Friday, November 28, 2008

အဆွေမွန်ကောင်းလိုချင်ရင်

ကိုယ့်စိတ်ကို ကိုယ်သိမှပဲ သူတစ်ပါးကို မထိခိုက်အောင် မနစ်နာအောင် သတိနဲ့ ထိန်းသိမ်းပြီး နေလို့ရမှာနော်။ သာမန် အားဖြင့် ကိုယ့်စိတ်ကို မသိကြတော့ ကိုယ့်မှာလည်း စိတ်ထဲမှာ စိတ်ညစ်စရာ၊ စိုးရိမ်စရာ၊ သောကဖြစ်စရာတွေက များနေတော့ ချစ်တယ်လို့ ဆိုသော်လည်း ကိုယ့်အနားမှာ ရှိနေတဲ့ သူတွေကို လွှတ်ခနဲ လွှတ်ခနဲ ပြောမိတယ်။ ပြောမိတော့ တစ်ဖက်က စိတ်ဆင်းရဲရပြီ၊ သူက ပြောလိုက် ကိုယ်က ပြောလိုက်နဲ့ စိတ်ဆင်းရဲစရာတွေက နေ့တိုင်းလိုလိုပဲ တွေ့ရတာပဲ။
အဲဒီလိုပဲ တစ်ယောက်ကို တစ်ယောက် စိတ်ဆင်းရဲအောင် လုပ်နေတဲ့လူချင်းပဲ အဖော်လုပ်ပြီး နေကြတာပါပဲ။ ကိုယ့်စိတ် ကိုယ်တောင်မှ စိတ်ချမ်းသာအောင် မထားနိုင်သေးဘူးဆိုရင် သူတစ်ပါးကို စိတ်ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး။ ဒါကိုလည်း သေသေချာချာ နားလည် သဘောပေါက်စေချင်တယ်။
သူ့ကို ငါသိပ်ချစ်တယ်၊ သူ့ကို ငါ သိပ်သနားတယ်၊ သူ့ကို ငါ စိတ်ချမ်းသာအောင် ထားချင်တယ်လို့ ဘယ်လိုပင် ပြောသော်လည်းပဲ ကိုယ့်ဟာကိုယ်မှ စိတ်ချမ်းသာအောင် မနေနိုင်ရင် ကိုယ့်စိတ် မကြည်တဲ့အခါမှာ အပြစ်ရှာပြီး ပြောတော့တာပဲနော်။ ကိုယ့်မှာ အားငယ်နေတယ်။ ကြောက်နေတယ်ဆိုရင် အဲဒါလေးကို ကာကွယ်တဲ့အနေနဲ့ သူတစ်ပါးကို အပြစ်ဖို့ချင်တယ်။ သေသေချာချာ ပြန်ကြည့်မယ်ဆိုရင် အနီးမှာနေတဲ့ လူတွေကို အဲဒါမျိုး ပြောမိတာ အများဆုံးပဲ။
အားငယ်စိတ်၊ ကြောက်စိတ်၊ ဒေါသဖြစ်တဲ့စိတ်နဲ့ တစ်ဦးကိုတစ်ဦး ထိခိုက်အောင်၊ နစ်နာအောင် ပြောနေ ဆိုနေကြတာပဲ။ ငါ့ကို အထင်မကြီးဘူး၊ ငါ့ကို မလေးစားဘူး။ အဲဒီလို အတွေးတွေက ဖြစ်နေတာနော်။ မိသားစု အချင်းချင်းတောင် သူတို့က ငါ့ကို ဘယ်လို ထင်နေတယ် စသဖြင့် တွေးတတ်တယ်။ အားရှိတဲ့လူဟာ ဘယ်သူ့ကိုမှ မနိုင်ချင်ဘူး။ သူ အနိုင်အရှုံးကို မလိုချင်ဘူး။ ကိုယ့်စိတ်ထဲမှာ အားငယ်နေပြီ ဆိုရင်တော့ နိုင်ရမယ့်လူ ရှာတော့တာပဲ။
ကိုယ့်အားငယ်စိတ်ကို ကိုယ့်ဟာကိုယ် ပြန်ကြည့်မယ်ဆိုရင် ``အော် ငါ့စိတ်ထဲမှာ နဲနဲ အားငယ်နေတာကိုး´´ လို့ သိနေရင်ကိုပဲ ဒီ စိတ်ကလေးဟာ နဲနဲ သက်သာသွားတယ်။ သိနေတဲ့အတွက် သူ့ရဲ့ လွှမ်းမိုးမှုကို မခံရတော့ဘူး။ မခံရတော့ သူတစ်ပါးကို အနိုင်ယူဖို့ မကြိုးစားတော့ဘူး။ အဲဒီ အားငယ်စိတ်ကို ပိုပြီးတော့ မြင်လာတဲ့အခါမှာ ဒီအားငယ်စိတ်ဟာ ပျောက်သွားနိုင်တယ်။ သူများ ကိုယ့်ထက် ဘယ်လောက်သာနေနေ ကိစ္စမရှိဘူး။ သူတို့က ငါ့ထက် သာသွားလို့ဆိုပြီး အားမငယ်ဘူး။
တစ်ယောက်ကို တစ်ယောက် အပြစ်မရှာပဲ၊ ကိုယ့်စိတ်ကိုကိုယ် ချမ်းသာအောင် ထားတတ်တဲ့ လူနှစ်ယောက် ဆက်ဆံရင် ဘယ်လောက် ကောင်းမလဲ၊ ဒါကြောင့် အဲသလိုမှ မဖြစ်သေးဘူး ဆိုရင်တော့ လက်ရှိရှိနေတဲ့ ဆက်ဆံရေးဟာ စိတ်ကျေနပ်မှု၊ စိတ်အေးချမ်းမှု မရနိုင်သေးဘူး။ နဲနဲတော့ အဖော်ရတာပေါ့။ တစ်ယောက်တည်း ဖြစ်မနေဘူး။ ကိုယ့်အတွက် စားဝတ်နေရေး အတွက် အထောက်အပံ့ပေးမယ်၊ တကယ့် အဖော်ကောင်းတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တကယ့် အဆွေမွန်ကောင်းကို လိုချင်ရင် ပထမဆုံး ကိုယ့်ကိုယ်ကို အဆွေမွန်ကောင်း ဖြစ်အောင် လုပ်ပြီး နေနိုင်ဖို့လိုတယ်။
သက်

No comments: