Tuesday, November 18, 2008

အဆောင်သူများရည်စားထားတော့

´´မောင့်အမေက ငါနဲ့မောင့်ကို သေဘာမတူနိုင်ဘူးတဲ့ဟာ``
မျက်စိမျက်နှာတွေ ပျက်ပြီး အခန်းထဲဝင်လာတဲ့ သူငယ်ချင်းဆီက တီးတိုးထွက်ပေါ်လာတဲ့ စကားသံပါ။
ဘာဖြစ်လို့လဲ ငယ် ကျွန်မ ထပ်ပြီးစပ်စုလိုက်တယ်။ ဒါပေမယ့် ငယ့်ဆီက နောက်ထပ် အသံထပ် ထွက်မလားတော့ဘူး။
ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေ ကျွန်မခေါင်းထဲကို တသီတတန်းကြီး ၀င်လာတယ်။ ငယ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကိုလည်း တွေးကြည့်နေမိတယ်။ ငယ်ရဲ့ ရုပ်ရည်ဟာ မဆိုးတဲ့အထဲမှာ ပါပါတယ်။ ပညာအရည်အချင်း ဆိုရင်လည်း သာမန်ထက်မြင့်တဲ့ အနေအထား တစ်ရပ်မှာရှိသူပါ။ မိဘ အသိုင်းအ၀ိုင်းကလည်း ပညာတတ် အသိုင်းအ၀ိုင်းပါ။ ပိုက်ဆံကတော့ မရှိမရှားပေါ့။ သူရဲ့အလုပ်က တောရုံ မိန်းကလေး တစ်ယောက် မရနိုင်တဲ့ လခမျိုးနဲ့ အလုပ်၊ ဂုဏ်သိက္ခာလည်းရှိတဲ့အလုပ်ပါ။ ဒါဆို သူချစ်သူရဲ့ မိခင်က ဘယ်အချက်ကို သဘောမကျလို့ ငြင်းရတာလဲ။
ငါက အဆောင်သူမို့လို့တဲ့ ကျွန်မသိချင်တာကို ငယ်ဖြေပေးပြီး တရှုတ်ရှုတ်ငိုနေပါတယ်။ ကျွန်မလည်း ဘာဆက်ပြောရမှန်း မသိတော့ အောင်ကို နှုတ်ဆိတ်ငြိမ်သက် သွားမိတယ်။
မိန်းခလေး တစ်ယောက် အဆောင်သူ ဖြစ်နေခြင်းဟာ သားရှင်အတွက် ကိုယ့်သားနဲ့ သဘောမတူဖို့ လုံလောက်တဲ့ အကြောင်းပြချက် တစ်ခုပါလား။

ဟုတ်ပါတယ်။ ကျွန်မသူငယ်ချင်းက နယ်ကနေ လာအလုပ်လုပ်နေတဲ့ ၀န်ထမ်းပါ။ ဆွေးမျိုးမရှိတဲ့နေရာမှာ အဆောင်နေရင်းနဲ့ ဘ၀ကို ရပ်တည်နေတာ အမှားတစ်ခု ကျူးလွန်မိတာပါလား။ ကျွန်မလည်း ရပ်ဝေးကနေ အဆောင်လာနေတဲ့ သူတစ်ယောက်ပါ။ အခုလို တိုးတကနေတဲ့ခေတ်ကြီးမှာ ကိုယ့်ဘ၀ တက်လမ်းအတွက် အလားအလာအများကြီးရှိနိုင်တဲ့ မြို့ကြီးမှာ ရိုးရိုးသားသား အလုပ်လာလုပ်တဲ့ မိန်းကလေးတွေဟာ ပျက်စီးနေကြပါတယ်လို့ ဘာကြောင့်များ ယူဆနေကြတာပါလဲ။ တကယ်တမ်း ပြောကြစတမ်းဆိုရင် မိသားစုမရှိဘဲ ကိုယ့်ဘ၀ကိုယ် ရပ်တည်၊ ကိုယ့်ဘ၀ကိုယ် ရပ်တည်၊ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ကြုံလာသမျှ အခက်အခဲ၊ ဖြစ်လာသမျှ ပြဿနာတွေကို ရဲရဲရင်ဆိုင် ဖြေရှင်းနေရတဲ့ ကျွန်မတို့အဆောင် သူတွေဘ၀နဲ့ မိဘအရိပ်မှာခို၊ မိဘပေးတဲ့ မုန့်ဖိုးလေးကို အလိုက်သင့်သုံး၊ အမေချက်ထားတာကို အရန်သင့် ထိုင်စားလို့ရတဲ့ အိမ်မှာ နေသူတွေရဲ့ ဘ၀၊ ဘယ်ဘ၀က ပိုခက်ခဲ ကြမ်းတမ်း တယ်ဆိုတာ အသိသာကြီးပါ။
ဘယ်လောက်ပဲ ဆင်းရဲတဲ့ လူဖြစ်ပါစေ၊ မိသားစုနဲ့ အတူတူ နေရတယ်ဆိုတဲ့ တစ်ချက်တည်းက ကျွန်မတို့ထက် အဆများစွာ သာနေပါပြီ။ စိတ်ညစ်စရာကြုံလာရင် နှစ်သိမ့်ပေးမယ့်လူ၊ ဘယ်လိုကိစ္စမျိုး အတွက်မဆို အကြံဥာဏ် ကောင်းတွေ ပေးနိုင်မယ့်လူ၊ မတော်လို့ ပြဿနာတွေပေါ်ပေါက်လာရင်တောင် ကိုယ့်ရှေ့ကနေ မားမားမတ်မတ် ရင်ဆိုင်ဖြေရှင်းပေးမယ့် အဖေ အမေနဲ့ ညီအစ်ကိုမောင်နှမတွေ၊ ကျွန်မတို့ရဲ့ အနားမှာ သူတို့တွေရှိမနေပါဘူး။ အမှန်အတိုင်း ၀န်ခံရမယ်ဆိုရင် စိတ်ဓာတ် ဘယ်လောက်မာတယ်ပဲ ပြောပြော အရာရာကို တစ်ယောက်တည်း ရင်ဆိုင်ရတဲ့ဘ၀မှာ ကျွန်မတို့လည်း အားငယ်စိတ် ဖြစ်မိပါတယ်။ တကယ်လို့ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာခဲ့ရင်တောင် ရပ်ဝေးမှာရှိနေတဲ့ မိဘတွေ စိတ်ဆင်းရဲမှာစိုးလို့ ရင်ဖွင့်ပြောပြတာမျိုး မလုပ်ကြဘဲ အတက်နိုင်ဆုံး မျိုသိပ်ထား တတ်ကြပါတယ်။
သူငယ်ချင်း၊ အပေါင်းအသင်း ဆိုတာကလည်း ကျောင်းသူဘ၀ကလောက် မများပြားတော့တာအမှန်ပါ။ တစ်နေကုန် အလုပ်သွား၊ ညနေစောင်းမှာ အဆောင်ပြန်ရောက်၊ လုပ်စရားရှိတာလေးတွေ လုပ်ပြီး သမ္ဗုဒ္ဓေမှ မဆုံးခင် အိပ်ပျော်သွား ကြရတဲ့ ကျွန်မတို့တစ်တွေမှာ မိတ်ဆွေဖွဲ့ဖို့ အချိန်ဆိုတာ အရှားသားလား။ ဒါဆို ရုံးကလုပ်ဖော်ကိုင်ဖက်တွေ ကရောလို့ မေးလိမ့်မယ်။ သူများတွေတော့မသိပါဘူး။ ကျွန်မရုံးမှာတော့ ကျွန်မတစ်ယောက်တည်းနယ်ကပါ။
ထမင်းဆိုရင်လည်း ကိုယ်ဝယ်မှ၊ ကိုယ်ချက်မှ ကိုယ်စားရတာပါ။ အ၀တ်ဆိုလည်း ကိုယ်တိုင်လျှော်ဖွပ်၊ အဆိုးဆုံးကတော့ နေမကောင်းရင်တောင် ဂရုတစိုက်နဲ့ ဆေးခန်းလိုက်ပို့ ပေးမယ်သူမရှိတာပါပဲ။ အိမ်မှာ မိသားစုနဲ့ နေသူတွေကတော့ သူတို့ဘ၀က အချုပ်အချယ်ခံဘ၀၊ ကျွန်မတို့က အရာရာ ကိုယ့်ခြေကိုယ့်လက်နဲ့မို့လို့ ကျွန်မတို့ဘ၀ကို သဘောကျကောင်း ကျကြပါလိမ့်မယ်။ ဒါပေမယ့် လူ့အလို နတ်မလိုက် နိုင်တာလို့ပဲ ပြောရမလား။ ကျွန်မတို့ အဆောင်သူတွေကတော့ အချုပ်ချယ်ခံ ဘ၀ကို ပိုတောင့်တပါတယ်။ မိသားစုနဲ့ဝေး၊ သူငယ်ချင်း နထ္ထိဆိုတဲ့ဘ၀မှာ ကျွန်မသူငယ်ချင်း ငယ်အနေနဲ့ တစ်စုံတစ်ယောက်ကို ခင်တွယ်မိတာကို လည်း အမှားလို့မဆိုသာပါဘူး။ စာနာတတ်မယ်ဆိုရင် ကျွန်မတို့ရဲ့ ဘ၀ကို နည်းလည်ပြီး ဖေးဖေးမမနဲ့ ထိန်းပေးရင် အရမ်းကို ကျေးဇူးတင်မိမှာပါ။ အခုတော့ အဆောင်သူဆိုတဲ့ အချက်ကို အားနည်းချက်အဖြစ် ထောက်ပြတာကတော့ ရေနစ်သူ ၀ါးကူးလို့ ထိုးနေသလိုပါပဲ။
တစ်ချို့တွေကလည်း ဆိုပါတယ်။ အဆောင်သူတစ်ချို့ဟာ နယ်ကလာတုန်းက ရိုးသားအေးဆေးကြပေမယ့် မိဘနဲ့ အဝေးမှာ အနေကြာလာတော့ ၀တ်တာစားတာကအစ ပျက်စီးလာကြတာကို ကိုယ်တွေ့ပါပဲတဲ့။ ဟုတ်မှာပါ။ မိဘနဲ့အဝေးမှာ လွတ်ပြီ ကျွတ်ပြီဆိုပြီး နေချင်သလို နေကြတဲ့ လူတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်မြင်ဖူးတဲ့ အဆောင်သူ ပျက်စီးတာကို တွေ့ပြီး အလုံးစုံသော အဆောင်သူတွေ ပျက်စီးနေကြပါပြီလို့ လှေနံစားထစ် မသတ်မှတ် စေချင်ပါဘူး။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရတဲ့ အဖြစ်မျိုး ကျွန်မတို့ မခံစားနိုင်ကြပါဘူး။
ကျွန်မရဲ့မေမေ တစ်ခါကပြောဖူးပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်ရင် သံကွန်ချာ ခုနှစ်ထပ်ကာထားတောင် မလုံခြုံနိုင်ဘူးတဲ့၊ မေမေ့ရဲစကားကို ကျွန်မ သဘောကျမိပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ကိုယ်တိုင်က အနေအထိုင် မဆင်ခြင်ရင် အဆာင်သူဖြစ်စေ၊ မိသားစုနဲ့အတူနေသူဖြစ်စေ ပျက်စီးမှာပါပဲ။ အဆောင်သူမို့လို့ မရမ်းပတာ ဖြစ်နေတယ်လို့ မဆိုနိုင်သလို မိဘအုပ်ထိန်းမှု အောက်မှာရှိတဲ့ မိန်းခလေးတိုင်းဟာလည် ဗိုင်းကောက် ကျောက်ဖိ ဖြစ်မနေနိုင်ပါဘူး။ အဓိက အချက်ကတော့ မိမိကိုယ်ကို ထိန်းသိမ်းပဲ့ပြင်နိုင်ဖို့ပါပဲ။ ကျွန်မအခုလို ပြောပြနေတာတွေဟာ ကျွန်မသူငယ်ချင်း ငယ် တစ်ယောက်တည်း အတွက်မဟုတ်ပါဘူး။ ကိုယ့်ဘ၀ မြင့်တက်ဖို့ ရပ်ဝေးကနေ လာရောက်နေထိုင်ကြရတဲ့ ကျောင်းသူ၊ ၀န်ထမ်းအဆောင်သူအားလုံးအတွက်ပါ။ ကျွန်မတို့ လိုအပ်နေတာက မေတ္တာ၊ ကရုဏာ၊ ဖေးမကူညီမှု၊ စေတနာထား ဆိုဆုံးမမှုတွေပါ။ လှေနံဓားထစ် စွပ်စွဲချက်တွေ၊ ရှေးရိုးဆန်တဲ့ အယူအဆတွေမဟုတ်ပါဘူး။ မိဘနဲ့ အဝေးမှာ နေရတဲ့ ကျွန်မတို့တွေဟာ မိဘမဲ့တွေနီးပါး မေတ္တာငတ်မွတ်နေပါလို့ ပြောချင်ပါတယ်။
၁၄-၁၁ ၂၀၀၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ကြေးမုံဝင်းရေးသားထားသော ဆောင်းပါးမှ ကောက်နုတ်ချက်ဖြစ်ပါသည်

No comments: