Wednesday, May 21, 2008

ရှောင်သီလဖြင့် လောကကို စောင့်ရှောက်ကြပါစို့

``ကောင်းမှု´´ကို လူတိုင်း ကြိုက်၏။ ကြိုက်သော်လည်း မလုပ်မိတတ်ကြ၊ မကောင်းမှုကို လူတိုင်း မကြိုက်၊ မကြိုက်သော်လည်း လုပ်မိတတ်ကြ၏။
``အပြစ်မရှိ၊ ကောင်းကျိုးချမ်းသာ ဖြစ်စေသောအရာ´´သည် ကောင်းမှုဖြစ်၍ ``အပြစ်ရှိ၊ ဆိုးကျိုးဒုက္ခ ဖြစ်စေသော အရာ´´သည် မကောင်းမှု ဖြစ်၏။
ဤ၌ ``အပြစ်ရှိ၊ အပြစ်မရှိ´´ ဆိုသော သတ်မှတ်ချက်ကို လောကဥပဒေဖြင့် တိုင်းတာ၏။ လောက ဥပဒေ ဟူသည် တစ်လောကလုံးကို လုံခြုံ အေးချမ်းအောင် ထိန်းကွပ်ပေးသော ကိုယ်ချင်းစာတရား အခြေခံစည်းကမ်းချက်များ ဖြစ်၏။ ကိုယ်ချင်းစာ တရားကို ထိပါး နှောင့်ယှက်တတ်သော အရာမှန်သမျှ လောကဥပဒေကို ကျူးလွန် ကျော်နင်းလျက် အပြစ်ရှိသည် ချည်းပင်။
``ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်မကြိုက်တာ ကိုယ်မလုပ်နှင့်´´ဟူ၍ ရှေးဆရာတော်ကြီးများ ဆုံးမဖူး၏။ ဤအမူအယာဖြင့် ကိုယ့်ကို ဆက်ဆံတာ နှစ်သက်လက်ခံလျှင် ဤအမူအယာမျိုးဖြင့် သူတစ်ပါးကို ဆက်ဆံပါ။ ဤအမူအယာဖြင့် ကိုယ့်ကို ဆက်ဆံတာ မကြိုက်လျှင် ဤအမူအယာမျိုးဖြင့် သူတစ်ပါးကို မဆက်ဆံပါနှင့်´´ ဟူ၍ ညွှန်ပြလိုရင်း ဖြစ်၏။
ကိုယ်ချင်းစာစိတ်ကို အခြေခံလျက် မကောင်းမှုကို စိတ်ဖြင့် မကြံစည်ခြင်း၊ ကိုယ်နှုတ် ကျူးလွန်ခြင်းမှ ရှောင်ကြဉ် လိုက်ခြင်းသည် တိရိစ္ဆာန်လောကနှင့် သီးခြားစီ ဖြစ်သွားသော လူ့တန်ဖိုး၊ လူ့အမှတ် လက္ခာ ဖြစ်သည်။
လူ့တန်ဖိုးကို ထောက်ထား၍ မကောင်းမှုကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရ၏။ အခါကာလ သတ်မှတ်လျက် ကြိုတင် အဓိဋ္ဌာန် ဆောက်တည်၍လည်း ရှောင်ကြဉ်ရ၏။ အရိယာ သူတော်စင်တို့ အတွက်မူကား အလွှာလိုက် ခွာချထားပြီးသော ကိလေသာများ အလိုက် အလိုလို ရှောင်ကြဉ်ပြီးသား ဖြစ်၏။
မကောင်းမှုကို မကျူးလွန်မီ သတိဝင် ရှောင်ကြဉ် လိုက်သည့်အခါ အန္တရာယ်ကင်း၍ မိမိကိုယ်ကို အလိုလို စောင့်ရှောက်ပြီးသား ဖြစ်သွား၏။ သီလ ပြည့်စုံသွား၏။ သီလ ရှိသူအား လိုတိုင်းရ၍ တ,တိုင်းပြီး၏။ လူ့ဂုဏ် လူ့သိက္ခာလည်း အလိုလိုနေရင်း တန်ဖိုးမြင့်မားလာ၏။
တန်ဖိုးမြင့်သော လူ့အသိုင်းအ၀ိုင်း ကသာလျှင် ဤလောကကို အေးချမ်းသာယာ ပြည့်စုံအောင် စောင့်ရှောက် နိုင်စွမ်း ရှိပါသည်။ ရှောင်သီလ ကျင့်သုံးခြင်းဖြင့် ဤလောကကို ၀ိုင်းဝန်း စောင့်ရှောက်ကြပါစို့။
(သာထွန်းပြန့် ဓမ္မစာစောင်၊ အတွဲ(၁၃)၊ အမှတ် (၉)၊ စာ(၆) မှ ကူးယူဖော်ပြပါသည်)
ဇော်ဖြိုး

No comments: