Tuesday, May 13, 2008

အားလုံးသော အမေ

သူငယ်ချင်းတို့ရေ . . . လောကမှာ မေတ္တာတရားဆိုတဲ့ အရာကိုပဲ အချစ်လို့ အမည်နာမ တပ်ပြီး အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုနေကြတာပါ။ မိဘချစ်၊ မောင်ချစ်၊ နှမချစ်၊ တစိမ်းချစ် လို့ခေါ်တဲ့ လင်မယားချစ်ဆိုပြီး ကွဲပြားသွားတာပါ။ အထူးသဖြင့်တော့ မိဘချစ်နဲ့ တစိမ်းချစ်ပေါ့လေ။ လောကမှာ အစားထိုးမရတဲ့ မိဘနှစ်ပါးရဲ့ အချစ်က မျှော်လင့်ခြင်း မပါဘဲ ကိုယ်က ချစ်နေရရင်ပဲ ကျေနပ်နေကြတာပါ။ ဘာကိုမှ မျှော်လင့်ထားခြင်း မရှိဘဲ ပေးဆပ်ခြင်းပေါင်း မြောက်မြားစွာကို ပေးဆပ်ပြီးချစ်ကြတာပါ။ ဒါကြောင့်မို့လဲ မိဘကျေးဇူး မြင့်မိုရ်ဦးလို့ အဆိုရှိကြတာပါ။ မိဘရဲ့ ကျေးဇူးတရားကို တိုင်းတာလို့ မရနိုင်အောင် မြင့်မားတဲ့ မြင့်မိုရ်တောင်နဲ့တောင် နှိုင်းယှဉ်လို့မရနိုင်ပါဘူး။ မိဘ ကျေးဇူးလို့ ဆိုရာမှာလည်း မိခင်ရဲ့ မေတ္တာတရားက ပိုလိမ့်မယ်လို့ ကျွန်တော်တော့ ထင်မိပါတယ်။ ကိုယ်ဝန်လွယ်ထားရတဲ့အချိန်၊ အင်္ဂါမစုံသေးတဲ့အချိန်၊ ဖြူသလား မဲသလား မသိသေးချိန်မှာပင် မိမိရင်သွေးဆိုတဲ့ အသိနဲ့ အချစ်တွေပိုခဲ့၊ တစ်စုံတစ်ရာ ထိခိုက်မှာ အလွန်စိုးရိမ် ပူပန်ခဲ့ရတာက ကိုးလကျော် ဆယ်လနီးပါး၊ သေမင်းနဲ့ စစ်ခင်း အံတုပြီး မွေးဖွားခဲ့ရ၊ မွေးလာပြီးတော့ ဖ၀ါးလက်နှစ်လုံး၊ ပခုံး လက်နှစ်သစ် အရွယ်ကလေးမှာပင် မှက် ခြင် ယင် မနားစေအောင် အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့ရ၊ လမ်းစမ်းလျှောက်စ အချိန်လေးမှာ မလဲအောင် လမ်းကို လျှောက်တတ်လာအောင် ဂရုတစိုက် လေ့ကျင့်ပေးရ၊ အစာကို အချိန်မှန်အောင် ဂရုတစိုက် ကျွေးရ၊ မစားချင်ရင်လည်း စားချင်လာအောင် ချော့မြူကျွေးမွေးရ၊ စကားကို ပီပီသသ ပြောတတ်အောင် လေ့ကျင့်ပေးရ၊ စကားစပြောတတ်တဲ့အချိန်မှာ အမေလို့ စခေါ်တဲ့အသံကို သူ့တစ်သက် ဘယ်တော့မှ မမေ့တော့တဲ့ အသံလေးပါပဲ။ အဲဒီအသံလေးကြောင့် ကိုးလလွယ် ဆယ်လမွေးခဲ့တဲ့ကာလ၊ စကားမပြောတတ်ခင် အချိန်ကာလတွေအထိ ပင်ပန်းခဲ့ရသမျှတွေဟာ စက္ကန့်ပိုင်းအတွင်း ပြေပျောက် သွားစေပါတယ်။ ပညာသင်တဲ့ အရွယ်ရောက်လာတော့လည်း ပညာတတ်တွေ ဖြစ်လာစေဖို့ စာကျက်အောင် ချော့ရ၊ ခြောက်ရနဲ့ အမျိုးမျိုး အဖုံဖုံ နည်းမျိုးစုံ သုံးခဲ့ကြရ၊ ဒါတွေဟာ သူ့အတွက် နည်းနည်းလေးမှမပါ၊ ကျွန်တော်တို့ သားသမီးတွေ ကောင်းစားဖို့ လူ့လောက အလယ်မှာ ခိုင်ခန့်စွာ ရပ်တည်နေနိုင်ဖို့ ပညာတတ်အောင် နည်းမျိုးစုံသုံးပြီး သင်ကြားစေခဲ့တာပါ၊ ကျွန်တော်တို့ အချိန်တန် အရွယ်ရောက်လာတော့လည်း တစ်လမ်းစီ ခွဲသွားကြတော့လည်း သူ့မှာ ဒီအတိုင်းပဲ ကျန်ခဲ့ရတာပါပဲ။ ကျွန်တော်တို့ ဘယ်အရွယ်ပဲ ရောက်နေပါစေ သူ့အတွက်တော့ ကျွန်တော်တို့ဟာ ကလေးလေးတွေ ပါပဲ။ သူ့ရဲ့ စိတ်မချခြင်းတွေဟာ ကျွန်တော်တို့ ဘယ်အရွယ်ပဲ ရောက်နေပါစေ သူ့စိတ်မှာ ထာဝစဉ်ရှိနေမှာပါ။ ကျွန်တော်တို့ စိတ်တွေကြောင့် သူ့မှာ ဘာသာ တရားလည်းမေ့၊ ပတ်ဝန်းကျင်မှာလည်း လူဆိုးမကြီး ဖြစ်ချင်လည်း ဖြစ်နေခဲ့မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အတွက်တော့ အမေကောင်း တစ်ယောက်ဆိုတာ သေချာပါတယ်။ ကိုယ်ဝန်စလွယ်ချိန်မှ အရွယ်ရောက်လို့ ခွဲခွာသွားတဲ့ အထိ နောက်ဆုံး သူကွယ်လွန်ချိန်အထိ သူ့ဆီမှာ ရှိနေတာကတော့ ဘာကိုမှ ပြန်ရစေကြောင်း မျှော်လင့်ခြင်းမရှိ ပေးဆပ်ခဲ့တဲ့ ကျွန်တော်တို့ သားသမီးတွေ အပေါ်ထားတဲ့ သူ့မေတ္တာ (အချစ်)တွေပါပဲ။ သူမ မရှိတော့ပေမယ့် ကျွန်တော်တို့ အသက်ရှင်သန်ချိန် အထိ ရင်ထဲမှာ ထာဝစဉ်ရှိနေမယ့် သူမရဲ့ မေတ္တာတရားတွေပါပဲ။ ကျွန်တော်တို့ကို ဘာအန္တရာယ်မှ မရှိဘဲ ဘေးကင်းအေးချမ်းစွာ အရာအားလုံးထက် ကြီးမား မြင့်မြတ်စေချင်တာ သူမရဲ့ စေတနာ မေတ္တာ(အချစ်)တွေပါ။ ကျွန်တော်တို့ အေးချမ်းမယ်ဆိုရင် သူမရဲ့ ဘ၀၊ အသက်နဲ့ ရင်းပြီး ရယူပေးချင်တာကလည်း သူမရဲ့ မေတ္တာ(အချစ်)တွေပါပဲ။ ဒါကြောင့် လောကမှာ အမိနဲ့ အဘမှာ မိဘဆိုပြီး သူမရဲ့ မေတ္တာကို အလေးအမြတ်ထားကာ ရှေ့တန်းမှာ တင်ထားကြတာပါ။ သံသရာအဆက်ဆက်မှ အမေများ၊ တလောကလုံးရှိ အမေများအား ရှိခိုး ကန်တော့လျက် . . .
(ကျွန်တော့် စာသားများ သုံးနှုန်းပုံ၊ စာစီပုံ မှားနိုင်သော်လည်း အမေ့ရဲ့ မေတ္တာ တရားကတော့ ဘယ်တော့မှ မမှားမည့် အမှန်တရားသာ ဖြစ်ပါသည်)
ဇော်ဖြိုး

No comments: