ကိုယ့်ကိုယ်ကို ယုံကြည်မှု
မိမိကိုယ်မိမိ ယုံကြည်မှုမြင့်မားလာသည်နှင့်အမျှ မိမိ၏ အရည်အသွေးများသည်လည်း တစ်ချိန်တည်းမှာပင် တိုးတက်လာပေသည်။ ရှင်းရှင်းပြောရလျှင် မိမိကိုယ်မိမိရှုမြင်ပုံ တိုးတက်လာသည့်အခါတွင် မိမိ၏ စွမ်းဆောင်မှုများလည်း ကောင်းစွာတိုးမြင့်လာမည် ဖြစ်သည်။
လူတိုင်းရဲ့ ရင်ထဲမှာ အောင်မြင်နိုင်စွမ်းရှိတဲ့ စွမ်းရည်သတ္တိတွေ၊ အရည်အချင်းတွေ၊ ထိုးထွင်းသိမြင်မှုတွေ၊ တီထွင်ဖန်တီးမှုတွေ၊ အဆပေါင်းများစွာ ကြီးမားလာနိုင်တဲ့ အားအင်တွေ အများကြီး သိုလှောင် သိမ်းဆည်းထားပါတယ်။ လူပေါင်းများစွာက ဒါကို မသိ၊ ဒါကိုသတိမပြုမိဘဲ သေဆုံးသွားကြလို့သာလျှင် သူတို့ နဲ့အတူ မြေကြီး မြေ အောက်သို့ အတူတကွ ရောက်ရှိသွားကြတာ။ ဘာမှဖော်ထုတ်ပြသခွင့် မရကြလို့သာ။
အောင်မြင်မှုတွေ ကြီးမားစွာ ရရှိလာကြတယ်ဆိုတဲ့ လူအချို့ဟာ ဘယ်နတ်ဒေ၀တာက မစလို့မှ မဟုတ်ပါဘူး။ လူသားရဲ့ ဦးနှောက်ထဲက မွေးထုတ်လိုက်တဲ့ ဇာတ်ရုပ်တွေ မဟုတ်ပါလား။ လူတွေလုပ်တာပဲ။ လူတစ်ယောက်ဟာ အထင်ကြီးဖို့၊ လေးစားဖို့၊ မိမိကိုယ်ကို ဂုဏ်သိက္ခာပြည့်ဝသူအနေနဲ့ ရိုသေဖို့တော့ အမှန်တကယ် လိုအပ်တယ်။ လူတစ်ယောက်ဟာ သူ့ကိုယ်သူတွေးထင်တဲ့အတိုင်းသာ ဖြစ်လာနိုင်တယ်။ ဟီရိ၊ သြတ္တပ လောကပါလတရားနှစ်ပါးနဲ့ မိမိကိုယ်ကိုစောင့်ထိန်းတဲ့ လူစားမျိုးဟာ ဘယ်သူ တွေက ဘယ်လိုပင် ဆွဲဆောင် ဖျက်ဆီးပါစေ။ မပျက်စီးနိုင်ပါဘူး။ အဲဒီကိုယ်ခံအားဟာ သူ့ကိုယ်သူ တွေးတဲ့အတိုင်း ဖြစ်စေတာမျိုးပဲ။
တိုးတက်ရန်နဲ့ အကျိုးပြုရန် အခွင့်အလမ်းများဟာ လူတစ်ယောက်ရဲ့ ကိုယ်တွင်း၌သာ ရှိတယ်။ ပြင်ပမှာ မရှိပါဘူး။ အခြေခံအကျဆုံးရဲ့ ပင်မအချက်ကတော့ မိမိကိုယ်မိမိ တန်ဖိုးထားလေးစားစွာ ရှုမြင်တတ်ဖို့ပါပဲ။ မိမိကိုယ်ကို ယုံကြည်မှုမြင့်မားအောင် ကျင့်သုံးတဲ့နည်းကတော့ (၁) မကောင်းမှုရှောင်၊ (၂) ကောင်းမှုဆောင်၊ (၃) ဖြူအောင် စိတ်ကိုထားပါဆိုတဲ့ သုံးချက်ပါပဲကွယ်။ မအောင်မြင်တဲ့လူ၊ မပျော်ရွှင်တဲ့လူ၊ လောက ကြီးနဲ့ အဆင်မပြေဘဲ ရွဲ့စောင်းနေတဲ့ လူတွေကို လေ့လာကြည့်လိုက်ရင် သူတို့ဟာ ကိုယ့်ကိုယ်ကို အကောင်းမမြင်နိုင်ကြဘူး။ မကောင်းမြင်ဝါဒ သူ့မှာရှိနေတော့ ကိုယ့်ကိုယ်ကို ရှုမြင်တဲ့သဘောထားက ညံ့ဖျင်းနေကြတော့တာပေါ့။ ရပ်ရွာ၊ ရပ်ကွက်၊ ဆွေမျိုး၊ မိဘ စသည်တို့က သူ့ကို ငပေငတေပါ။ အရက်သမား၊ ဖဲသမားပါ။ လူညံ့၊ လူဖျင်း၊ လူမိုက်၊ လူဆိုး စသည်ဖြင့် ချိုးနှိမ်ဖိနှိပ်နေတာကို သူကခံယူပြီး သူ့ကိုယ်သူ အဲသလိုပဲလို့ မျောပါလိုက်နာနေခြင်းကြောင့်လည်း ဖြစ်တတ်ပါသေးရဲ့။
အပြစ်တင်ခံရတာများပြီး မိမိကိုယ်ကို ယုံကြည်နှစ်သက်မှုတွေ ပျက်ပြားသွားရတာလည်း ရှိကောင်း ရှိမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ အောင်မြင်တိုးတက်အောင် မိမိဘ၀ကို ထူထောင် မယ်ဆိုရင်တော့ အခုပြုပြင်၊ နောက်မကျသေးဘူး။ မိမိကိုယ်ကို အရေခွံလဲလိုက်သလိုပဲ ရဲရဲဝံ့ဝံ့ခိုင်ခိုင်မာမာ ယခုချက်ချင်း စတင် ပြုပြင်လိုက်ပါ။ ဘ၀မှာ ငါဟာ ဆုံးရှုံးမှုနဲ့ တခါတလေတော့ ကြုံခဲ့ရတယ်လို့ သဘောထားရပေမယ့်။ ပြုပြင်သူအတွက် အချိန် မနှောင်းဘူး။ လူတစ်ဦးတစ်ယောက်ပဲ ဖြစ်ဖြစ်၊ လူမျိုးတစ်မျိုးပဲ ဖြစ်ဖြစ်၊ သူ့ကိုယ်သူ ရှုမြင်ထားရှိတဲ့ သဘောထားဟာ သူ့ဘ၀ရဲ့ တိုးတက်မှု၊ ပျက်ယွင်းမှုလမ်းကြောင်း တစ်ခုခုအတွက် အလွန်တရာ အရေးပါလှတယ်။ သူတစ်ပါးက စိတ်ဓာတ်ရေးရာ အညွန့် ချိုးလို့များ ကျိုးမကျသွားလေနဲ့။ ကိုယ့်ကိုယ်ကို အောင်မြင်တိုးတက်မယ့် လူစားမျိုး ဖြစ်အောင် စိတ်ဓာတ်ကို မွေးမြူပြီး ဘ၀မှာ တိုးတက်အောင်မြင်မှုတွေကို ယုံကြည်မှု နဲ့အတူ လျှောက်လှမ်းနိုင်ကြပါစေလို့ လူသားအားလုံးကို ကျွန်မခံစားမိသလောက် ရေးသား တင်ပြလိုက်ပါတယ်။
No comments:
Post a Comment