စောင့်ထိန်းခြင်း
သီလဆိုတာ စောင့်ထိန်းခြင်းဟု ကျွန်တော် နားလည်ပါသည်။ ကျွန်တော် ငယ်ငယ်က ဘိုးဘွားမိဘများက ငါးပါးသီလ လုံအောင် စောင့်ထိန်းရမည်ဟု ပြောကြပါသည်။ ကျွန်တော် စဉ်းစားကြည့်မိသည်။ သူများ အသတ် သတ်မိသလား . . . မသတ်ဖူးပါ (မသတ်မိပါ)၊ ဒါကြောင့် တစ်ပါးလုံပြီဟု တွေးလိုက်မိသည်။ သူများ ပစ္စည်း ခိုးမိသလား . . . မခိုးဖူးပါ (မခိုးဖူးပါ)၊ နောက်တစ်ပါးလုံပြန်ပြီ၊ လိမ်ပြောဖူးသလား . . . ဒါကတော့ တစ်ခါတစ်လေ လိမ်ပြောရသည့် ကိစ္စတွေရှိသည်။ သူများအကျိုး၊ ကိုယ့်အကျိုးအတွက် (ကိုယ့်အတွက်ကတော့ အဓိကပါ)။ ဒါကတော့ မလုံဘူးပေါ့၊ သူများ သားမယား ပစ်မှားဖူးသလား . . . ဒါလည်း လုံသည်ဟု ယူဆသည်။ အရက်သေစာ သောက်စားဖူးသလား . . . ဒါကတော့ လူငယ်ပီပီ မကင်းနိုင်ပါ။ ဒါကတော့ လုံမှာမဟုတ်။ ဒါဆို ဘယ်နှစ်ပါး လုံသလဲဟု တွေးကြည့်တော့ ငါးပါးမှာ သုံးပါးလုံသည်ဟု ယူဆခဲ့သည်။ တဖြည်းဖြည်း ကြီးလာတော့ သီလဆိုတာ စောင့်ထိန်းခြင်းပဲ၊ စောင့်ထိန်းခြင်းဆိုတာ သေသေချာချာ စောင့်ပြီး ထိန်းတယ်လို့ ခံယူမိလာတယ်။ သူငယ်ချင်းတို့ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့က သားသတ်သမားတွေ မဟုတ်တဲ့အတွက် သူ့အသတ်သတ်ခြင်း ဆိုတဲ့ သီလကို ထိန်းပြီးသားလို့ တွေးလို့ရပါတယ်။ ကျွန်တော်ကတော့ အဲဒီလို မယူဆပါဘူး။ ဥပမာ- မခံနိုင်လောက်အောင် ခြင်ကိုက်ခံရပါက ကျွန်တော်တို့ ဒေါသထွက်ပီး သတ်ပစ်လိုက်ကြသည်။ ဒေါသထွက်လောက်အောင် ပုရွက်ဆိတ် အများကြီး အကိုက်ခံရပါက ဒေါသထွက်ပီး သတ်ပစ်မိကြသည်။ ဒါဆို သီလမလုံ (ကျိုး)သည်ပေါ့။ အဲဒီလို အချိန်မျိုးမှာ မသတ်မိအောင် ဒေါသကို မျိုသိပ်(ထိန်းချုပ်)ပြီး စောင့်ထိန်းလိုက်ခြင်းမှသာ သီလလုံမည်ဟု ယူဆပါသည်။ အခြားသီလများလည်း ဒီလိုပါပဲ အခက်အခဲတွေနဲ့ ကြုံလည်း လုံအောင် စောင့်ပြီး ထိန်းမှ သီလ(စောင့်ထိန်းခြင်း) ဆိုတာ ပြည့်စုံမည်ဟု ယူဆပါသည်။ သူငယ်ချင်းတို့၏ အယူအဆများကိုလည်း ပြောနိုင်ပါသည်။
ဇော်ဖြိုး
No comments:
Post a Comment