Tuesday, May 20, 2008

ကျေးဇူးကြီးလှ သွန်သင်ပြသည့် မိနှင့် ဖ

ကျွန်မတို့ မြန်မာလူမျိုး များသည် အနန္တော အနန္နငါးပါးကို ယုံကြည် ရိုသေကိုင်းရှိုင်း ကြသည့် လူမျိုးများ ဖြစ်ကြပါသည်။ အနေန္တော အနန္နငါးပါး ထဲမှ မိဘ ဆိုတဲ့ တစ်ပါး အပါအ၀င် ဖြစ်ပါတယ်။ မိဘကို ရိုသေရင် သားသမီးသည် ဘယ်တော့မှ မဆင်းရဲဘူး၊ ကောင်းစားသွားတဲ့ သူတွေရှိတယ် ဆိုတာကို ကျွန်မတို့ တတွေလည်း အကုန်လုံး သိနေကြတဲ့ သူတွေပါပဲ။
ကျွန်မတို့ လူရယ်လို့ ဖြစ်လာဖို့ ဆိုတာက အမိဝမ်းမှနေပြီး မွေးဖွားလာကြတာပါပဲ။ ကျွန်မတို့ကို မွေးဖွားလာဖို့ ဖေဖေနဲ့ မေမေ ဆိုတာ ရှိဖို့လိုအပ် ပါတယ်။ ကျွန်မတို့ကို မမွေးခင် ကတည်းက စိုးရိမ်ပူပန်မှုတွေနဲ့ နေခဲ့ရတယ်။ မွေးလာပြီးလို့ ကြီးပြင်းလာတဲ့ အထိကို သူတို့တွေမှာ ရင်အုပ်မကွာ စောင့်ရှောက်ဖို့ အတွက်ကို အလုပ်တွေလုပ်ကိုင်ကြရတယ်။ သူတို့တွေ အနည်းနဲ့ အများ အရမ်းကို ပင်ပန်းဆင်းရဲ ကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။
ကျွန်မအခု ပြောချင်တာကတော့ ကျွန်မကို ဒီအရွယ်ထိ ရောက်အောင် ကျွေးမွေးပြုစု စောင့်ရှောက် ပေးခဲ့တဲ့ ဖေဖေ နဲ့ မေမေ အကြောင်းကို ကျွန်မ သူငယ်ချင်းတို့ သိအောင် ကျွန်မ ပြောပြချင်ပါတယ်။ ကျွန်မလိုပဲ သူငယ်ချင်းတွေလည်း မွေးကျေးဇူးနဲ့ ကျွေးကျေးဇူးကို ကျေအောင် မဆပ်နိုင်ရင် တောာင်မှ မိဘရဲ့ ဆိုဆုံးမစကားကို လိုက်နာပြီး မိဘကို စိတ်ချမ်းသာစွာနဲ့ ထားနိုင်အောင် မိဘက ဒါဆိုဒါမျိုး၊ မိဘရှေ့တစ်မျိုး၊ မိဘကွယ်ရာတစ်မျိုး မလုပ်ပဲ မိဘစကားကို မြေ၀ယ်မကျ နားထောင်နိုင်ရင် လည်း ကျေးဇူးဆပ်ရာ ရောက်ပါကြောင်း ကျွန်မ သိရှိသလောက် ရေးသားတင်ပြလိုက်ပါတယ်။
ကျွန်မတို့က မိသားစု လေးယောက် ရှိပါတယ်။ ဖေဖေ၊ မေမေ၊ ကျွန်မနဲ့ ညီမလေးတို့ပဲ ဖြစ်ပါတယ်။ ကျွန်မ၏ ဖေဖေသည် အစိုးရ ၀န်ထမ်းတစ်ဦး ဖြစ်ပါသည်။ မေမေကတော့ အိမ်မှနေရင်းနဲ့ အိမ်ထောင့် တာဝန်တွေကို တစ်ဖက်တစ်လမ်းမှ ပြည့်စုံအောင် ကြိုးစားပြီး ဖြည့်တင်းနေသူပါ။ ကျွန်မ အသက်အခုဆိုရင် ၂၁နှစ်ရှိပါပြီ။ ဘွဲ့ရပြီးလို့ အလုပ်ဝင် လုပ်နေပါတယ်။ အစိုးရ ၀န်ထမ်းအလုပ်ပေါ့။ ဖေဖေ ဖြစ်စေချင်တဲ့ အစိုးရ၀န်ထမ်း အလုပ်ကို ကျွန်မ ဖေဖေရဲ့ ဆန္ဒအတိုင်း ၀င်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်မရဲ့ ညီမလေးကတော့ GTC ပထမနှစ်ကို တက်နေပါတယ်။ အခုဆိုရင် ကျွန်မ ဖေဖေရဲ့ ဆန္ဒအတိုင်း ၀န်ထမ်းဘ၀နဲ့ နေလာတာ ၂နှစ်ကျော် ကြာရှိပါပြီ။ ဖေဖေ ပြောဆိုဆုံးမခဲ့သည့်အတိုင်း ထူးချွန်တဲ့ ၀န်ထမ်းတစ်ယောက် ဖြစ်အောင် အမြဲကြိုးစား နေလျက်ပါ။ ဖေဖေက ကျွန်မ အစိုးရ၀န်ထမ်း တစ်ယောက် ဖြစ်နေတာကို အမြဲတမ်း ဂုဏ်ယူ နေတတ်သူပါ။ ၀န်ထမ်းဆိုတာက မိန်းကလေးတွေနဲ့ အများဆုံး သင့်တော်တယ်တဲ့။ အေးဆေး တည်ငြိမ်စွာ အလုပ်လုပ်ရတယ်။ အိနြေ္ဒရတယ်တဲ့။ ကျွန်မ ကျောင်းပြီးလို့ ဘွဲ့ရပြီး အစိုးရအလုပ်ကို ၀င်လုပ်တော့မှ ကျွန်မတို့ မိသားစု ဘ၀ဟာ ပိုပြီး စိုပြည်လာခဲ့တာပါ။
အရင်တုန်းကဆိုရင် ဖေဖေရဲ့ ၀န်ထမ်း လစာလေးနဲ့ ကျွန်မတို့ကို ကျောင်းထား ပေးခဲ့တာပါ။ ကျွန်မတို့ ညီအစ်မ နှစ်ယောက်ကို ပညာတတ်ကြီးတွေ သိပ်ဖြစ်စေချင် ခဲ့တာပါ။ သူတို့ ပညာရည် မပြည့်ဝခဲ့ပေမယ့် ကျွန်မတို့်ကို သူတို့ တက်နိုင်တဲ့ဘက်က လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့တာပါ။ ဖေဖေနဲ့ မေမေဟာ ကျွန်မတို့ ညီအစ်မ နှစ်ယောက် အတွက်ကို ငဲ့ညှာပြီး အားလုံးကို ခြိုးခြံချွေတာခဲ့ရပြီး ရတဲ့လခလေးနဲ့ လောက်အောင်လို့ ရှာဖွေကျွေးမွေးခဲ့တာပါ။ ကျွန်မတို့ ငယ်ငယ်တုန်းက အဲဒီလောက်ထိ ကျွန်မတို့ ညီအစ်မ နှစ်ယောက်အတွက် ဖေဖေနဲ့ မေမေ အရမ်းကို ပင်ပန်းဆင်းရဲခဲ့မှန်းကို ကျွန်မ မသိခဲ့ပါဘူး။ အခု ကျွန်မ အရွယ်ရောက်လာမှ သမီးအကြီး ဖြစ်တဲ့ ကျွန်မကို ဖေဖေနဲ့ မေမေ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ မျိုးစုံကို ကျွန်မသိအောင် ပြောပြတော့မှ ကျွန်မ သေချာပြန်တွေး ကြည့်မိပြီး ၀မ်းနည်း ခဲ့ရပါတယ်။
လူရယ်လို့ ဖြစ်လာခဲ့လို့ ရှိရင် ချမ်းသာတဲ့ သူရှိသလို၊ ဆင်းရဲတဲ့ လူလည်း ရှိကြမှာပါ။ အဆင်ပြေပြေနဲ့ ပြည့်စုံစွာ ကြီးပြင်းလာခဲ့ ရတဲ့ သားသမီးတွေ ရှိသလို၊ ဆင်းရဲတဲ့ မိသားစုကနေ ပေါက်ဖွားလာပြီး လောကဓံကို ကြံ့ကြံ့ခံပြီး ဘ၀ကို ကြိုးစား ရုန်းကန် နေတဲ့ မိသားစုမှ ပေါက်ဖွားလာတဲ့ သားသမီးတွေလည်း ရှိကြမှာပါ။ ကျွန်မတို့ မိသားစုကတော့ ဒီလောကဓံကို ကြံ့ကြံ့ခံ ခဲ့ရတဲ့ ဆင်းရဲတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ အတွက် လောကကြီးမှာ ဘယ်လို အခက်အခဲ တွေပဲတွေ့တွေ့ ရင်ဆိုင်ရဲတဲ့ သတ္တိတွေ အပြည့် ရှိနေပါပြီ။ ဆင်းရဲလို့လည်း ရှက်စရာ မဟုတ်ပါဘူး။ ဆင်းရဲပြီး ဘ၀ကို အရှုံးမပေးဘဲ ကြိုးစားလာလို့ ကြီးပွား ချမ်းသာသွားတဲ့ သူတွေလည်း အများကြီး ပါပဲ။ ဒါကြောင့် ကျွန်မ စိတ်ဓာတ် မကျပါဘူး။ လူချမ်းသာ စာရင်းထဲမှာ မ၀င်ရင် တောင်မှပဲ လူတန်းစေ့ နေနိုင်အောင် ဖေဖေနဲ့ မေမေက ထားပေးခဲ့တဲ့ ကျေးဇူးတွေကို ဆပ်နိုင်အောင် ကျွန်မ ကြိုးစားမယ်လို့ ဆုံးဖြတ်ချက် ချထားတယ်။
အခု အချိန်ကစပြီး မိမိတတ်နိုင်သလောက် ဖြည့်ဆည်း ပေးနိုင်မယ်ဆိုရင် ဖေဖေနဲ့ မေမေလည်း စိတ်ချမ်းသာမယ်၊ မိဘ စိတ်ချမ်းသာရင် သားသမီးတွေလည်း ကောင်းစားမယ်၊ မိဘကို စိတ်ဆင်းရဲအောင်၊ စိတ်ပူပန်အောင် လုပ်ရင် သားသမီးလည်း တသက်လုံး ဆင်းဆင်းရဲရဲ နေရမယ်။ ဒါကြောင့် ကျွန်မကတော့ ကျွန်မရဲ့ မိဘကို စိတ်ချမ်းသာအောင် ထားပြီး ကျွန်မ မိဘက ဒီလိုနေ၊ ဒီလိုလုပ်ဆိုတဲ့ ညွှန်ကြားတဲ့ စကားကိုပဲ တစ်သက်လုံး နာယူ မှတ်သားပြီး ကျွန်မရဲ့ လုပ်ငန်းခွင်မှာ အထူးချွန်ဆုံး လူတစ်ယောက် ဖြစ်အောင် ကြိုးစားပြီး နေတော့မယ်။
ကျွန်မက ဒီလိုပြောရတဲ့ အကြောင်း ကတော့ ကျွန်မ ကိုယ်တွေ့ ခံစားခဲ့ရတာပါ။ မိဘတွေက ဒီလမ်းမသွားနဲ့ လို့ပြောရင် မကောင်းလို့ ဆိုတာသိရက်နဲ့ စူးစမ်း ချင်ကြတယ်လေ။ လူငယ် သဘာဝပေါ့။ မိဘတွေရဲ့ ပြောစကားကို နားမထောင် မိလို့ ခံစားခဲ့ရတဲ့ ကျွန်မက သူငယ်ချင်း တွေလည်း နောက်မှ နောင်တ မရအောင်လို့ စေတနာနဲ့ ပြောပြလိုက်ပါတယ်။ အဲဒါကတော့ ကျွန်မရဲ့ ဖေဖေနဲ့ မေမေ မကြိုက်တဲ့ အရာတစ်ခုကို ကျွန်မ လုပ်ခဲ့မိပါတယ်။ အရွယ်ရောက် လာတဲ့ အခါကျတော့ မိန်းကလေး သဘာဝ ချစ်သူ ရည်းစား ထားချင် မိတယ်လေ။ အိမ်က မသိအောင် ချစ်သူရည်းစား ထားတတ်ကျတာ ကျွန်မတို့ မိန်းကလေး သဘာဝပဲ မဟုတ်လား။ ဒါပေမယ့် မိဘ မသိအောင် ခိုးလုပ်တဲ့ အရာက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူး ဆိုတာကို သိရက်နဲ့ ရှေ့ဆက် တိုးမိခဲ့တယ်။
ကျွန်မရဲ့ ဘ၀မှာ တစ်ခါမှ ဖေဖေနဲ့ မေမေနဲ့ မသိအောင် ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ အခု ရည်းစား ထားခဲ့တာ ပထမ ဦးဆုံးပဲ။ မိဘတွေ မသိအောင် လုပ်တဲ့ အရာက ပထဦးဆုံးပေါ့။ ကျွန်မရဲ့ စိတ်ထဲမှာ သူ့ကို အရမ်းကို ချစ်ခဲ့မိတယ်။ ဒါပေမယ့် ကျွန်မ သူ့ကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ ဒါကတော့ ကျွန်မတို့ နှစ်ယောက်ရဲ့ နားလည်မှု လွဲမှားတာရယ်၊ သူကလည်း သူ့မာနကို ရှေ့တန်းတင် ထားတယ်။ ကျွန်မကလည်း မာနနဲ့ သိက္ခာကို ရှေ့တန်း တင်မိတဲ့ အတွက်ကြောင့် သူနဲ့ ကျွန်မ လမ်းခွဲခဲ့ရတယ်။ အခုချိန် ထိတော့ သူ့ကို ကျွန်မ မျှော်လင့် နေတုန်း၊ ချစ်နေတုန်းပါပဲ။ ဒါပေမယ့် မဖြစ်နိုင်တော့ဘူး ဆိုတာ သိပေမယ့် စိတ်ထဲကနေ မျှော်လင့် နေမိတယ်။ သူပြန်လာမယ် လို့လည်း ထင်ခဲ့မိတယ်။ ကျွန်မနဲ့ သူနဲ့က နီးနီးလေးနဲ့ဝေး သွားကြတာပါ။
ဒါကို ကျွန်မ မခံစားနိုင်လွန်းလို့ အခုလိုမျိုး ကျွန်မတို့ နှစ်ယောက် သံယောဇဉ် ပြတ်သွားတော့မှ ဖေဖေနဲ့ မေမေကို ဖွင့်ပြောပြ လိုက်မိတယ်။ မေမေကတော့ နှစ်သိမ့်ပါတယ်။ ဖူးစာမပါလို့ နေမှာပေါ့တဲ့။ ဖေဖေ ကတော့ စိတ်ဆိုးတယ်။ ဆူတယ်။ ပြောစကား နားမထောင်လို့ အခုလို ဖြစ်တာတဲ့။ ကျွန်မ အဲဒီလို ဖေဖေက တစ်ခါမှ စိတ်မဆိုး၊ တစ်ခါမှ မဆူဘူးတဲ့ ဖေဖေက ဆူလိုက်တဲ့ နေကစပြီး ကျွန်မ စိတ်ဆုံးဖြတ်ချက် ချလိုက်မိတယ်။ ကျွန်မ မိဘတွေရဲ့ ပြောဆို ဆုံးမမှုကို ကျွန်မ မနာယူခဲ့လို့ ကျွန်မ အခုလို ခံစားနေရတာပဲလို့ တွေးမိပြီး ဒီအမှားကို ကျွန်မ ဘ၀ထဲမှာ တစ်သက်လုံး အမှတ်အသား တစ်ခုအဖြစ် စွဲမှတ်ထား လိုက်ပါပြီ။
ဖေဖေကတော့ မိန်းမကောင်း ပန်းတစ်ပွင့်တော့ အချိန်တန်ရင် ပန်ကြရမှာပဲလို့ ပြောဆိုဆုံးမ ပါတယ်။ နောင်ဒီလို ကိစ္စမျိုးဆိုတာ တစ်ကွေ့မကြုံ တစ်ကွေ့ ကြုံရမှာပါပဲ။ ကြုံတွေ့လာရတဲ့ အခါကျရင် ပွင့်လင်းစွာနဲ့ မိဘတွေကို တိုင်ပင်ရမယ်လို့ ဖေဖေက ကတိတောင်းတဲ့ အတွက် ကျွန်မ ဖေဖေရဲ့ စကားကို မြေ၀ယ်မကျ နားထောင် ပါတော့မယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီလို ကတိပေးပြီးတဲ့ အချိန်ကစပြီး ကျွန်မ မိဘတွေ မသိအောင် ဘာတစ်ခုမှ မလုပ်တော့ တဲ့အတွက်ကြောင့် ကျွန်မ စိတ်ချမ်းသာစွာ နေရပါတယ်။ တစ်ခါတစ်လေတော့ သတိရတဲ့ စိတ်က၀င်မိတာပေါ့။ အဲဒီလို သတိရလာတဲ့ အခါကျရင် ဖေဖေ ပြောဆို ဆုံးမခဲ့သည့် စကားများကို ပြန်လည် ကြားယောင် နေမိပါတယ်။
မိန်းကလေး ဆိုတာမျိုးက အစားမတော် တစ်လုပ်၊ အသွားမတော် တစ်လှမ်းတဲ့၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ၊ ကိုယ့်ရဲ့ မာနတွေကို ရှေ့တန်းတင် ထားရတယ်။ မာနနဲ့ သိက္ခာရှိမှ မိမိကိုယ်ကို ဂုဏ်မြှင့်နိုင်မှာ။ ကိုယ်က ကိုယ့်ဂုဏ် ကိုယ်မြှင့်မှ သူများကလည်း ကိုယ့်ကို တန်ဖိုးထားမှာလို့ အမြဲ ပြောဆို ဆုံးမခဲ့ပါတယ်။ အဲဒီ စကားတွေကို အမြဲ ကျွန်မရဲ့ ရင်ထဲမှာ နာယူ မှတ်သားထားပြီး ဖေဖေနဲ့ မေမေရဲ့ ကျေးဇူးတွေကို ဒီကနေ့ ဒီအချိန် ကစပြီး ဆပ်နိုင်အောင် ကြိုးစားပြီး မိသားစု (၄)ယောက် ကမ္ဘာလေးကို ပျော်ရွှင်စရာ ကောင်းတဲ့ သာယာလှပပြီး အဆင်ပြေ ချောမွေ့အောင် ကျွန်မက သမီး အကြီးဆုံး တစ်ယောက် အနေနဲ့ ရှေ့ဆောင် လမ်းပြကောင်း ဖြစ်အောင် နေထိုင်ရင်း မိဘ စကားနားထောင်တဲ့ သားသမီးတွေက ကောင်းစားပါတယ်၊ စိတ်ချမ်းသာစွာနဲ့ နေနိုင်ပါတယ်၊ ပတ်ဝန်းကျင်မှာလည်း ကိုယ်နာမည်ကောင်း ရသလို၊ မိဘလည်း ကိုယ့်ကြောင့် ဂုဏ်တက်ပါတယ် ဆိုတဲ့အကြောင်းကို ကျွန်မနဲ့ အရွယ်တူ သူငယ်ချင်း များကိုလည်း သားလိမ္မာ၊ သမီးလိမ္မာလေးများ ဖြစ်အောင် နေကြပါလို့ စိတ်ဆန္ဒ အရင်းခံပြီး ဆုတောင်း လိုက်ပါတယ်။
မှတ်ချက်။ နောင်တ ဆိုတာ နောင်မှ တတဲ့ အရာမျိုးပါနော်။ အမှားတစ်ခုကို အမှန်ပြန်ပြင်ဖို့ ခက်ပေမယ့် နောက်မလုပ် မိအောင် ကြိုးစားနေထိုင် နိုင်ကြပါစေ၊ မိဘရဲ့ ကျေးဇူးကို ကျေအောင် မဆပ်နိုင်ရင်တောင်မှ မိဘရဲ့ ဆိုဆုံးမှု အောက်မှာ နေနိုင်နိုင်ကြပါစေ။

သက်

No comments: