Wednesday, August 6, 2008

မိုး

မိုးတစိမ့်စိမ့် ရွာနေတယ်။ ကျွန်မနိုးလာတော့ မိုးတွေက ရွာနေပြီ။ တစိမ့်စိမ့် ရွာသွန်နေတဲ့ မိုးဟာ မတိတ်တော့ဘူး။ မိုးစက်တွေဟာ ကမ္ဘာမြေပေါ်က ကိန်းဂဏန်းတွေထက် များပေးလိမ့်မယ်။ ခေါင်းမိုးတွေပေါ်မှာ၊ လမ်းမကြီးတွေ ပေါ်မှာ၊ သစ်ပင်တွေ ပေါ်မှာ၊ ရေမြောင်းတွေမှာပေါ့။ မိုးစက်တွေ ရွာသွန်း ကျဆင်းနေလေရဲ့။ ခေါင်းမိုးတွေပေါ်မှာ မိုးစက်တွေကျတော့ တဗြောင်းဗြောင်း မြည်တယ်။ လမ်းမကြီးတွေပေါ်မှာ ကျတော့ မိုးစက်တွေ လမ်းပေါ်မှာ ခုန်နေကြတယ်။ သစ်ပင်ပေါ်မှာ မိုးစက်တွေ ကျတော့ သစ်ပင်လေးတွေ စိမ်းစို လန်းဆန်းလာတယ်။ ရေမြောင်းတွေပေါ် မိုးစက်တွေကျတော့ တဝေါဝေါ စီးတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ရေစီးသံ တဝေါဝေါနဲ့ မိုးပေါက်ကျသံ တွေကို ကြားရတယ်။ တစ်ချို့လူတွေဟာ မိုးရေစိုတော့ ကုပ်ချောင်းချောင်းနဲ့ တံစက်မြိတ်အောက် ၀င်ခိုကြတယ်။ တချို့ လူတွေကျတော့ မိုးရေထဲမှာ အလွန် ပျော်မြူး နေကြတာကို တွေ့ရပါတယ်။ ကိုယ်ရပ် ကိုယ်ရွာနဲ့ခွဲပြီး အလုပ်လုပ် ရတဲ့သူတွေကျတော့ မိုးတဖွဲဖွဲ ရွာနေတာကို ကြည့်ပြီး မိသားစုကို လွမ်းဆွတ် တမ်းတကြတယ်။ ကျွန်မက မိုးရာသီကို အရမ်း နှစ်သက်တယ်။ ကျွန်မငယ်ငယ်က မိုးရွာရင် အရမ်းပျော်မိတယ်။ မိုးကို အမြဲရွာပါစေ ဆုတောင်းမိတယ်။ အခုတော့ ကျွန်မလဲ အဲလိုပဲ မိဘတွေကို အရမ်းလွမ်းတယ်။ ကျွန်မတို့က မိသားစုခွဲပြီး အလုပ်လုပ်နေလို့ ထင်ပါတယ်။ တခါတလေ မိသားစုလိုက် သွားလာတာကို မြင်ရင် အရမ်းဝမ်းနည်းမိတယ်။ အဲဒီအချိန်မှာ မိုးကလဲ ရွာတော့ ပိုပြီး ၀မ်းနည်းမိတယ်။ တခါတလေ မိုးအရမ်းသည်းရင် လမ်းမီးတိုင် တွေဟာ မိုးရေထဲမှာ တောင့်တင်းလို့ အေးစက်လို့ ၊ အရာဝထ္ထုတွေဟာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေတယ်။ မိုးသံလေသံ တဝေါဝေါ အော်မြည်နေဆဲ။ မြေပြင်ပေါ်က မြက်ခင်းလေးတွေကလည်း စိမ်းစိုနေတယ်။ တစိမ့်စိမ့်နဲ့ မိုးဟာ မြေသားထဲကို ယိုစီးကျဆင်း နေတယ်။ မိုးစက် မိုးပေါက်တွေဟာ ကမ္ဘာ့မြေရဲ့ အနက်ရှိုင်းဆုံး ကိုယ်ဖြတ်သန်းပြီး ဟိုးအောက်မှာရှိတဲ့ ငရဲဘုံထိ ရောက်အောင် ကျဆင်းကာ ငရဲမီးတောက်တွေကို ငြိမ်းအောင် ရွာသွန်းတော့မယ်လို့ ကျွန်မ ထင်နေမိပါတယ်။ အဲဒီလိုပဲ လူတွေရဲ့ စိတ်တွေလဲ မိုးလိုပဲ အမြဲတမ်း အေးချမ်းသွားစေချင်ပါတယ်။

ခိုင်သဇင်

No comments: