ပိတောက်တွေ ပွင့်ပြန်ဦးတော့မယ်
နှစ်ဟောင်းတစ်ခုကုန်ဆုံးပြီး နှစ်သစ်တစ်ခု ရောက်ခဲ့ပြန်ပြီ။ မကြာခင်မှာပဲ မြန်မာနှစ်သစ်ကူးဦး တော့မယ်။ နှစ်ဦးနှင့်အတူ ပိတောက်ဦးတွေလည်း မြင်တွေ့ရတော့မယ်။ ရွှေအဆင်းနဲ့ ရနံ့သင်းတဲ့ ပိတောက်ကို မြန်မာလူမျိုးတိုင်း ချစ်ကြပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာနဲ့ ဝေးကွာနေကြသူတိုင်း ပိတောက် ပွင့်ချိန်ရောက်ရင် နေမထိ ထိုင်မသာဖြစ်အောင် အိမ်လွမ်းဝေဒနာ ကြီးမားလာကြပါတယ်။
မြန်မာဆိုတာ ဘယ်လိုအကြောင်းမျိုးနဲ့ တိုင်းတစ်ပါးကို ရောက်သွားသွား၊ ဘယ်လောက်ကြာ အောင် ဟိုမှာနေနေ ချဉ်ပေါင်ရွက်နဲ့ မန်းကျည်းရွက်ကို မလွမ်းတဲ့၊ တညင်းသီးနဲ့ ငပိရည်ကို မလွမ်းတဲ့ မြန်မာလူမျိုးမရှိပါဘူး။ ပိတောက်ကို မလွမ်းတဲ့ မြန်မာလူမျိုးလည်း မရှိပါဘူး။ စင်ကာပူလို အာရှနိုင်ငံ တစ်ချို့မှာ ပိတောက်ရှိတတ်ပေမယ့် မြန်မာပြည်က ပိတောက်လိုတော့ ကြိုင်နေအောင် မမွှေးပါဘူး။ ဘယ်လူမျိုးမဆို ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံကို ချစ်တတ်ကြတာချည်းပါ။ လူမှန်ရင် အိမ်လွမ်းစိတ်၊ မြို့လွမ်းစိတ်၊ ရွာလွမ်းစိတ် ရှိတတ်စမြဲဖြစ်တယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို လုံးဝကျောခိုင်းသွားပြီး တခြားနိုင်ငံသားဖြစ်သွားသူများဟာ တစ်နေ့နေ့ အသက်ကြီးလာတဲ့အခါ `အမေနဲ့ရွာကိုလွမ်းတဲ့စိတ်´ အမြဲဖြစ်တတ်ကြပါတယ်။ လူတိုင်း သင်္ကြန်ကိုမျှော်လင့်ကြစမြဲပါ။ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်သင်္ကြန်နှင့်အတူ ဆေးကြောသန့်စင်ကြပါတယ်။ အချို့လူကြီးများကတော့ သင်္ကြန်အချိန်မှာ ဥပုဉ်သီတင်း စောင့်တည်ကြပါတယ်။ အချို့လူငယ်များကတော့ တစ်နှစ်မှ တစ်ကြိမ်ကျရောက်တဲ့ သင်္ကြန်ပွဲတော်မှာ ရေပက်ခံထွက်ကြပါတယ်။
ကျရောက်တော့မယ့် သင်္ကြန်ကို မျှော်လင့်ရင်း ကျွန်မ ပျော်နေမိပါတယ်။ လူတိုင်းလူတိုင်း လည်း ကျွန်မနှင့်ထပ်တူ သင်္ကြန်ကို မျှော်လင့်နေကြမှာပဲလို့ ထင်မိပါတယ်။ သင်္ကြန်ဆိုတာ အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ ကာလလေးတစ်ခုပါ။ ကျွန်မငယ်ငယ်ကတည်းကနေ ယခုအချိန် အထိ သင်္ကြန်ရောက်တိုင်း ရေပက်ခံထွက်ခဲ့ပါတယ်။ ဒီနှစ်သင်္ကြန်မှာတော့ ဥပုဉ်စောင့်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်မဟာ မြို့သူတစ်ယောက် မဟုတ်သလို နယ်မှာ အကြာကြီးနေတဲ့ နယ်သူလဲ မဟုတ်ပါဘူး။ ကျွန်မဟာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မတို့ မြို့ရဲ့ သင်္ကြန်ဟာ အရမ်းပျော်စရာကောင်းပါတယ်။ မြို့မှာ ရွာပေါင်း (၇၀)ကျော် ရှိပါတယ်။ သင်္ကြန်နေ့ရက်တိုင်းမှာ ဘုရားပွဲ ရှိပါတယ်။ ဒါက ကျွန်မတို့ရွာရဲ့ ဓလေ့တစ်ခုပါ။ ဒီဓလေ့လေးကဘဲ အလွန်ချစ်စရာကောင်းပါတယ်။ ကျွန်မတို့မြို့်မှာ သင်္ကြန်ဆိုရင် နှစ်ဆန်းတစ်ရက်နေ့ထိ ရေပက်ကြပါတယ်။ ကျွန်မတို့ရွာရဲ့ သင်္ကြန်အချိန်မှာဆိုရင် မြင်းလှည်းလေးတွေအလှဆင်၊ နွားလှည်းလေးတွေ အလှဆင်ပြီး ဘုရားပွဲရှိတဲ့ရွာဆီကို ရေပက်ခံထွက်ကြ ပါတယ်။
အခု သင်္ကြန်ရောက်ဖို့ အချိန်နီးကပ်နေပါပြီ။ သင်္ကြန်မှာ ပိတောက်တွေလည်း ဝေနေအောင်ပွင့်ဦးမှာပါ။ ကျွန်မအိမ်ကိုလွမ်းလှပါပြီး၊ ကျွန်မအိမ်နဲ့ခွဲပြီး နေပြည်တော်မှာ အလုပ်လာလုပ်နေတာပါ၊ ကျွန်မသင်္ကြန် ရုံးပိတ်ရက်မှာ အိမ်ပြန်မှာပါ။ ဒီနှစ်လည်း ကျွန်မတို့နယ်ရဲ့ ချစ်စရာကောင်းတဲ့ဓလေ့စရိုက်ရှိတဲ့ သင်္ကြန်ပွဲတော်မှာ ပျော်ပျော်ရွှင်ရွှင် နေလိုက်ပါအုံးမယ်။ ကျွန်မနှင့်အတူ ကျွန်မတို့နယ်ရဲ့ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ နိုင်ငံရပ်ခြားရောက်နေတဲ့ သူငယ်ချင်းများလည်း ကျွန်မနှင့်အတူ သင်္ကြန်ပွဲတော်ကို စိတ်ကူးနဲ့မျှော်လင့်စောင့်စားရင်း ပျော်ရွင်နိုင်ပါစေလို့ ဒီဘလော့မှ ဆုတောင်းပေးလိုက်ပါတယ်။
''ရွှေရောင်လူးတဲ့ မြန်မာ့နှစ်ဦး"
ပန်းသိင်္ဂါမြရည်ရစ်ကယ်နဲ့
ရွှန်းထိန်ဖြာ အလှပန်းချီသစ်ပါပေါ့
နှစ်ဦးမြတ်သည်အတာ။
နွေအကူးရယ်က
ဝေဖူးငုံကာစီနှင့်
မှုန်ဝတ်ရည်ပက်ကာ ဖြန်းလေတော့
ပင်နန်းမှာ ဘယ်ညာချီလို့
တို့ပြည်မှာ ရွှေဝါရောင်သန်းလို့ရယ်
ပန်းပိတောက်ဝါ။
တစ်နှစ်ကူးပြန်ပေါ့
နှစ်ဦးသည်အတာမှာဖြင့်
ရွှေဝါရောင် ပိတောက်ပွင့်တွေက
ဝေဆင့်ကာ တလွင့်လွင့်နဲ့
အယဉ်မှာ အလှတွေဆောင်းပါလို့
သူ့ခေါင်းမှာတဲ့ ထိန်ထိန်ဝါ
ကိုယ့်ခေါင်းမှာတဲ့ သိန်သရေဖြာ။
ငွေဖလားမှာ သပြေခက်ရယ်နဲ့
ရေပက်ကာ မွှေးရည်ချိုးကာပ
ရိုးရာဟန် ယဉ်ဓလေ့ရယ်နဲ့
ချမ်းမြေ့ကာ ဂါရ၀ထားပါလို့
ဘိုးဘွားစဉ် ရှေးမူဟောင်းလို့ပေါ့
ခေါင်းဆေးကာ မင်္ဂလာပြုကြတယ်။
ကွယ်…..ကောင်းမှုစေတနာနဲ့
မြန်မာ့နှစ်ဦး။
ယု
No comments:
Post a Comment