ ကိုလိုနီ ခေတ်တွင် မသိုးသင်္ကန်းရက်လုပ်မှုများ ပျောက်ကွယ်သွားပါသည်။ မြန်မာ့မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲများလည်း တိမ်မြုပ် သွားသည်။ လွတ်လပ်ရေးရပြီးနောက် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲများ ပြန်၍ ထွန်းကားလာသည်။ ဤပွဲမှာ ထွန်းကား သင့်သော မြန်မာ့ရိုးရာပွဲတစ်ပွဲ ဖြစ်ပါသည်။
တန်ဆောင်မုန်းလသည် ပွဲတော်များဖြင့် ပြည့်လျှံလျက်ရှိသည့်လ ဖြစ်ပါသည်။ တန်ဆောင်တိုင်ပွဲတော်များတွင် ကထိန်သင်္ကန်း၊ မသိုးသင်္ကန်း၊ ပံ့သကူသင်္ကန်းများအပြင် ရှမ်းပြည်နယ်ဘက်တွင် ကြာသင်္ကန်းကပ်လှူပွဲများလည်း ကျင်းပ ပြုလုပ်ကြပါသည်။ တကယ့်ကြာမျှင်များကို သင်္ကန်းရက်၍လည်းကောင်း၊ ပိတ်သင်္ကန်းပေါ်တွင် ကြာပွင့်များ တန်ဆာဆင်၍ လည်းကောင်း ပူဇော်ကြပါသည်။ တန်ဆောင်မုန်းလ၏ အခြားပွဲတော်တစ်ခုမှာ မီးထွန်းပွဲတော် ဖြစ်ပါသည်။ ကြိတ္တီကာ နက္ခတ်စောင့် နတ်သားသည် တန်ဆောင်မုန်းလပြည့်ရောက်လေတိုင်း လူ့ပြည်သို့ ဆင်းသက်လေ့ရှိသည်ကို မင်းနှင့်ပြည်သူ များက မီးထွန်းပူဇော်သည်။ ထို့ကြောင့် တန်ဆောင်တိုင်မီးထွန်းပွဲတော် ဖြစ်ပေါ်လာသည်။
ယခုခေတ် မီးထွန်းပွဲတော်သည် ထေရဝါဒဗုဒ္ဓဘာသာ ပိုဆန်လာသည်။ ဘုရားလောင်း၏ဆံတော်ကို ဌာပနာပြီး တာဝတိံသာတွင်တည်ထားသော စူဠာမဏိစေတီကိုရည်မှန်း၍ ပူဇော်ခြင်းဖြစ်သည်။ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် မီးလုံးများ၊ မီးပုံးများချိတ်ဆွဲခြင်း၊ ဖယောင်းတိုင်များထွန်းညှိခြင်းဖြင့် အလှဆင်ကြသည်။ ကလေးများကလည်း ရောင်စုံ မီးပန်း များ၊ မီးရှူးများ ပစ်လွှတ်ကစားခြင်းဖြင့် ပျော်ရွှင်ကြသည်။
တန်ဆောင်တိုင်ကာလသည် စပါးပေါ်ချိန်ဖြစ်၍ တောင်သူလယ်သမားများ ငွေရွှင်သောကာလ ဖြစ်သည်။ အားလပ်သောကာလဖြစ်သည်။ တောရောမြို့ပါမကျန် မီးရောင်စုံ၊ လူရောင်စုံများဖြင့် ပျော်ရွှင်ကြည်နူးဖွယ် ဖြစ်သည်။ မြို့များတွင် ရပ်ကွက်၊ မြို့နယ်အလိုက် အကအဖွဲ့များ၊ ယိမ်းအဖွဲ့များ၊ တေးဂီတအဖွဲ့များ၊ ပြဇာတ်များ၊ တေးသရုပ်ဖော်များ စသည့် ပွဲလမ်းသဘင်များဖြင့် စည်ကားလှသည်။
တန်ဆောင်တိုင်ကာလတွင် အခြားကျင်းပလေ့ရှိသော အလှူဒါနပွဲတစ်ခုမှာ နိဗ္ဗာန်ဈေးဖြစ်သည်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက် မိမိလှူဒါန်းလိုသော လှူဖွယ်ပစ္စည်းကိုပြင်ဆင်၍ အယုတ်အလတ်အမြတ်မရွေး ဝင်ရောက်အလှူခံစားသုံး နိုင်သော အလှူပွဲများဖြစ်သည်။ တစ်အိမ်ပြီးတစ်အိမ် ဝင်ရောက်၍မုန့်မျိုးစုံကိုစားသောက်ခွင့်ရသည့် အင်မတန်ထူးခြားသော အလှူအတန်း ပုံစံမျိုးဖြစ်၍ ချစ်စရာလည်းကောင်း တန်ဆောင်မုန်းလသည် ထူးခြားသည့်ဝိသေသလက္ခဏာများ ထုံမွှန်း နေသောလလည်း ဖြစ်ပါသည်။ ကြိတ္တီကာ နက္ခတ်စန်းယှဉ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်စောင့် နတ်အပေါင်း တို့သည် မယ်ဇလီပင်စောင့်နတ်မင်းအား လာရောက်ခစားကြသည်။ ထို့ကြောင့် မယ်ဇလီပင်သည် ဆေးပေါင်းခသည်။ ထိုမယ်ဇလီဖူးကို သုပ်စားခြင်းအားဖြင့် အသက်ရှည်သည်၊ အန္တရာယ်ကင်းသည်ဟု အယူရှိသည်။
အချို့အရပ်ဒေသများတွင် မဲဇလီဖူးလေးများကို ပြုတ်၊ ကြက်သွန်စိမ်း၊ ပဲမှုန့်၊ ဆီချက်၊ ဆား၊ ငရုတ်သီးစိမ်းနှင့် သံပုရာရည်တို့ဖြင့်သုပ်ကာ အိမ်နီးချင်းများကို လိုက်လံဝေငှသည့် ချစ်စဖွယ်ဓလေ့လေးကို တွေ့ရပါသည်။ မြန်မာလူမျိုးတို့၏ တစ်ကိုယ်ကောင်းမဆန်သော၊ မည်သည့်နည်းနှင့်မဆို ပေးကမ်းတတ်သောစေတနာကို တွေ့မြင်နေရပါသည်။
တန်ဆောင်တိုင်၏အခြားပွဲတစ်ခုမှာ ကျီးမနိုးပွဲ ဖြစ်သည်။ ကျီးမနိုးပွဲကာလမှာ တန်ဆောင်မုန်းလပြည့်နေ့ လူများအိပ်ချိန်မှ အရုဏ်မတက်မီကာလထိ ဖြစ်သည်။ ကျီးမနိုးပွဲမှာ ရပ်ကွက်တွင်းရှိ ပြုပြင်သင့်သူများကို ပြုပြင်ရန် စာများရေးသားခြင်း၊ နောက်ပြောင်ကျီစယ်လိုစိတ်ဖြင့် ပစ္စည်းများကို ရွှေ့ပြောင်းထားခြင်း စသည်ဖြင့် ရိုးသားစွာ နောက်ပြောင်ကျီစယ်သည့်ပွဲ ဖြစ်သည်။ ယခုခေတ် ကျီးမနိုးပွဲတွင် သရုပ်ပျက် စည်းကမ်းပျက်ရုံသာမက ကျီးမနိုးပွဲကို မှီ၍ ဒုစရိုက်သမားများက ဒုစရိုက်မှုများ ကျူးလွန်ကြသဖြင့် လူအများမနှစ်သက်တော့ဘဲ တဖြည်းဖြည်း တိမ်ကောစ ပြုလာပါသည်။
တန်ဆောင်မုန်းလတွင် ရပ်ထဲရွာထဲတွင် မီးပုံးပျံပြိုင်ပွဲများ ပြုလုပ်ကျင်းပလေ့ရှိသည်။ ရှမ်းပြည်နယ်၊ တောင်ကြီး မြို့တွင် မီးပုံးပျံပွဲကို ရိုးရာဓလေ့တစ်ခုအနေဖြင့် အကြီးအကျယ် ပြုလုပ်ကျင်းပပြီး ဆုငွေများ ထိုက်ထိုက်တန်တန် ဂုဏ်ပြုလျက်ရှိရာ ဝင်ရောက်ယှဉ်ပြိုင်သူ များပြါးလှပြီး ရိုးရာမီးပုံးပျံဓလေ့ကို ရှုမငြီးနိုင်အောင် တွေ့မြင်နိုင်ပါသည်။ တန်ဆောင်မုန်းလ၏ ပွဲလမ်းသဘင်ပေါများပုံများ အဘိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး၊ နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦးဟူသော ငယ်စဉ်က ရွတ်ဆိုခဲ့သည့် ကဗျာစာသားလေးကိုကြည့်လျှင် သိနိုင်ပါသည်။ မြန်မာ့အသံ မှ မြိုင်မြိုင်ဆိုင်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ဟူသောသီချင်းကလည်း တန်ဆောင်တိုင်ပွဲတော်ရှိ လှုပ်ရှား နေသောပုံရိပ်များကို အားကူပေးလျှက် ရှိပါသည်။ တန်ဆောင်မုန်းလတွင် ကလေးများကလည်း ကလေးအလျှောက် မီးရှူး မီးပန်းများ ထွန်းညှိရင်း ပျော်ရွှင်ကြသည်။ လူငယ်များကလည်း လူငယ်အလျှောက် ပွဲလမ်းသဘင်များ လည်ပတ် ကြည့်ရှုရင်း ပျော်ရွှင်ကြသည်။ လူကြီးများကလည်း အလှူဒါနပြုလုပ်ရင်း ပျော်ရွှင်ကြပါသည်။
ထို့ကြောင့် တန်ဆောင်မုန်းလရှိ မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော်များသည် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာအရ မြန်မာ့ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ သဒ္ဓါတရားနှင့် ပျော်ရွှင်ကြည်နူးဖွယ်ပုံရိပ်များကို ကောင်းမွန်စွာ ဖော်ဆောင်နိုင်သော ကြောင့် မြန်မာတို့၏ ချစ်စရာ ပျော်စရာ လတစ်လပင် ဖြစ်ပါတော့သည်။
ရှင်းသန့်ချို

No comments: