နွေးထွေးသောမေတ္တာရိပ်
ကျွန်မတို့ ဒီမြေကမ္ဘာလောကကြီး၌ လူရယ်လို့ဖြစ်လာဖို့အတွက် မိဘများက မွေးဖွားပေးခဲ့ကြပါသည်။ လူတစ်လုံး၊ သူတစ်လုံး ဖြစ်လာအောင် ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ကြ ရပါသည်။ ငယ်စဉ်တောင်ကျေး၊ ကလေး ဘ၀ကမှစ၍ ယခုအချိန်ထိ ပညာတတ်ကြီးများဖြစ်အောင် တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည့်းပံ့ပိုးပေးခဲ့ ကြပါသည်။ ယဉ်ကျေးလိမ္မာအောင်၊ လူကြီးသူမကို ရိုသေတတ်အောင်၊ ကူညီရိုင်းပင်းတတ်အောင် ပဲ့ပြင်ဆုံးမခဲ့ပါသည်။ မိဘများသည် သူတို့တွင် မပြည့်စုံလင့်ကစား သားသမီးများကို ပတ်ဝန်းကျင်တွင် မျက်နှာမငယ် ရအောင်၊ အများနှင့်တန်းတူ ထားနိုင်အောင် တတ်နိုင်သည်ဘက်မှ ထောက်ပံ့ နိုင်အောင် ကြိုးစားရှာဖွေကြပါသည်။ သူတို့၏ ဘ၀တွေ ဘယ်လောက်ပင် ကြမ်းတမ်းခက်ခဲနေပါစေ သားသမီးများကို လုံးဝမျက်နှာတစ်ချက် အငြိုးမခံစေဘဲ သားသမီးများ၏ လိုအင်ကို မရရအောင်ဖြည့်ဆည်း ပေးတတ်ကြပါသည်။
အဲဒီလိုမျိုးဖြည့်ဆည်းပေးနိုင်ဖို့ ရန်အတွက် နေ့မနား၊ ညမအား အလုပ်များကို ပင်ပန်းဆင်းရဲစွာ လုပ်ဆောင် ကြရပါသည်။ သားသမီးများ အပေါ်၌လည်း အလွန်ကို မျှော်လင့်ချက်ကြီးစွာ ထားတတ်ကြပြီး သားသမီးများကို အများနှင့်တန်းတူ ပညာတတ်ကြီး များဖြစ်စေချင်ကြသည့်အတွက် မိမိတို့၏ ပတ်ဝန်းကျင်တွင် မိမိတို့၏ မိသားစုများထက် အနည်းငယ် ဆင်းရဲနုံချာသော မိသားစုများ၏ဘ၀နှင့် နှိုင်းယှဉ်ပြသပြီး ကျွန်မတို့တွေ နားလည်စာနာပြီး လူ့ပတ်ဝန်းကျင်တွင် ပညာတတ်ပါမှ လူတန်းစေ့နေနိုင်မည်ဖြစ်ပြီး မိမိတို့ ဘ၀ကိုလည်း မိမိတို့ စိတ်ကြိုက်ပုံဖော်နိုင်မည်ဖြစ်ကြောင်းကို ဘယ်လိုရည်ရွယ်ချက်၊ ရည်မှန်းချက်ထားရှိရမည်ဟု သားသမီးများ အပေါ် အလွန်စေတနာ၊ မေတ္တာ၊ ဂရုဏာများထားပြီး နားလည်အောင် သွန်သင်ပြသခဲ့ပါသည်။
ကျွန်မတို့မှာ မိသားစုလေးယောက်ရှိပါသည်။ ဖေဖေ၊ မေမေ၊ ကျွန်မအပါအ၀င် ကျွန်မရဲ့ အချစ်ဆုံးညီမလေး တစ်ယောက် လည်းရှိပါသည်။ ကျွန်မ၏ ဖေဖေသည် အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပါသည်။ ယခုလက်ရှိလည်း တာဝန် ထမ်းဆောင်နေလျက်ရှိပါသည်။ မေမေ ကတော့ ကျွန်မတို့ သားအဖ သုံးယောက်ရဲ့ တာဝန်ကိုယူရင်း အိမ်မှုကိစ္စများကို နေ့စဉ် ပြုလုပ်နေရပါသည်။ ကျွန်မတို့ ညီအစ်မနှစ်ယောက်ကို မေမေက နေ့စဉ်ကျောင်းကိစ္စ များကို အမြဲတမ်းမှန်စွာလေ့လာဆည်းပူးပြီး ပညာတတ်ကြီးဖြစ်အောင်ကြိုးစားကြရန်၊ ကျွန်မတို့ ညီအစ်မ နှစ်ယောက် ပညာရေးကို မကြောင့်မကြနှင့် သင်ယူနိုင်အောင် ပင်ပန်းဆင်းရဲစွာဖြင့် ကြိုးစားရှာဖွေနေသော ဖေဖေ့ကို သနားရန်နှင့် ကျွန်မတို့နှစ်ယောက် ပညာတတ်ကြီးဖြစ်မှ ဖေဖေနှင့် မေမေ လူပုံအလယ်တွင် ဂုဏ်တင့်မည်ဖြစ်ကြောင်းကို မေမေက အမြဲတမ်း သွန်သင်ဆုံးမပါသည်။
ယခုဆိုလျှင် ကျွန်မသည် ဘွဲ့ရပညာ တတ်တစ်ယောက်ဖြစ်ပြီး လုပ်ငန်းခွင်သို့ ၀င်ရောက် နေပြီဖြစ်ပါသည်။ ညီမလေးသည်လည်း ပထမနှစ် (GTC) သို့ တက်ရောက်နေပြီဖြစ်ပါသည်။ ယခုဆိုလျှင် ဖေဖေနှင့် မေမေသည် ကျွန်မတို့ ညီအစ်မနှစ်ယောက်အတွက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပီတိတွေဝေဖြာပြီး ပတ်ဝန်းကျင်တွင် မျက်နှာမငယ်ရတော့ဘူးဟု စကားကြုံတိုင်း အမြဲတမ်း ပြောဆိုတတ်ပါသည်။ အဲဒီလိုမျိုးဆက်လက်ပြီး ကြိုးစားသွားကြရန်၊ ဇွဲ၊ လုံ့လကို မလျော့ကြရန်၊ လုပ်ငန်းခွင်သို့ ၀င်ရောက်နေသော ကျွန်မနှင့် တက္ကသိုလ်သို့ တက်ရောက်နေသော ညီမလေးကိုပါ မိမိတို့၏ ကျရာနေရာ၊ ကျရာတာဝန်၊ ကျရာအခန်းကဏ္ဍကို ကျေပွန်စွာထမ်းဆောင်ပြီး မိမိဂုဏ်ကိုမြှင့်တင်ရန် သွန်သင် ဆုံးမပါသည်။
ကျွန်မကိုဆိုလျှင် ဖေဖေသည် ခဏခဏ ပြောဆိုဆုံးမပါသည်။ အစိုးရ၀န်ထမ်းတစ်ယောက်ဖြစ်လို့ တာဝန်ကျရာ၊ တာဝန်ပေးရာမြို့သို့ သွားရောက် တာဝန်ထမ်းဆောင်နေရသည့်အတွက် ဖေဖေ၊ မေမေတို့နှင့် အလှမ်းဝေးသည့် နေရာတွင် ရောက်ရှိနေပြီး အမြဲမိဘနှင့် မထိတွေ့ရသည့်အတွက် ပိုမိုပြီး ဂရုစိုက်ရန်လိုကြောင်း၊ မိမိအထက် လူကြီးများကခိုင်းသည့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရန်၊ မိမိအထက်လူကြီးများ စိတ်မငြိုငြင်အောင်၊ စိတ်ကွက်စရာများကို မပြုလုပ်မိစေရန်နှင့် ဆွေမျိုးရင်းချာများမရှိသည့် တစ်နယ်တစ်ကျေးတွင် နေထိုင်နေရသဖြင့် ရင့်ကျက်တည်ငြိမ်ပြီး စဉ်းစားတွေးခေါ်တတ်သည့် လူတစ်ယောက်ဖြစ်စေချင်ကြောင်း၊ အများတကာနှင့် အဆင်ပြေအောင် နေထိုင်ရန်၊ လိမ္မာပါးနပ်စွာ ပြောဆိုဆက်ဆံတတ်ရန်၊ သူတစ်ပါးကြောင့် မိမိစိတ် အနှောင့်အယှက် ဖြစ်ရပေမယ့် မိမိကြောင့် သူတစ်ပါးစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်မိစေရန်၊ မပြောမိစေရန်၊ မပြုမူမိစေရန် ဆင်ခြင်စွာ ပြုမူနေထိုင်သင့်ကြောင်း၊ လူအမျိုးမျိုး စိတ်အထွေထွေရှိကြသည့် တစ်စိမ်းတစ်ရံဆိုသည့် ပတ်ဝန်းကျင်တွင် ဂရုတစိုက်နေထိုင်ရန်၊ မွေးချင်းညီအစ်ကိုမောင်နှမတွေတောင်မှ စိတ်ဓာတ်တွေက တူညီချင်မှ တူညီတာ၊ မိသားတစ်စုနဲ့ တစ်စုက တူညီနိုင်ပါ့အုံးမလားဆိုသည့် ဖေဖေ့ ပြောဆိုသံ၊ ဆုံးမစကားသံများကို အလျဉ်းသင့်သလို ဖေဖေ၊ မေမေတို့နှင့် အဆက်အသွယ်ရတိုင်း ပြောဆို နေတတ်သည့် စကားသံများကို ကျွန်မနားထဲမှာ အမြဲကြားယောင်နေပါသည်။
တစ်ခါတစ်ရံတော့လည်း ကျွန်မသည် ဖေဖေ၊ မေမေတို့နှင့် မခွဲဘဲ အတူနေချင်သည့် ဆန္ဒများဖြစ်နေလျက် ရှိပါသည်။ ကျွန်မနေထိုင်သည့် ပတ်ဝန်းကျင်တွင် တစ်ခါတစ်ရံ၌ အဆင်မပြေသည့် အခါမျိုး၊ စိတ်ထိခိုက်စရာတစ်စုံတစ်ရာ ကြုံလာရသည့် အခါမျိုး၊ နေထိုင်မကောင်းဖြစ်သည့် အခါမျိုးတွင် မိဘရင်ခွင်သို့ ပြေးဝင်ပြီး ပြောပြစရာ၊ တိုင်ပင်စရာ၊ ချွဲနွဲ့စရာမရှိသည့်အခါမျိုးတွင် ဖေဖေနှင့် မေမေကို သတိရတမ်းတမိသည်။ စိတ်ဆင်းရဲစရာ၊ စိတ်ညစ်စရာ ကြုံရတဲ့အခါတိုင်း ဖေဖေက ရယ်စရာပြောပြ၍ စိတ်ပျော်အောင် ထားခဲ့သည့် အချိန်၊ ဘာစားချင်လဲ သမီးလေး၊ အခုဘာဖြစ်ချင်လို့လဲ သမီးလေးလို့ မျက်နှာတစ်ချက် အငြိုးမခံစေဘဲ အမြဲတမ်းမေးခဲ့တဲ့ မေမေရဲ့ စကားသံလေးတွေကို ကြားယောင်လာပါသည်။ ကျွန်မ အစိုးရ၀န်ထမ်း စလုပ်တုန်းကဆိုရင် ဖေဖေက အရမ်းကို ပျော်ရွှင်နေခဲ့တဲ့ အချိန်ပေါ့၊ ၀န်ထမ်းယူနီဖောင်းလေးနဲ့ ငါ့သမီးလေးက ကြည့်လို့ကောင်းလိုက်တာလို့ပြောခဲ့တဲ့ ဖေဖေနဲ့ အခုတော့ ကျွန်မတို့ မျှော်မှန်းသလို ဖြစ်လာပြီလို့ အားရကြည်နူး စွာပြောခဲ့တဲ့ မေမေကရဲ့ စကားတွေကို နားထဲကြားယောင်၊ မျက်လုံးထဲမှာ ဖေဖေနဲ့ မေမေတို့ရဲ့ ပုံရိပ်တွေကို မြင်ယောင်ပြီး စိတ်ညစ်စရာလေးတွေကို အမြဲတမ်းအဲဒီလို အတွေးလေးတွေနဲ့ ဖြေဖျောက် နေခဲ့ရပါသည်။ မိဘကျေးဇူးဆပ်ချင်သည့်အတွက်၊ ဖေဖေနဲ့ မေမေဖြစ်စေချင်သော အစိုးရ၀န်ထမ်း ဘ၀ကို ကျွန်မအမြတ်တနိုး တန်ဖိုးထားရင်း အခုလို ရပ်ဝေးတစ်နေရာမှာ တာဝန်ထမ်းဆောင်နေရခြင်းသာ ဖြစ်ပါသည်။ ဖေဖေနှင့် မေမေတို့လည်း ကျွန်မကို အမြဲတမ်းသတိရ တမ်းတနေရသည့်အတွက်ကြောင့် စိတ်ပင်ပန်းဆင်းရဲနေမည်ဟု ကျွန်မတွေးထင်မိပါသည်။ အခုလိုမျိုး ကျွန်မတို့ကို ပညာတတ်ကြီး တစ်ယောက် ဖြစ်ပြီး လူတန်းစေ့နေနိုင်အောင် လမ်းညွှန်သင်ကြားပြသပေးခဲ့သည့် ဖေဖေနှင့် မေမေတို့ကို အဝေးတနေရာမှာ အမြဲသတိရတမ်းတ ရှိခိုးဦးချလျက်ပါ. .
ယခုဆိုရင် ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်သူက၀င်၊ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရောက်သူကတက်နှင့် မိမိတို့၏ ရင်သွေးများလွတ်မြောက်ချေပြီဟု တွေးမိ၍ တစ်သက်တာလုံး ပင်ပန်းဆင်းရဲခဲ့သမျှ တမဟုတ်ခြင်း ပြယ်လွင့်သွားရချေပြီ။
ကျွန်မက အိမ်လွမ်းငှက်တို့ တောင်ပံခတ်သံဟူသည့် အရှင် အာစာရာလင်္ကာရ (ကိုးဘွဲ့ရဆရာတော် စီစဉ်သော အမေ့စာ ကဗျာပေါင်းချုပ်မှ စာပိုက်ပါ ကဗျာတစ်ပုဒ်မှ စာပိုဒ်အချို့ကို ညီမလေးအတွက်ဖော်ပြပါသည်။
လောကဓံလှိုင်းတံပိုးအကြား
ကျောက်ဆောင်လား
အမေလား ခွဲခြားမရ
ဘ၀၏ လမ်းတစ်လျှောက်
ကွေ့ကောက်များစွာ
အဖေ့ရဲ့ ခြေရာများ
အထင်ရှားဆုံးပါပဲ
မေတ္တာ ဂရုဏာ မုဒိတာ တရား
သုံးပါး ဗြဟ္မစိုရ်
အမေနှင့် အဖေ့ကို တစ်သက်မြဲ
သံမှိုစွဲသကဲ့သို့
တကယ်တော့ ကျွန်မတို့ အဖေနှင့် အမေသည် လောကဓံရေလှိုင်းကြားက ကျောက်ဆောင်ပါပဲ။

သက်
No comments:
Post a Comment