Wednesday, December 10, 2008

ကျွန်တော်မဟုတ်တဲ့ ကျွန်တော်

ကျွန်တော် မဟုတ်ပေမယ့်လို့ ကျွန်တော့်အစား ကျွန်တော် ခံစားရသကဲ့သို့ နာကျင်နေသူ နှစ်ယောက် ရှိပါတယ်။ ကျွန်တော်မှာ့ တင်မဟုတ်ပါဘူး။ လူသားအားလုံး၊ သက်ရှိအားလုံးလို့ ပြောရင် ပိုပြည့်စုံပါလိမ့်မယ်။ ပိုပြည့်စုံအောင် ပြောရရင် ကျွန်တော်တို့ရဲ့ မိဘနှစ်ပါးပါပဲ။ မိဘနှစ်ပါးမှာမှ ကျွန်တော် အမေ့အကြောင်း ပြောချင်ပါတယ်။ ကျွန်တော့် အမေဟာ ကျွန်တော် တစ်ခုခု ခံစားရတာနဲ့ သူခံစားရသလိုပါပဲ။ တစ်ခါတစ်ရံ ကျွန်တော့် ထက်တောင် ပိုမလားပဲ။ ကျွန်တော် ပျော်ရွှင်နေရင် သူပျော်ရွှင်နေပါတယ်။ ကျွန်တော့် အကြောင်းကို ကျွန်တော့်ထက် သိတဲ့ သူဆိုရင်လည်း မမှားပါဘူး။ ပိုလွန်းတယ်လို့လည်း မထင်စေချင်ပါဘူး။ ကျွန်တော့် အတွက် အရာရာကို ရင်ဆိုင်ပါတယ်။ ကျွန်တော်အတွက် လူဆိုးကြီးဖြစ်ရလည်း ဖြစ်တာပဲ။ ကျွန်တော့်အတွက် ဘာမဆို သူ ဖြစ်နိုင်ပါတယ်/ ဖြစ်ရဲပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော် သူ့ကို ပြောဖူးပါတယ်။ အမေဖြစ်တာမှ မဟုတ်တာ ကျွန်တော့် ဘာသာ ဘာဖြစ်ဖြစ်ပေါ့။ သူများတကာကို ဘာမှ သွားမပြောပါနဲ့ပေါ့။ အမေကတော့ ဘာမှ ပြန်မပြောပါဘူး။ ပြုံးပြီး ကျွန်တော့်ကို တစ်ချိန် ဒီနေရာကို နင်ရောက်လာတဲ့ တစ်နေ့ကျရင် နင့်သားသမီးက နင့်ကို ဒီလို မပြောပါစေနဲ့လို့ပဲ ငါဆုတောင်းပါတယ်၊ နင်လည်း ဆုတောင်းပါတဲ့။ ကျွန်တော့် သူငယ်ချင်းတွေကလည်း မင်းအမေက လွန်လွန်းပါတယ်ကွာ ငါတို့အမေဆိုရင် ဒီလို မဖြစ်ပါဘူးတဲ့။ ဟုတ်မှာပါ၊ လူတစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူသလို အမေတစ်ယောက်ရဲ့ အတ္တချင်းလည်း တူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သားသမီးတွေ အတွက်၊ သားသမီးတွေ အရေးက သူ့အရေးထက် ပိုအရေးကြီးကြတာချင်းတော့ တူကြမှာပါ။ သူတို့ရဲ့ တုနှိုင်းလို့ မရတဲ့ မေတ္တာတရားတွေတော့ တူကြမှာပါ။ သူတို့ အသက်ထက်ကို ပိုတန်ဖိုးထား ကြတာချင်းလည်း တူကြမှာပါ။ အမေဟာ ကျွန်တော်တို့ကို စပြီး သန္ဓေရှိစဉ်ကတည်းက ကျွန်တော်တို့ဟာ သူရဲ့ ဒုတိယမြောက် အသက်ရူခြင်းနဲ့ ဒုတိယ အသက်ရှင်ခြင်း/ ဒုတိယအသက်အဖြစ် သတ်မှတ်ခဲ့တာပါ။ ကျွန်တော် ဆက်ရေးမယ်ဆိုလည်း သူ့ရဲ့ ကျွန်တော့်အပေါ်ထားတဲ့/ ကျွန်တော်တို့ အပေါ်ထားတဲ့ မေတ္တာတရားတွေ၊ ချစ်ခြင်းတွေကို ပြောလို့ ကုန်မယ် မထင်ပါဘူး။ လူဖြစ်စေ၊ တိရိစ္ဆာန်ဖြစ်စေ ကျွန်တော် မဟုတ်တဲ့ ကျွန်တော်ဖြစ်တဲ့ အမေတွေရဲ့ ချစ်ခြင်းတွေက အားလုံး တထပ်တည်းပါပဲ။ အသိဉာဏ် ကွာဟမှုသာ ရှိပြီး မေတ္တာ တရားအားလုံးကတော့ အတူတူ ဖြစ်မှာပါ။ သူကတော့ ကျွန်တော့်အပေါ် ဒီလောက် ချစ်သလောက်၊ ဒီလောက် လုပ်ပေး သလောက် ကျွန်တော်ကရော သူ့အတွက် ဘာတွေ လုပ်ပေးခဲ့ဖူးသလဲ၊ သူ့အစား ဘယ်လောက် ခံစားပေးဖူးသလဲ စဉ်းစားကြည့်မိတော့ အရာထင်လောက်အောင် ဘာမှမလုပ်ပေးခဲ့ဖူးသလို၊ ဘာမှလည်း သူ့အစား မခံစားပေးခဲ့ဖူးပါဘူး။ သူငယ်ချင်းတွေရော ကျွန်တော် မဟုတ်တဲ့ ကျွန်တော်၊ ကျွန်တော်တို့ မဟုတ်တဲ့ ကျွန်တော်တို့ကို ဘာတွေများ နားလည်ပေးဖူးသလဲ၊ ကျွန်တော်ကတော့ သူ့အပေါ် ဘာမှ နားမလည်ပေးခဲ့ဖူးပါဘူး။ ဒါပေမယ့် ဒီကနေ့ကစပြီး ကျွန်တော် မဟုတ်တဲ့ ကျွန်တော်ဖြစ်တဲ့ အမေ့ကို တန်ဖိုးထား လေးစားစွာ ချစ်သွားမယ်လို့ ဖွင့်ဟ ၀န်ခံရင်း . . .

ဇော်ဖြိုး

1 comment:

Welcome said...

တုနှုန်းမမီတဲ့ အနန္တမေတ္တာနဲ့ မွေးမိခင်ကို မမေ့အပ်တဲ့အပြင် အိပ်ယာဝင်တိုင်း ရိုသေဂါရ၀ တရားနဲ့ ရှိခိုးသင့်ပါတယ်။

http://winzaw-mdy.blogspot.com/