Monday, December 8, 2008

လိုချင်ရင် . . . ပေးပါ

ဘ၀မှာ၊ လောကမှာ ကိုယ်လိုချင်တာ တစ်ခု ရဖို့အတွက် တစ်ခုတော့ ပေးရတယ်ဆိုတာ ဘယ်တော့မှ လက်မခံလို့ မရတဲ့ အမှန်တရား တစ်ခုပါ။ ချစ်ခြင်း မေတ္တာရဖို့အတွက် ကိုယ့်ဆီက ချစ်ခြင်း မေတ္တာကို ပေးရသလို၊ ကိုယ်ရဲ့ လိုချင်မှုတစ်ခုအတွက် ထိုက်တန်တဲ့ အရာတစ်ခုကိုတော့ ပေးကြရမှာပါ။ လူအများရဲ့ ချစ်ခင်မှုကို လိုချင်ပေမယ့် ကိုယ့်ဆီမှာ လူအများကို ချစ်ခင်တဲ့ စိတ်လေးထားဖို့တောင် ၀န်လေးနေမယ် ဆိုရင် ဘယ်တော့မှ အဲဒီ ချစ်ခင်မှုကို ရမှာ မဟုတ်ပါဘူး။ အပြန်အလှန် ဆိုတဲ့ သဘောပါပဲ။ စစ်မှန်တဲ့ ကြင်နာမှုကို ရရှိဖို့ ကိုယ့်ဆီက စစ်မှန်တဲ့ ကြင်နာမှုကို အရင်ဆုံးပေးပါ။ တူညီတဲ့ တုန့်ပြန်မှုကို ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ကို အများတကာက မုန်းနေတယ် ဆိုရင် ကိုယ်က အဲဒီ အများကို မုန်းနေလို့ ဖြစ်မှာပါလို့ ယုံကြည်ပါတယ်။ ကိုယ့်ကို အများတကာက မုန်းနေတယ် ဆိုပေမယ့် သူတို့ကို ပြန်မမုန်းဘဲ မေတ္တာထားမယ် ဆိုရင် တစ်ချိန်မှာ ကိုယ့်ကို ပြန်လည် မေတ္တာထား လာလိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ခက်ခဲမယ်၊ စိတ်မရှည်စရာ ဆိုပေမယ့် ကိုယ်လိုချင်တဲ့ အရာအတွက် ပေးသင့်တယ်လို့ ထင်ပါတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတာ ကျွန်တော် မပြောလည်း သိပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ လောကကြီးထဲမှာ စစ်မှန်တဲ့ ကြင်နာမှုထက် အမုန်း အာဃာတတွေ၊ မာနတွေ၊ မောဟတွေနဲ့ တစ်ဦးနဲ့ တစ်ဦး ထိုးနှက်မှုတွေက ပိုများနေပါတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် စစ်မှန်တဲ့ ကြင်နာမှု မေတ္တာတွေ အများအပြား လိုအပ်ပါတယ်။ ဒါကြောင့် အများနဲ့ တစ်ယောက် ဆိုပေမယ့်လည်း ကိုယ်လိုချင်တဲ့ စစ်မှန်တဲ့ ကြင်နာမှု ရရှိဖို့အတွက် စစ်မှန်တဲ့ ကြင်နာမှုများ ပေးနိုင်ပါစေလို့ တောင်းဆု ပြုရင်း . . .

ဇော်ဖြိုး

1 comment:

Welcome said...

The Best ............... i like these messages

http://winzaw-mdy.blogspot.com