Friday, November 14, 2008

သက်ကြီးစကား သက်ငယ်မကြား

ဟိုတုန်းကတော့ သက်ကြီးစကား သက်ငယ်ကြားတဲ့ အခု ၂၀ ရာစု I.T ခေတ်ကြီးထဲရောက်လာတော့ အဲသည် ဆိုရိုးစကားက ပြောင်းသွားပြီ။ သက်ကြီးစကား သက်ငယ်မကြား ဖြစ်သွားပြီ။

အိမ်မှာကိုယ့်ထက် အသက်ကြီးသူတွေရှိတယ်။ အဖေ၊အမေဖြစ်မယ်။ အစ်ကို၊အစ်မဖြစ်မယ်။ ဦးကြီး၊ဦးလေး။ ဒေါ်ကြီး၊ဒေါ်လေး….။ တစ်ဝမ်းကွဲညီအကို မောင်နှမ….။ နောက်ပြီး ဆွေမျိုးနီးစပ် ရပ်ဆွေရပ်မျိုး…. အသက်ကြီး တွေရှိတယ်။ အိမ်ကအရောင်းအ၀ယ် ရှိတဲ့အိမ်။ လုပ်ငန်းကိုင်ငန်းရှိတဲ့ အိမ်ဆိုပြန်ရင်လဲ။ ဆက်စပ်နေတဲ့ လူတွေ ၀င်မယ်ထွက်မယ်။ ကိုယ်ထက် အသက်ကြီးသူတွေပေါ့။ သူတို့အချင်းချင်း စကားပြောကြမယ်။ စကားဝိုင်းဖွဲ့ကြ မယ်။ အကြောင်းအရာမျိုးစုံ။ ကြုံရာဆုံရာ စုမိတဲ့အခါ ပြောကြမယ်။

ဒါပေမယ့် ဒီလိုအသက်ကြီးတွေ ပြောကြတဲ့ စကားတွေကို သက်ငယ်ကကြားဘို့ အခွင့်အရေး တစတစလျော့ပါး လာတယ်။ ဒါကြောင့် သက်ကြီးတွေ ပြောနေကြသော်ငြား သက်ငယ်များအနေနဲ့ ကြားခွင့်နာခွင့်က မကြုံနိုင်တော့ဘူး။ ကြားရဘို့ အခွင့်အရေးက တော်တော်နည်းသွားပြီ။ စုတုပြုဆိုတဲ့ အနေအထားမှာ စုအဆင့်ကို မရောက်နိုင်ဘူး။ သက်ကြီးစကားကို သက်ငယ်က ကြားဘို့ အခွင့်မသာတော့ဘူး။ ဘာဖြစ်လို့်လဲဆိုတော့ မျက်စိနှစ်လုံးပွင့် ကတည်းက ပညာရေးကိစ္စအတွက်ပဲ အာရုံစိုက်နေရတာလေ။ ကျူရှင်အစောကြီး သွားရတယ်။ (၈)နာရီခွဲ လောက်ပြန်လာ။ ကျောင်းကြီးတက်ရတယ်။ ညနေပြန်လာ ကျူရှင်ပဲ ကမန်းကတန်း ရေမိုးချိုး၊ ထမင်းစား ပြေးပြေးလွားလွား။ Guite ဆရာနဲ့ စာကျက်ဝိုင်း (၁၀)နာရီ (၁၁)နာရီအိပ်။ နောက်နေ့ ဒီအတိုင်းပဲ။ နောက်တစ်ပါတ်လည်း ဒီအတိုင်းပဲ။ စာမေးပွဲတွေ ကြိုပြီးဖြေကြည့်ကြ။ ဆရာတွေက စပါယ်ရှယ် စခန်းသွင်းကြ။ ပထမအစမ်း ပြီးပြီဆိုကတည်းက စာမေးပွဲကြီးအတွက် အားလုံးအသင့်ပြင်ထားကြ။ (တချို့က နောင်နှစ်တက်ရ မယ့် အတန်းအတွက် ကြိုတင်ငွေပေးထားကြရ)

ဒီတော့ အိမ်မှာနေရတဲ့အချိန်က နည်းလာတယ်။ နေရသခိုက်မှာလည်း T.V ရှေ့ထိုင် P.C ရှေ့ထိုင်ပေါ့ လူကြီး တွေစကားပြောတဲ့အနားမှာ ရစ်ဝဲရစ်ဝဲနဲ့ ယောင်နေလို့မရဘူးပေါ့။ စာကျက်စရာတွေက တပုံကြီးစောင့်နေတယ်။ လေ့ကျင်ခန်းတွေက အများကြီးလုပ်ရအုံးမယ်။ အိမ်မှာ လူကြီးတွေပြောကြဆိုကြတာဟာ ကိုယ့်နားထဲ မ၀င်တော့ ဘူး။ လူကြီးအချင်းချင်းပြောတာဆိုတာ ကိုယ်မကြားနိုင်တော့ဘူး။ သက်ကြီးစကားပေမယ့် သက်ငယ်မကြားနိုင် တော့ပါဘူး။

ဒီလိုနဲ့ နှစ်ပရိစ္ဆေဒရှည်ကြာစွာ သက်ကြီးစကားကို သက်ငယ်တွေ မကြားပဲနေခဲ့ရတဲ့ သက်တမ်းဟာ ဆယ်နှစ် ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်လောက်တော့ ရှိရော့မယ်။ သက်ငယ်တွေဟာ သက်ကြီးတွေဆီက ကြားသင့်ကြား ထိုက်တာတွေ မကြားခဲ့ရပဲ ကြီးပြင်းလာပြီး သက်ကြီးဘ၀ကို ရောက်လာပြန်တော့လည်း သူတို့ရဲ့ သက်ငယ်တွေ ဟာ သူတို့စကားကို မကြားသာတဲ့ အနေအထားပဲ ဖြစ်နေပြန်ရော။

ဒီလိုနဲ့ သက်ကြီးစကား သက်သယ်ကြားဘ၀ကနေ သက်ကြီးစကား သက်ငယ်မကြားဘ၀ကို ပြောင်းမှန်းမသိ ပြောင်းခဲ့ကြရပါသတဲ့လေ။

ခိုင်လေး

သူငယ်ချင်းတို့အား ကျွန်မဖတ်ရသော စာရေးသူ `သင့်နော်´ ရေးသားထားသည့် စာပိုဒ်မှ ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

No comments: