သတိရတယ်ဗျာ
သူငယ်ချင်းတို့ရေ . . . တို့တွေ ကျောင်းတက်ခဲ့ရတဲ့ ကလေးဘ၀၊ လူငယ်ဘ၀၊ ကျောင်းသား ဘ၀တွေကို ကျော်လွန်လို့ ဘွဲ့တွေရကြတဲ့အခါ (ကျောင်းမတက်ကြရတော့တဲ့အခါ) ပြင်ပ လောက (အလုပ်တွေ၊ မိသားစု ဘ၀တွေ) ဖြတ်သန်းကြရတဲ့အခါ တစ်ချိန်တုန်းက တို့တတွေ ကျောင်းတက်ခဲ့ကြတဲ့ ကျောင်းသားဘ၀တွေကို ပြန်ပြောင်း သတိရနေမိကြမှာပဲ။ အဲဒီအချိန်တွေကို ပြန်မရနိုင်ပေမယ့် အဲဒီအချိန်တွေတုန်းက အမှတ်ရစရာတွေကို ပြန်ပြောင်း အောက်မေ့စွာနဲ့ ပြန်လည် တွေးတောနေမိကြမှာပါ။ ယခုအချိန်မှာ လောကရဲ့ ဒုက္ခ၊ သုခနဲ့ ဖြတ်သန်းနေရတဲ့အချိန်မှာ တခဏပဲ ဖြစ်ဖြစ် ရသမျိုးစုံရှိခဲ့ကြတဲ့ အဲဒီ အချိန်တွေကို သူငယ်ချင်းတို့ ပြန်လည်သတိရ ပြုံးပျော်နိုင်ဖို့ ဒီကဗျာလေးကို ကျွန်တော်တို့ အဖွဲ့က ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
မေ့မရဘူးဆိုရင် ဟိုစဉ်ကာလ
မိုးစက်ကျတဲ့ ကျောင်းဖွင့်ခဲ့ချိန်
ချိုမြိန်ခေါင်းလောင်း သံစဉ်ပေါင်းကို
သတိရစေ…
ငါတို့တစ်တွေ စာသင်ခန်းထဲ
တစ်ယောက်နဲ့တစ်ယောက်
နောက်ခဲ့တာတွေ…
စိတ်ရွှင်လို့ ပျော်တဲ့အခါလည်းပျော်
စိတ်တိုလို့ မခေါ်တဲ့ အခါလည်းမခေါ်
တော်တော်နဲ့ ဗရုတ်ကျခဲ့တာတွေ…
တစ်ယောက်နဲ့တစ်ယောက်
စိတ်ကောက်လို့ သပိတ်မှောက်တဲ့ အခါလည်းမှောက်
စိတ်မဖြောင့်လို့ ပိတ်ဟောက်တဲ့ အခါလည်းဟောက်
ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက်လို့ အကြင်နာပိုခဲ့
အဲဒါတွေလည်း မမေ့နဲ့နော်…
အတန်းထဲလာ စာသင်ချိန်မှာ တစ်ခါတစ်လေ
တိုးတိုးတိတ်တိတ် မုန့်ခိုးစားတဲ့အခါစား
ရိုးတိုးရိပ်တိတ် စကားခိုးများတဲ့အခါများ
ငတက်ပြားလုပ် ဟာသထုတ်ပြီး မြူးကြတဲ့အခါမျိုး
သူခိုးလူမိ ဆရာသိလို့ အဆဲအဆူခံယူ
တို့တွေအတူပဲနော်…
အတန်းထဲမှာ
စာရတဲ့အခါရ ခပ်ကြွကြွနဲ့
စာမရတဲ့အခါ မကြည်မပီမျက်ဝန်း
မျက်ရည်ဖုံးခဲ့ (ဒါပေမယ့်)
အချင်းချင်းလက်တွဲကူပြီး
အထူးကြိုးစား ပညာရှာခဲ့
လာမယ့် စာမေးပွဲ
တို့ရဲရဲဖြေ အောင်ပန်းတွေဝေမှာ
တို့တွေ ယုံကြည်မျှော်လင့်ခဲ့ကြတယ်နော်။
ငါတို့တစ်တွေ စာမေးပွဲအောင်လို့
ရည်ရွယ်ချက်တွေ ပြည့်မီ ၀ါသနာကိုယ်စီဖြင့်
တက္ကသိုလ်ဆီသို့အရောက်
နောက်အခန့်မသင့်လို့ ဝေးသွားကြရင်ဖြင့်
ဟိုစဉ်ကအတန်းထဲမှာ အရမ်းတွဲလာပြီး
မင်းကို လမ်းခွဲခါနီး ပြောလိုက်ပါရစေ။
``တစ်နယ်တစ်ကျေး
ဝေးကွာသွားလည်း
သံယောဇဉ်လေး
ရှိနေသေးရင်
နေ့ရှိသ၍
သတိရပါ´´
(မှတ်ချက်။ ဤကဗျာက ကျွန်တော့်သူငယ်ချင်းက ရေးပေးတယ်ဆိုပေမယ့် သူပိုင်ဟုတ် မဟုတ် မသိပါ။ ဤကဗျာ၏ပိုင်ရှင် ဖြစ်မည်ဟုထင်ရသော သူငယ်ချင်းရေ ကျေးဇူးပါပဲ)
ဇော်ဖြိုး
No comments:
Post a Comment