လုံခြုံစိတ်ချရသော နေ့စဉ်ခြေလှမ်းသစ်များဖြင့်
လူတိုင်း နေ့စဉ်ကိုယ်ဖြင့် ပြုရသည်၊ နှုတ်ဖြင့် ပြုရသည်၊ စိတ်ဖြင့် ကြံရသည်၊ ပြု-ပြော-ကြံ ကံအလုပ်များကို လူသားပီပီ ထိစပ်ရသည်။ သတိနှင့် အသိဉာဏ်ပါပါ ဖြူစင် ဖြောင့်စင်းသော ထိစပ်မိသော ဘ၀သည် ကြိုးမရှုပ်သော ဇီးကွက်ရုပ်ပမာ မင်္ဂလာရှိသည်။ ထို့ကြောင့် ဖြူစင် ဖြောင့်စင်းသော တုန့်ပြန်မှုများကိုသာ အများအားဖြင့် လက်ခံ ကြုံရတတ်သည်။
သို့ရာတွင် ကိလေသာ အညစ်အကြေးများ ထူပြော လိမ်းကျံလျက် ရှိသော ဤပုထုဇဉ် အသိုက်အမြုံကြီးသည်ကား ဖြူစင်ဖြောင့်စင်းခြင်း နည်းပါးလှသည်၊ မာယာများလှသည်၊ ပရိယာယ် ကြွယ်လှသည်။ မိမိဖာသာ လွတ်လပ် အေးချမ်းစွာ ပလက်ဖောင်းပေါ် လျှောက်လှမ်းနေစဉ် အခိုက်မှာပင် လမ်းပေါ်မှ ဖြတ်သန်းမောင်းနှင်သွားသော ကားဘီးနှင့် ရေညစ်အိုင်တို့၏ ပွတ်တိုက်မှုကြောင့် တစ်ကိုယ်လုံး ရွှံ့နှစ်ရေများ ရွှဲရွှဲစိုရသည်။ ယာဉ်မောင်း၏ အပြစ်ဟုလည်း မဆိုသာ။ ဤသည်ပင် ပုထုဇဉ် အသိုက်အ၀န်း၏ မူလ သဘာဝ သရုပ်မှန်မျှသာ။
အညစ်အပတ်၊ အကွေ့အကောက်၊ အလိမ်အလှည့် မာယာများ မင်းမူလျက်ရှိသော အကန်း ပုထုဇဉ်တို့၏ အသိုက်အမြုံကြီးအတွင်း အကန်းစိတ်သည် မကောင်းမှု၌ ပျော်မွေ့တတ်သည်ကို သတိထားရသည်။ (ပါပသ္မိံ ရမတိ မနော)၊ သတိထားမိပြီ ဆိုလျှင် အပြစ်ကင်း၍ ကောင်းကျိုးကိုသာ ပေးတတ်သော ပြု ပြော ကြံ လမ်းကြောင်းဆီသို့ ဦးတည်မိ၏ (ကုသလကမ္မပထ)။
သက်ရှိသတ္တ၀ါတို့ကို မညှင်းဆဲ မသတ်ဖြတ်၊ သူတစ်ပါးဥစ္စာကို မခိုးယူ မလုယက်၊ သူတစ်ပါး အိမ်ရာကို မကျော်နင်း (ကောင်းသော ကိုယ်ကျင့်)၊ မမှန်စကားမဆို၊ ချောပစ် ကုန်းတိုက်ခြင်းမရှိ၊ ကြမ်းတမ်း မောက်မာစွာ မပြော၊ အနှစ်မဲ့ သိမ်ဖျင်းစကား စိတ်မ၀င်စား (ကောင်းသော နှုတ်ကျင့်) သူတစ်ပါး ဂုဏ်သိန် စည်းစိမ်အပေါ် မတရားမကြံစည်၊ သူတစ်ပါးအား မပျက်စီးစေလို၊ ကံနှင့် ကံအကျိုးကို ယုံကြည် (ကောင်းသော စိတ်နေ စိတ်ထား)ဟူသော ကောင်းကျင့်ဆယ်မျိုးကို နေ့စဉ်သတိဖြင့် ရှောင်ကြဉ် စောင့်ထိန်းမိပြီဆိုလျှင် ထိုတစ်နေ့တာ အဖိုးတန်လေပြီ။
ထိုထက်ပို၍ ပေးကမ်းစွန့်လွှတ်ခြင်း (ဒါန)၊ မကောင်းမှု ရှောင်ကြဉ်ခြင်းနှင့် တာဝန် ကျေပွန်ခြင်း (သီလ)၊ ကုသိုလ် အာရုံတို့၌ စူးစိုက်သော သမာဓိဖြင့် ပွားထုံခိုင်မြဲခြင်း (ဘာဝနာ)တို့ကို အပိုဆောင်းနိုင်ပြီဆိုလျှင် ထိုတစ်နေ့ကား အနာဂတ်ဘ၀ လုံခြုံစိတ်ချရသော ခြေတစ်လှမ်းပင်တည်း။
အကန်းပုထုဇဉ်တို့၏ အမိုက်တိုက် အသိုက်အမြုံမှ တစ်စတစ်စဖဲခွာ၍ လင်းလက် သာယာသော အနာဂတ်ဆီသို့ လုံခြုံစိတ်ချရသော နေ့စဉ်ခြေလှမ်းသစ်များဖြင့် ပုံမှန်ချဉ်းကပ် လျှောက်လှမ်းနိုင်ကြပါစေ။
ဓမ္မော ဟဝေ ရက္ခတိ ဓမ္မကျင့်သုံးသူကို ဓမ္မသည် ပြန်လည်စောင့်ရှောက် တတ်ပေ၏။

(သာထွန်းပြန့် ဓမ္မစာစောင် အတွဲ (၁၃) အမှတ် (၆)မှ ကူးယူဖော်ပြသည်)
ဇော်ဖြိုး
No comments:
Post a Comment