သင်္ကြန်ဆိုတာ
သင်္ကြန်ရောက်ရင် ကျွန်တော့် စိတ်တွေနိုးကြား တက်ကြွပြီး လှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာပြီ။ ဒီနှစ် သင်္ကြန်ဘာလုပ်ရမလဲပေါ့။ သင်္ကြန်ဆိုတာ မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးပွဲတော် ဆိုတော့ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်ကို ပါမလာစေဖို့ အတာရေနဲ့ ပက်ဖြန်းသန့်စင်စေပြီး နှစ်ဟောင်းမှာပဲ ထားရစ်စေတဲ့ ပွဲတော်ပါ။ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းစ ကာလလေးမှာ လူကြီးလူငယ် အရွယ်မရွေး ပျော်ရွှင်ကြတဲ့ အချိန်ပေါ့ဗျာ။ မြန်မာလူမျိုးတွေရဲ့ ချစ်စရာ့ ဓလေ့စရိုက် လေးတွေကိုလည်း တွေ့နိုင်ပါတယ်။ ရေကစားမဏ္ဍပ်တွေမှာလည်း စတုဒီသာကျွေးမွေး ဧည့်ခံသလို၊ အလှူမဏ္ဍပ် များထိုးပြီး စတုဒီသာ ကျွေးမွေးကြတဲ့ မြန်မာတို့ရဲ့ ချစ်စရာ့ အလှူဒါနများကို တွေ့နိုင်ပါတယ်။ လူငယ်များကလည်း သင်္ကြန်ကားများ၊ သင်္ကြန် မဏ္ဍပ်များမှာ တစ်ဦးကို တစ်ဦး ကျီစယ်ကာ ရေပက်ဖျန်းကစားကြတာကလည်း မြန်မာ့နှစ်သစ်ကူးရဲ့ ပုံရိပ်များ ဖြစ်ပါတယ်။ သို့သော်လည်း ကျီစားသန်က ရန်များ၏ ဆိုတဲ့အတိုင်း ရန်ဖြစ်ကြ၊ ကားတိုက်မှုတွေဖြစ်ကြတာတွေကလည်း သင်္ကြန်ကို အကျည်းတန် အရုပ်ဆိုးစေတဲ့ အဖြစ်တွေပါပဲ။ နှစ်သစ်ကို အကူးအပြောင်းမှာ ကုသိုလ်ရေးအတွက် သီလယူ၊ တရား စခန်းဝင်၊ ၀ိပဿနာတရားတွေ ပွားများ အားထုတ်ကြတဲ့ သူတွေကလည်း ရှိတာမို့ ဒါကလည်း နှစ်သစ်ကူးပွဲတော်ရဲ့ ငြိမ်းအေးခြင်း နမိတ်တွေပါပဲ။ သီလယူ၊ တရား စခန်းဝင်ကြသူတွေဆိုတာကလည်း သက်ကြီးရွယ်အိုများ မဟုတ်ကြပဲ အသက်အရွယ် အကြီးအငယ်မရွေး တရား အားထုတ်နေကြတာမို့ မြန်မာတို့ရဲ့ ဘာသာတရား ကိုင်းရှိုင်းမှု ကို ဖော်ပြနေပါသည်။ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရေကစားပွဲတော်သည် ဘာသာ လူမျိုး မရွေး အားလုံး ပျော်ရွှင်စွာ ပါဝင်နွှဲပျော်ကြသည့် ပွဲတော်တစ်ခု ဖြစ်ပါသည်။ သင်္ကြန်တွင်း ရေကစား ကြရာတွင် တစ်နေကုန် ဘယ်လောက်ရွှဲစိုအောင်ပင် ရေလောင်းကြ ပက်ကြသော်လည်း ဘယ်တော့မှ ဖျားနာခြင်းမရှိသည်မှာလည်း မြန်မာ့နှစ်သစ်ကူး ပွဲတော်၏ ထူးခြားသည့် အံ့သြဖွယ်ရာ တစ်ခုပင်ဖြစ်ပါသည်။ သင်္ကြန်နှင့် ပိတောက်ပန်းကလည်း ဘယ်တော့မှ ခွဲထားလို့ရနိုင်သော အရာမဟုတ်ပေ။ ပိတောက်ပန်းသည် မည်သည့်အချိန်မှာမှ မပွင့် သစ္စာရှိစွာနှင့် သင်္ကြန်ရောက်မှသာ၊ သင်္ကြန်မိုးပြေးလေး ရွာမှသာ ပွင့်ဖူးသော ပန်းဖြစ်ပေသည်။ ထိုသို့ ပျော်ရွှင်ဖွယ်ရာ ချစ်စရာ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်အား အကျည်းတန် အရုပ်ဆိုးမှုများ တတ်နိုင်သလောက် နည်းပါးအောင် ၀ိုင်းဝန်း ထိန်းသိမ်းကြရင်း သင်္ကြန်ပွဲတော်အား ကျွန်တော်တို့ သူငယ်ချင်းများအဖွဲ့နှင့် အတူတူ နွှဲပျော်ကြစို့ဟု ပြောကြားရင်း မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်အား ကြိုဆိုလျက် . . .
No comments:
Post a Comment