စိတ်ချမ်းသာအောင်ဘယ်လိုနေရမလဲ
'' စိတ်ချမ်းသာအောင် ဘယ်လိုလုပ် ရမလဲ'' '' စိတ်ညစ်လွယ်တာ စိတ်ပျော့ညံ့ တာတွေကို ဘယ်လို ပပျောက် အောင်လုပ်ရမလဲ'' ဆိုတာ ဖြစ်ပါတယ်။
လောကကြီးရဲ့ ပြက်ရယ်ပြုမှု ကလည်း အဆန်းသား၊ လူအို၊ လူမင်း၊ ဒုက္ခိတ တစ်ယောက်ကို နုပျိုငယ်ရွယ် သေးတဲ့ လူငယ်ကလေးတွေက အားပေးရမယ့် အစား လူငယ်တွေကို အိုနာ ကျိုးကန်း ဒုက္ခိတကြီး တစ်ဦးက ပြန်ပြီး နှစ်သိမ့်အားပေး နေရတယ်လေ။
'' စိတ်ချမ်းသာအောင် ဘယ်လိုလုပ်ရမလဲ'' ဆိုတဲ့ မေးခွန်းကို မေးတယ် ဆိုကတည်းက စိတ်ချမ်းသာမှု မရလို့ စိတ်ညစ်နေလို့ ယူဆရတော့မှာပေါ့။ စိတ်ညစ်တာကို ပပျောက်အောင် လုပ်ရင် ဘာကြောင့် စိတ်ညစ်ရတယ် ဆိုတဲ့ အကြောင်းအရင်းကို ရှာဖို့ လိုပါတယ်။
လောကမှာ ဘယ်အရာမှ အကြောင်းမဲ့ ဖြစ်တယ်လို့ မရှိပါဘူး။ အကြောင်းကြောင့် အကျိုး ဖြစ်လာရတာပါ။ ဒါကြောင့် အကြောင်းရင်း ဇစ်မြစ်ကို သုံးသပ် ရှာဖွေ ရပါမယ်။
စိတ်ညစ်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ စားရမဲ့ သောက်ရမဲ့ ငတ်မွတ် ခေါင်းပါးနေလို့ စိတ်ညစ်ရတာ အကြောင်းအရာ တစ်ခုပါ။ ငတ်ပြတ်နေလို့ စိတ်မချမ်းမသာ ဖြစ်ရတဲ့ လူ တစ်ယောက်ကို သွားပြီး စိတ်ချမ်းသာအောင် နေပါလို့ ပြောလိုက်ခြင်းဟာ တမင်သက်သက် သရော် လှောင်ပြောင် သလို ဖြစ်သွားမှာပါ။
စိတ်လက် မချမ်းမသာ ဖြစ်ရခြင်းရဲ့ အရင်းခံ အကြောင်း တရားက 'ကြောက်စိတ်' ပါ။ ဘေးကို ကြောက်တယ်၊ အန္တရာယ်ကို ကြောက်တယ်၊ ဆင်းရဲမှာကို ကြောက်တယ်၊ ရာထူးပြုတ် မှာကို ကြောက်တယ်၊ သေရမှာကို ကြောက်တယ်၊ သေပြီးနောက် အပါယ်လေးရပ်ကို ရောက်မှာ ကြောက်တယ်၊ အဲဒီ ကြောက်စရာ အမျိုးမျိုး တွေကို တွေးပြီး ကြောက်နေတော့ အဲဒီဘေးတွေ အန္တရာယ် တွေက လွတ်လိုလွတ်ငြား ကြားဖူး နားဝ ရှိသမျှ ဂါထာ မန္တာန် တရားတွေရွတ်၊ ပုတီးနာနာ စိတ်လုပ်ကြတာ မဟုတ်လား။
တရားကို မသိလို့ တရားကို မစွဲမြဲလို့ ကြောက်စိတ်ဆိုတာ ဖြစ်လာ ရတာပေါ့။ ဘေးတို့ အန္တရာယ်တို့၊ ဆင်းရဲ တာတို့၊ ရာထူးပြုတ် တာတို့ စတဲ့ လောကဓံတရား ရှစ်ပါးကို လူမှန်ရင် တစ်နေ့ မဟုတ် တစ်နေ့ ကြုံမှာ မလွဲ ဧကန် ဖြစ်တယ်။ တစ်နေ့ ကိုယ့်အလှည့် ရောက်လာမှာ အသေအချာ ပဲလို့ စဉ်းစားတတ်ရင်၊ ကြောက်နေ လည်း အပိုပါလားလို့ သဘောပေါက် မှာပေါ့။
သေခြင်းတရား ဆိုတာလည်း ဘယ်သူရှောင်လို့ လွတ်တယ် ရှိသလဲ။ ဟစ်တလာဟာ ဂျူးတွေရဲ့ အန္တရာယ် ကို ကြောက်ပြီး ဂျူးတွေကို သန်းပေါင်းများစွာ သတ်ခဲ့တယ်။ ဒါပေမယ့် အန္တရာယ်က မလွတ်ပါဘူး။ သူ သတ်ခဲ့တဲ့ သန်းပေါင်း များစွာသော ဂျူးတွေသွားရာ 'သေခြင်းနိုင်ငံ' ကို လိုက်ပါသွားရတာပဲ မဟုတ်လား။ သေပြီးနောက် အပါယ်လေးရပ်ကို ရောက်ရမှာ ကြောက်တာ ကတော့၊ ကိုယ့်ကိုယ်ကို လိပ်ပြာ မသန့်နိုင်တဲ့ လူမျိုးတွေ မို့လို့ပေါ့။ ကိုယ့်ဟာကိုယ် လိပ်ပြာသန့်ြ့ပီး၊ ကိုယ်ကိုယ်တိုင် ရိုသေနိုင်တဲ့ သူများအဖို့၊ ကိုယ်လားရာ ကို ကိုယ်တွေးပူနေဖို့ မရှိပါဘူး။
စိတ်ညစ်လွယ်တာ၊ စိတ်ဓာတ် ပျော့ညံ့တာတွေ ဖြစ်ရတဲ့ အကြောင်းက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု မရှိလို့ပါ။ အဲဒါတွေ ပပျောက်ပြီး စိတ်ချမ်းသာမှုကို ရရှိ ခံစားစေနိုင်ရင် ကိုယ့်ကိုယ်ကို လိပ်ပြာသန့်အောင် ကိုယ့်ကိုယ်ကို ရိုသေနိုင်အောင် ပြုမူကျင့်ကြံပါ။ ကိုယ့်လုပ်ရပ်ဟာ မှန်တယ်၊ တရားတယ်လို့ ကိုယ်တိုင် စွဲမြဲ ယုံကြည်ရင် ''ကြောက်ခြင်းတရား'' အားလုံး ကင်းစင်ပါလိမ့်မယ်။ အဲဒါဆိုရင် စိတ်ချမ်းသာမှုနဲ့ ပြည့်စုံ ပါလိမ့်မယ်။
(စာရေးဆရာ လူထုစိန်ဝင်း ရေးသားထားတဲ့ စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲ ဆောင်းပါးများ စာအုပ်ထဲမှ ကူးယူတင်ပြထား ခြင်းဖြစ်ပါတယ်။)

သက်
No comments:
Post a Comment