မှန်ကန်သောစကားကိုပြောဆိုခြင်း
လူတစ်ဦးဟာ မိမိမှာ အကုသိုလ်တွေ ဖြစ်စေဖို့ မိမိဘ၀ကို မထိခိုက် မနစ်နာစေဖို့အတွက် မဟုတ်မတရား တွေကို မပြုမှုမိအောင် မိမိကိုယ်မိမိ သတိထားစောင့်ရှောက်ပြီး ပြုလုပ်နေတယ်ဆိုရင် သူ့အပြုအမှုတွေဟာ တစ်ဖက်သားအပေါ်မှာ ထိခိုက်စေနိုင်တဲ့ အပြုအမှုမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။ မိမိကိုယ်ကိုမိမိ စောင့်ရှောက်ပြီး ပြုလုပ်နေတယ်ဆိုရင် ဒီလူရဲ့အပြုအမှုဟာ တစ်ဖက်သူတို့အတွက်လည်း အကျိုးရှိစေတဲ့အပြုအမှု ဖြစ်မှာပါပဲ။
လူတစ်ဦးဟာ အကုသိုလ်တွေမဖြစ်စေဖို့ မိမိအပေါ်မှာ ဒုက္ခအန္တရာယ်တွေ မကျရောက်လာစေဖို့အတွက် ကိုယ်ကျင့်တရား မြဲမြံစွာနဲ့ မကောင်းမှုတွေ မပြုမိအောင် စောင့်စည်းခြင်း၊ စောင့်ရှောက်ခြင်း ပြုနေတယ်ဆိုရင် လည်း အဲဒီလူရဲ့အပြုအမှုဟာ တစ်ဖက်သားကို အကျိုးမဲ့မဖြစ်စေနိုင်ပါဘူး၊ မထိခိုက်နိုင်ပါဘူး၊ အနှောင့်အယှက်ပြု ရာလည်းမရောက်ပါဘူး သတိပညာအစောင့်အရှောက်နဲ့ ကောင်းတာတွေကို ပြုမှုခြင်းဟာ မိမိရောတစ်ဖက်သူတွေ ပါအကျိုးများစေနိုင်တဲ့ ပြုမှုခြင်းတွေဖြစ်ပါတယ်။
အလုပ်အနေနဲ့ပြောရရင်လည်း မိမိဘ၀ပုံမှန်တိုးတက်ဖို့ မိမိဂုဏ်သိက္ခာတိုးတက်ဖို့အတွက် မိမိအလုပ်ကို အမှားအယွင်း၊ အချွတ်အချော်မရှိအောင် မသမာတာတွေမဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီးလုပ်ရင် တစ်ဖက် ကလူတွေအတွက် အများကြီးအကျိုးရှိတာပါဘဲ။ ကိုယ့်အလုပ်ကို ကိုယ်ကအကောင်းဆုံးလုပ်ရင် မိမိရောတစ်ဖက် လူများပါ အကျိုးရှိစေဖို့ပဲ ရှိပါလိမ့်မယ်။ ဒါကြောင့် လောကအနေနဲ့ ကြည့်မယ်ဆိုရင် မကောင်းတဲ့ဝဇီကံဒုစရိုက်တွေ ဟာ အချင်းချင်းညီညွတ်မှုတွေကို ဖျက်ဆီးပစ်နိုင်တယ်။ မကောင်းတဲ့စကားကြောင့် လူတစ်ဦးရဲ့ဘ၀ဟာ ရစရာမရှိ အောင်ကြေမွပျက်သုဉ်းသွားနိုင်တယ်။ မကောင်းတဲ့စကားကြောင့် ဆက်ဆံမှုတွေကျဆင်းပြီး မိမိအလုပ်အကိုင်တွေ ပါပျက်စီးသွားနိုင်ပါတယ်။ မကောင်းတဲ့ဝဇီကံမှုတွေဟာ လူတစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် သံသယတွေဖြစ်နိုင် ပါတယ်။ ယုံကြည်မှု၊ လေးစားမှုတွေ ကင်းသွားစေနိုင်ပါတယ်။ မကောင်းတဲ့စကားကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်နိုင်ငံ နဲ့တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ခိုက်ရန်ဒေါသတွေ ဖြစ်ကြမှာပါ ဒီလိုဖြစ်ရာကမှ ပျက်စီးမှုအမျိုးမျိုး၊ ဆုံးရှုံးနစ်နာ မှုအမျိုးမျိုး ဖြစ်နိုင်ပါတယ်။
ဒီတော့ မိမိကိုယ်မိမိ သတိပညာနဲ့စောင့်ရှောက်ပြီး ကိုယ့်ဘက်က မှန်တာကိုပြောမယ်၊ သာယာနာပျော် ဖွယ်ကောင်းတဲ့စကားကိုပြောမယ်ဆိုရင် လူမှုဒုက္ခတွေ၊ လူမှုပြဿနာတွေ တော်တော်များများ လျော့နည်းသွားမှာဘဲ လို့ခဏခဏတွေးမိပါတယ်။ တွေးမိတိုင်းလည်း ``မိမိကိုယ်မိမိစောင့်ရှောက်ပြီး မိမိအလုပ်ကို မိမိအကောင်းဆုံးလုပ် ခြင်းဟာ မိမိအတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးများစေနိုင်ပါတယ်´´ ဆိုတဲ့ အဆုံးအမစကားကိုကြား ယောင်မိ၊ သတိရမိလာပါတယ်။ ကိုယ်အပြုအမှုကိုသာမက နှုတ်အပြုမှုမှာလည်း မိမိမှာအကုသိုလ်အကျိုးမဲ့စရာ များမဖြစ်စေဖို့ နှင့် မလိုလားအပ်တဲ့ပြဿနာများမဖြစ်စေဖို့အတွက် ကိုယ့်ဘက်က သတိပညာအစောင့်အရှောက်နဲ့ အတတ်နိုင်ဆုံး စောင့်ရှောက်ပြီး ၀ဇီကံမှုကိုပြုရင် မိမိရောသူတစ်ပါးပါ အကျိုးများစေမှာပဲလို့ ယုံကြည်မိပါတယ်။ ဒီလို ယုံကြည်မှုနဲ့ အတူ ဘ၀ခရီးသည်ချင်း သတိပေးတဲ့အနေနဲ့ မိမိ၏စကားကြောင့် ကောင်းကျိုးတွေအများကြီး ရရှိနိုင်သလို တစ်ဖက်မှာလည်း စကားကြောင့်ဖြစ်ပေါ်နိုင်တဲ့ အကျိုးမဲ့တွေကလည်း အများကြီးပါဘဲလို့ စိတ်ခံစားချက် အဖြစ်အပျက်ကို ရေးသားဖော်ပြအပ်ပါတယ်။
No comments:
Post a Comment