မေ့မရသော ၀သန်ကာလ ရှုခင်းအလှ
အရပ်ရှစ်မျက်နှာတိုင်းသည် ညို့ညို့ဆိုင်းဆိုင်းဖြင့် အုံ့မှိုင်းနေပါသည်။ မိုးရွာထားသဖြင့် ရွာကလေး၏ မြေနီလမ်းတို့သည် ဆေးပန်းချီဆွဲထားသကဲ့သို့ ကြည့်၍အလွန်ကောင်းလှပါသည်။ မိုးအခါတွင် ကျေးရွာကလေး၏ ဘ၀သည် အလွန်ဆွေးမြေ့ ဖွယ်ကောင်းလှသလို၊ ပျော်စရာလည်း ကောင်းလှပါသည်။ ရွာ၏ပတ်ဝန်းကျင် လယ်ကွင်းများ၌ ရေအဖွေးသားဖြင့် ပြည့်လျှံနေပါသည်။ ရွာ၏ချောင်းကလေးထဲတွင်လည်း ဘဲကလေးများ ရေကစားနေသည့် ပုံသဏ္ဍာန်သည် အလွန်ကြည့် ကောင်းလှပါသည်။ လယ်ထဲတွင်လည်း လယ်သမားများသည် နွားတစ်ဖက်နှင့် ထွန်ယက်နေပါသည်။ ကောက်စိုက်သမများ ကလည်း ပါးကွက်ကြားများနှင့် ကောက်စိုက်နေကြပါသည်။ လယ်ထဲရှိ လယ်သမားများ၏ မယားဖြစ်သူများကလည်း နေ့ခင်း အချိန်တွင် ထမင်းတောင်းများရွက်၍ ခင်ပွန်းဖြစ်သူနှင့် သားထံသို့ ထမင်းပို့ကြပါသည်။ ရွာကလေး၏ မြင်ကွင်းမှာ အသက်ဝင် နေပါသည်။ ဤလုပ်အားစွမ်းပကားဖြင့် ဤကွင်းပြင်ကြီးသည် မြသားရောင် လွှမ်းခဲ့ရပြီး တစ်မိုးကုန်လျှင် ရွှေရောင်လွှမ်းတော့ မည့် အနာဂတ်စပါးခင်းကြီးကို လှမ်းမြင်နေရပါသည်။
မိုးကာလသည် ပျော်စရာအလွန်ကောင်းလှပါသည်။ ကြည်နူးဖွယ်တို့ဖြင့် ပြည့်နှက်နေပါသည်။ အလွမ်းဓာတ်ခံရှိသူများသည် ဖြေမဆည်နိုင်အောင် လွမ်းမောဖွယ်ကောင်းလှပါသည်။ ရှေးစာဆိုများသည် မိုး၏အလှကို ခြယ်သခဲ့ကြသလို လွမ်းစရာများကို လည်း ရေး၍မဆုံးနိုင် ဖြစ်ခဲ့ကြပါသည်။ မိုးတွင်ကာလတွင် သစ်ပင်ပန်းမန်တို့သည် လန်ဆန်းနေကြပါသည်။ အရာရာတိုင်း သည် သစ်ဆန်းနေပြီး အလွမ်းနှင့်အဆွေး ရောယှက်သည့်သဘောကို မိုးက ပြောပြနေသကဲ့သို့ ဖြစ်နေပါသည်။ မည်သို့ပင်ဖြစ် စေမိုးရေသည် သန့်စင်ကြည်လင်ပါသည်။ အညစ်အကြေးဟူသမျှကို ကင်းစင်စေပါသည်။ ရွာအတွင်းရှိ မြစ်တွေ၊ ချောင်းတွေ၊ မြောင်းတွေ၊ ကန်တွေထဲတွင် ရေများတဖွေးဖွေး ဖြစ်နေပါသည်။ ဘယ်လိုကြည့်လိုက် ကြည့်လိုက် ရေပတ်လည်ဝိုင်းနေသလို ခံစားမိပါသည်။
နွေအခါက အရိုးအပြိုင်ပြိုင်ထနေသော သစ်ပင်သစ်ကိုင်းတို့သည် အခုအခါ အရွက်များ ဖုံးအုပ်၍ စိမ်းလန်းစိုပြေ နေပါသည်။ သစ်ပင်၊ သစ်ကိုင်း၊ သစ်ရွက်များသည် ယိမ်းကနေသကဲ့သို့ မြင်ရသူတိုင်းကို စိတ်လှုပ်ရှားစေပါသည်။ မိုးရာသီသည် ရွာကလေးကို အလှဆင်နေပါသည်။ အအေးဓာတ်ဖြင့် လောကကြီးကို ထွေးဖက်ထားပါသည်။ အဲဒီနေ့က ရွာကလေး၏ မိုးရာသီတနေ့လုံးအလှသည် ကျွန်မ၏ရင်ထဲ၌ မေ့ပျောက်၍ မရနိုင်အောင်ရှိလှပါသည်။ ကျွန်မငယ်ငယ်က အမေ့ရင်ခွင်မှာ တိုးဝှေ့ရင်း အမေ့မျက်နှာကိုမော်ကြည့်လျက် မေတ္တာမိုး၏ အေးမြမှုကို ခံစားခဲဖူးပါသည်။ မိုးရာသီသည် အမေ့မေတ္တာနှင့်မခြား သာယာချမ်းမြေ့ဖွယ်ကောင်းလှပါသည်။ သူငယ်ချင်းတို့ကိုလည်း ကျွန်မ၏ မေ့မရသော မိုးရာသီရှုခင်းအလှကို သိရှိစေလို၍ တင်ပြလိုက်ပါသည်။ အမှားပါရင် ခွင့်လွှတ်ပါ။

ယုသန္တာ
No comments:
Post a Comment