ပျော်ရွှင်ရေးနှင့် ကျန်းမာမှု
ပျော်ရွှင်မှုကို မကြိုက်နှစ်သက်သူ ဟူ၍ ကျွန်မတို့သည် မတွေ့ဖူး ခဲ့ပါ။ လူတိုင်းသည် ပျော်ရွှင်မှုကို ကျွန်မလိုပင် ကြိုက်တတ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ သို့သော် ဉာဏ်ပညာနှင့် သီလ သမာဓိ ပြည့်စုံကြသော သူတော်စင် များကမူ ကျွန်မတို့ ပျော်ရွှင်နှစ်သက်သော သာယာသည့် ဂီတ၊ လှပသည့် ကကြိုးအချို့ ကကွက်နှင့် အရက် သေစာ၊ ဆေးလိပ်၊ စီးကရက်၊ မူးယစ်ဆေးဝါး၊ စိတ်ကြွရူးသွပ်ဆေးပြား၊ လောင်းကစားမှုနှင့် ကာမဂုဏ် အာရုံ အပျော်အပါး တို့ကို စက်ဆုတ်ရွံရှာ ကြလိမ့်မည် ဖြစ်ပါသည်။ တစ်စုံတစ်ယောက် အတွက် အရသာ ရှိလှသည် ထင်ရသော အစားအစာ အချို့သည် အခြားလူတစ်ဦး အတွက် အဆိပ်အတောက် သို့မဟုတ် အော်ဂလီ ဆန်ချင် စရာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။
အပျော်ရွှင်ဆုံး လူဆိုတာ သူ့အတွင်းမှာ အကောင်းဆုံးနဲ့ အဆင့်မြင့်ဆုံး အရည်အချင်းကို ဖော်ထုတ်နိုင်စွမ်း ရှိသူ ဖြစ်တယ်လို့ မဟာမြိုင် ဆရာတော် ဦးဇောတိက က ရေးသားတော် မူခဲ့ဖူးပါသည်။ ပျော်ရွှင်မှုကို ခင်ခင် မွတ်မွတ် တောင့်တောင့် တတ ပြင်ပ၌ ရှာဖွေ၍ မရနိုင်ကြောင်း ဘ၀ အတွေ့အကြုံ ရင့်ကျက်လာရင် ရင့်ကျက် လာသလို သိရှိနိုင်မည်ဟု ကျွန်မထင်မြင် မိပါသည်။
အနောက် နိုင်ငံကြီးတစ်ခုမှ ယနေ့အချိန် ကာလတိုင် အောင်မြင်နေသော ကုမ္ပဏီကြီး တစ်ခုက အောက်ပါမူ ၅ချက်ကို ချမှတ် ဆောင်ရွက် နေကြောင်း ကျွန်မ ကြားသိခဲ့ ရပါသည်-
၁။ ကျန်းမာခြင်း
၂။ ချမ်းသာခြင်း
၃။ အောင်မြင်မှု
၎။ ကူညီ (လှူဒါန်းမှု)မှုနှင့်
၅။ ပျော်ရွှင်မှု ဟုဆိုပါသည်။
သူ၏ မူငါးချက်သည် အတုယူစရာ ကောင်းသည်ဟု ကျွန်မ ထင်မြင် မိပါသည်။
ပျော်ရွှင်မှုဆိုတာ ကျွန်မတို့ ပေးလှူးနိုင်တာနဲ့ ဆိုင်ပါတယ်။ ရယူနိုင်တာနဲ့ မဟုတ်ပါဘူး။ ရယူခြင်းသည် ပျော်ရွှင်စရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့ရာတွင် ပေးလှူနိုင်ခြင်းက ရယူခြင်းထက် အဆများစွာ ကြည်နူး ပျော်ရွှင်စရာ ဖြစ်ကြောင်း ကိုယ်တွေ့ ခံစားဖူးသူများက နားလည်သိမြင် ကြပေလိမ့်မည်။ ပျော်ရွှင်ရေးကို ပထမ ဦးစားပေး အရေးထားပြီး ဘ၀ကို အဓိပ္ပါယ် မဖော်သင့်ပေ။ လူ့ဘ၀၏ အမြင့်ဆုံး ရည်မှန်းချက်၊ မျှော်မှန်းချက် အဖြစ် ထားလိုက ထားပြီး၊ ကြားက အဆင့်များကို အလျင်ဦးစွာ ရရှိအောင် ကြိုးစားရဦး မည်ဟု ခံယူ သင့်လေသည်။ ပေးဝေလှူဒါန်း ကူညီနိုင်အောင် ဆောင်ရွက် ရဦးမည်။ သူတစ်ပါးကို ကူညီသည် ဆိုသည်မှာ မုန်းတီးနေ၍ မဖြစ်နိုင်။ သူတစ်ပါးကို ဒေါသ ဖြစ်နေ၍ မရနိုင်။ လူအများအပေါ်တွင် မနာလို ငြူစူနေ၍လည်း မဖြစ်နိုင်။ ပေးစရာ ကမ်းစရာ ဥစ္စာပစ္စည်း တို့သည်လည်း ကြွယ်ဝချမ်းသာ နေရမည်။ အောင်မြင်မှုတွေ ရရှိနေရ မည်။ အောင်မြင်သူ ဖြစ်မှ ကူညီနိုင်ပေမည်။
အောင်မြင်သူ ဖြစ်လာအောင် ချမ်းသာခြင်း ပြည့်စုံရလေမည်။ ချမ်းသာအောင် ဆောင်ရွက်ဖို့ရာမှာ မကျမ်းမာ သူအတွက် ခက်ခဲလှပေမည်။ ကျန်းမာရေး မပြည့်စုံသူ များအတွက်မူ ချမ်းသာရေးသည် အလှမ်းဝေး နေပါဦး မည်။
ကျန်းမာခြင်းသည် မြတ်သော လာဒ်ကြီး တစ်ခုဖြစ်ကြောင်း ရှေးရှေးသော ပညာရှိတို့က အခါများစွာ သင်ကြား ပြသခဲ့ကြ၏။ ကျန်းမာရေး ပြည့်စုံသူ ဖြစ်နေအောင် ပထမ ဦးစားပေး ကျင့်ကြံ နေထိုင် တတ်ပါစေ။ ဤအချက် သည် ဘ၀တစ်ခု၏ အခြေခံ အုတ်မြစ် ဖြစ်ပါသည်။ ကျန်းမာရေး ဆိုသည်မှာ ကိုယ်ခန္ဓာတွင် အနာရောဂါ ကင်းစင် ရေးသာမဟုတ်။ စိတ်ပိုင်ဆိုင်ရာ သောက၊ ဒေါသ၊ စိတ်ဖိစီးမှု အစရှိသည်တို့ ကင်းဝေးလျက် တည်ငြိမ် အေးချမ်းသော စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်း သည်လည်း အကျုံးဝင်ပါသည်။ ထို့အပြင် မိသားစု ဆက်ဆံရေး၊ ပတ်ဝန်းကျင်နှင့် ဆက်ဆံရေး အခြေအနေ တို့တွင်လည်း အဆင်ပြေ ချောမွေ့၍ လူမှုရေး တန်ဖိုးများ ထိုက်သင့် မျှတစွာ ရရှိနေခြင်းသည်လည်း ကျန်းမာရေး ပြည့်စုံမှုတွင် တစ်စိတ် တစ်ဒေသ အနေနှင့် ပါဝင်ပေသည်။ ကျန်းမာရေး ဆိုသော အချင်းအရာ ထဲတွင် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှု ဆက်ဆံရေး အပိုင်းတို့ မျှတ ကောင်းမွန် နေခြင်းများ အကျုံးဝင်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အနက်အဓိပ္ပါယ် ဖွင့်ဆိုကြောင်း မှတ်သားခဲ့ ရပါသည်။
အသိအမြင် မှန်ကန်၍ ဆင်ခြင်ဉာဏ် ပြည့်စုံသူ တို့သည် ကျန်းမာရေးကို ပထမနေရာ ဦးစားပေးလျက် အလေးထား ဆောင်ရွက် တတ်ကြပါသည်။ ပျော်ရွှင်ရေးကို နောက်ဆုံးမှာ ထား၍ စဉ်းစား တတ်ကြပါသည်။ ပျော်ရွှင်မှုကို ထိပ်တန်း ဦးစားမပေးဘဲ နောက်ဆုံး တစ်နေ့မှ ရအောင် ယူမည်ဟု အောင့်ထားပြီး သည်းခံနိုင်စွမ်း ရှိသူသည် ဘ၀ လမ်းကြောင်း၌ ပိုမို၍ ကောင်းမွန် ချောမွေ့ပေလိမ့်မည်။ ပျော်ရွှင်မှုများသည် ကူညီပေးဝေ သူအတွက် အလိုအလျောက် ပြည့်ဝ လာပါလိမ့်မည်။ အောင်မြင်သူ တစ်ယောက် ဖြစ်လာဖို့ကလည်း ချမ်းသာသူ ဖြစ်ရပါဦးမည်။ ချမ်းသာသူ ဖြစ်လာရေး၌ ကျန်းမာသူ၊ ကြံ့ခိုင်သူ၊ စွမ်းရည် ထက်မြက်သူ ဖြစ်ရပါလိမ့်မည်။ ကာယ အား၊ ဉာဏအား၊ စာရိတ္ထအား အားရှိ၍ ကျန်းမာတောင့်တင်းအောင် ဖြည့်စွမ်း ရပါလိမ့်မည်။ ကျန်းမာရေးကို ဘ၀ တစ်သက်တာ၏ အုတ်မြစ်အဖြစ် ဦးစားပေးလျှင် မမှားနိုင်ပါကြောင်း ကျွန်မထင်မြင် ယူဆ မိသလောက် ရေးသား ဖော်ပြလိုက်ပါတယ်။

သက်
No comments:
Post a Comment