စကားကောင်းမပြောနိုင်လျှင် ပါးစပ်ကိုပိတ်ထားပါ
လူများသည် မိမိကိုယ်ကို ကောင်းစွာဆုံးမထားလျှင် အလွန်အတင်းပြောချင်ကြသည်။ ကြမ်းတမ်းသည့်စကားကို ဆိုချင် တတ်ကြပါသည်။ ရောက်တက်ရာရာကို ပြောပြီး မိမိပါးစပ်ကို အပေါစားဖြစ်အောင် နေ့စဉ်နှင့်အမျှ လုပ်နေတတ်ကြပါ သည်။ အဲဒီကိစ္စကတော့ သဘာဝပဲလေဟု လွှတ်ထားဖို့ မသင့်တော်ပါ။ မိမိစိတ်ကို ထိန်းကျင့်လုပ်မှ နှုတ်ကိုလည်း ထိန်း၍ရနိုင်ပါမည်။
ကြားပြီးပြီလားဟု လုပ်ငန်းခွင်များမှာ၊ ကျောင်းများမှာ တစ်ယောက်နှင့်တစ်ယောက် မေးတတ်မြန်းတတ် ကြပါသည်။ ဘာထူးသလဲဟု မေးမှဖြစ်မည့်ဌာနများလည်း ရှိသည်။ ထိုကဲ့သို့ ဌာနမျိုးမဟုတ်သော်လည်း ဘာထူးသလဲ၊ ကြားပြီးပြီလား စသည်ဖြင့် မေးတတ်မြန်းတတ်သည်ကတော့ ကောင်းသည့်အကြောင်းများကို ပြောဖို့ထက် သတင်းထူး သတင်းဦးကို ကိုယ်သိသည်ကို ပြောချင်သည့် သဘောနှင့် မေးတတ်သည်က များပါသည်။ မကြားရသေးဘူး၊ ပြောပါဦးဟုဆိုလျှင် ဟုတ်လောက်၏၊ မဟုတ်လောက်၏ဆိုသည်ကို ဘေးဖယ်ထားပြီး ပေါက်တတ်ကရ ပြောပါလေတော့သည်။ တချို့ကလည်း ဟုတ်တာမဟုတ်တာ အပထား၊ ကိုယ်ဖြစ်စေချင်သည့်အတိုင်း ဆွဲပြီးပြောတတ်သည့် စကားများကို ကြားပြီးလျှင် အာသာပြေပြီး နောက်တစ်ယောက်ကို ပြန်ပြောဖို့ ဆက်လက်ထွက်ခွာသွားတတ်ကြပါသည်။
မဟုတ်မမှန်သည့် မုသားစကားများ၊ တစ်ယောက်နှင့်တစ်ယောက် အထင်အမြင်မှားစေသည့် အချစ်အခင် ပျက်ပြားစေ သည့်စကားများ၊ သူတစ်ပါးကို စွပ်စွပ်စွဲစွဲပြောသည့်အခါ မိမိနှုတ်ကို သိက္ခာကျစေလောက်သည့် ရုန့်ရင်းကြမ်းတမ်းသည့် စကားများ၊ အနှစ်မဲ့ အကျိုးမဲ့တဲ့စကားများကို နေ့စဉ်ပြောနေခြင်းဖြင့် အကုသိုလ်များကို စုဆောင်းမိပြီးသား ဖြစ်သွားတတ်ပါသည်။ မိမိ၏စိတ်သည်လည်း ရှင်းလင်းကြည်သန့်သည့် အနေအထားကို မရရှိနိုင်ပါ။ မကောင်းတာ တွေကို ပြောပြီး လေးလံနေပါသည်။ မကောင်းသည့်စကား မဟုတ်မမှန်သည့် စကားကို ပြောဖန်များလာလျှင် လူ့တန်ဖိုးကျလာ တတ်ပါသည်။

လူများသည် ပါးစပ်ပိတ်ထားပါလျက် ကြွက်ကြွက်ညံအောင် စကားပြောတတ်ကြပါသေးသည်။ ဘယ်နေရာမှများ စကားများနေတယ် ထင်ပါသလဲ။ မျက်စိကိုမှိတ်ကာ ပေါင်ပေါ်မှာလက်ယှက်ပြီး တရားမှတ်နေသည့်အချိန်မှာတောင်မှ စိတ်ကထွက်မှန်းမသိထွက်သွားပြီး ဘယ်သူနှင့်တွေ့လျှင် ဘာတွေပြောလိုက်မည်ဆိုပြီး အသံတိတ်စကားတွေ အများကြီး ပြောတတ်ကြပါသည်။ ထို့ကြောင့် ပါးစပ်ပိတ်ရုံမက စိတ်ကို သတိနှင့်ချုပ်ထားပါဟု ပြောရမည်ဖြစ်သည်။
သက်
No comments:
Post a Comment