Tuesday, March 11, 2008

အဖေ

သားသမီးတွေရဲ့ ကောင်းဆိုးနှစ်တန်ကို ပြေးမကြည့်ဘဲ တွေးကြည့်ရုံနှင့် သိသူသည် အဖေဖြစ်သည်... ကိုယ့်ဘ၀ အဘယ်မျှ နိမ့်ကျနေပါစေ ကိုယ့်သားသမီးကို အထွတ်အထိပ်မှာ နေနိုင်ဖို့ ကြိုးစားနေသူသည် အဖေဖြစ်သည်… အဖေဖြစ်ကြည့်လိုက်ပါ သားသမီးတွေရဲ့ အကြောင်းကို မပြောဘဲ သိနိုင်တဲ့ စွမ်းအားရှင် ဖြစ်လာလိမ့်မည်… အဖေသည် သားသမီးတို့၏ ရှေ့ရေးကို အမြဲတွေးဆနေတတ်ကြသည် ... တခါတရံ သားသမီးများ လိမ္မာရေးခြား ရှိစေရန် ရိုက်နှက်ဆုံးမ ရသကဲ့သို့ တခါတရံ နားဝင်အောင် ပြောဆို ဆုံးမကြရ ပြန်သည်… ဒါတွေအားလုံး သူ့အတွက်မဟုတ် သားသမီးတို့ ကောင်းစားရေးအတွက်သာ ဖြစ်သည်... လောကတွင် မိသားစုအတွက် သတ္တိအရှိဆုံးလူသည် အဖေမှ တစ်ပါး အခြားမရှိပါ… အမေကို ဘယ်လိုပဲ ချွဲနေပါစေ အဖေရှေ့ရောက်လျှင် ကျိုးနွံသွားကြသည်မှာ အဖေဟူသော ဂုဏ်ကြောင့် ဖြစ်ပါသည်… အဖေသည် ကျွန်မရဲ့ စိတ်အားငယ်နေတဲ့အချိန်ဆိုရင် ဖေးမနှစ်သိမ့် စွမ်းအား မြှင့်တင် ပေးနိုင်သူဖြစ်သည်… ကျေးဇူးရှင်ဖခင်ဟာ မိဘအတွက် လက်ဖက်တစ်ပွဲ၊ ဇနီးအတွက် တဘက်တစ်ထည် မပံ့ပိုးနိုင်သော်လည်း သားသမီးကို ဆီဦးထောပတ် ကျွေးချင်သူသည် အဖေဖြစ်သည်… မိသားစု အသက်ရှင်ရေးအတွက် အရာရာ စွန့်လွှတ်ရဲသူသည် အဖေ ဖြစ်သည်… အဖေရဲ့ စိတ်က ပြတ်သား မာကျောပေမယ့် အဖေ့ရဲ့ နှလုံးသားက ကျွန်မတို့အတွက် အမြဲတမ်းနူးညံ့နေပါတယ်…ဒါကြောင့် ကျွန်မတို့ သားသမီးများဟာ မည်သို့ အကြောင်း ကြောင့်ပင် ဖြစ်စေ မစောင့်ရှောက်ချင်နေကြပါစေ မပြစ်မှားကြပါနဲ့… ယောက်ျားတို့ မျက်ရည်ကျခဲသော်လည်း သားသမီးအတွက် ကျသွားသော အဖေ့မျက်ရည်သည် မချိလွန်းသည့်သောက မျက်ရည်ပူများသာ ဖြစ်ပေလိမ့်မည်… အဖေ့အတွက် သားသမီးကောင်း တစ်ယောက် ဖြစ်ခဲ့ဖူးပါလား… ဒါကြောင့် ကျွန်မလည်း ကျွန်မဖခင်အတွက် သားသမီးကောင်း တစ်ယောက်ဖြစ်ရန် ကြိုးစားပါမည်ဟု ပြောကြားရင်း . . .

ခိုင်သဇင်

No comments: