အခွင့်သာခိုက်မှ မလိုက်ချင်
သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ နှစ်သစ်ကူးအချိန်အခါမို့ မြန်မာတို့ အပျော်ဆုံးအချိန်လည်း ဖြစ်သည်။ ထိုပျော်ရွှင်မှုများကို ပျော်လွန်း၍ ပျက်မသွားစေရန် အပျော်မလွန်စေရန် သတိထားဖို့ လိုပါသည်။ မြန်မာပီပီ နှစ်တစ်နှစ်၏ အဆုံး နောက်တစ်နှစ်သို့ ကူးပြောင်းစ ကာလတွင် ကုသိုလ်ကောင်းမှုများ လုပ်သင့်ပေသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် တို့ အများဆုံးနေထိုင်ရာ နိုင်ငံဖြစ်သည့်အားလျော်စွာ ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် နှစ်သစ်ကူး အခါသမယတွင် ကုသိုလ်ကောင်းမှုများ ရရှိစေရန် အလှူမဏ္ဍပ်များထိုးကာ စတုဒီသာ ကျွေးမွေးခြင်းများ၊ သက်ကြီးရွယ်အိုများကို ခေါင်းလျော်ခြင်း လက်သည်း ခြေသည်း ညှပ်ပေးခြင်းများ၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ငါးများ ငှက်များ တိရိစ္ဆာန်များကို ဇီဝိတဒါနအဖြစ် လွှတ်ပေးခြင်းများ ပြုလုပ်ကာ ကုသိုလ်ယူကြပါသည်။
ရုံးဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများကလည်း ရုံးပိတ်ရက်များတွင် ရသည့် အခွင့်အရေးကို လက်လွှတ်မခံဘဲ ကုသိုလ်ရစေရန် ကုသိုလ်ကောင်းမှု တစ်ခုခုတော့ ပြုလုပ်ကြသည်။ တချို့ကလည်း ဘ၀ရဲ့ အမှန်တကယ် ငြိမ်းချမ်းခြင်းဖြစ်သော နိဗ္ဗာန်ကို ရည်မှန်းကာ သံသရာလည်မှုကို အဆုံးသတ်စေရန် ရည်ရွယ်မှန်းကာ သီလ ဆောက်တည်ခြင်း၊ ၀ိပဿနာတရားအားထုတ်ခြင်းများ၊ ဒုလ္လဘရဟန်းခံ ရှင်ပြုခြင်းများ ပြုလုပ်ကြပါသည်။
ကျွန်တော်လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်သည့်အားလျော်စွာ ရသည့် ရုံးပိတ်ရက်လေးတွင် သာသနာ၏ အမြင့်မြတ်ဆုံးတရားဖြစ်သည့် ၀ိပဿနာ တရား အားထုတ်ရန် ဒုလ္လဘရဟန်းဝတ်ခဲ့သည်။ ကျွန်တော့်အရွယ် ရဟန်းဝတ်သည်ကို ငယ်သေးပါလားဟု ထင်မိပါသော်လည်း ရိပ်သာရောက်တော့ ကိုယ့်ထက် ငယ်ရွယ်သူများ အများအပြားကို တွေ့ခဲ့ရ၍ အံ့သြမိသည်။ အလယ်တန်း ကျောင်းသားအရွယ်၊ အထက်တန်းကျောင်းသားအရွယ်၊ ဒီအရွယ်ဆိုတာ မိခင် ရင်ခွင်ထဲတွင် ဆိုးနွဲ့နေသည့်အရွယ်၊ သင်္ကြန်တွင် ကစားပျော်ပါးချင်သည့်အရွယ်လေး များဖြစ်သောကြောင့် အံ့သြမိခြင်းလည်း ဖြစ်သည်။ ဒီအရွယ်လေးများနှင့် ၀ိပဿနာ တရားစခန်းတွင် တရားအားထုတ်ရန် ရောက်ရှိနေလိမ့်မည်ဟု ဘယ်လိုမှမထင်ထားပေ။
ရဟန်းဘ၀တွင် ထိန်းသိမ်းစောင့်ရှောက်ရမည့် နှစ်ရာ့နှစ်ဆယ် ခုနစ်သွယ်သော သိက္ခာပုဒ်များ၊ ဆောက်တည်ရမည့် သီလတရားတို့ကို မကျိုးမပေါက်အောင် ထိန်းသိမ်းကြရန်သည်။ သတိတရားကို ရှေ့ထားကာ မျက်လွှာကိုချ လုပ်ဆောင်မှုတိုင်း တွင် သတိချပ်ပြီး ခန္ဓာကို ဉာဏ်နှင့် ရှုမှတ်ကာ ခန္ဓာကိုယ်၏ မတည်မြဲသော ဖြစ်ပျက်မှုကို ရှုမှတ်ရခြင်း ဖြစ်သည်။ လောကီလူ့ဘောင်တွင် အပြစ်မဖြစ်ဟု ထင်မှတ်ခဲ့သော လုပ်ဆောင်မှုအချို့၊ ကိစ္စအချို့သည် သံသရာရှည်ရာ ရှည်ကြောင်း လုပ်ဆောင်ချက်များ ဖြစ်နေသည်ကို သိရှိခဲ့ရသည်။
ရဟန်းသံဃာတို့သည် အလှူရှင်တို့၏ လှူဒါန်းသော ဆွမ်းကို ဆင်ခြင်ရှုမှတ်ပွားများကာ သုံးဆောင် ဘုဉ်းပေးကြရသည်။ သင့်တင့်မျှတရုံမျှသာ ဘုဉ်းပေးကြပါသည်။ ခန္ဓာကိုယ် လှပအောင် ပြည့်ဖြိုးအောင် သုံးဆောင် ဘုဉ်းပေးကြရသည် မဟုတ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ သာသနာတော်ကို တိုးပွားစည်ပင်အောင် ထမ်းဆောင်နိုင်ရန် တရားကျင့်ကြံ အားထုတ်နိုင်ရန်လောက်သာ သုံးဆောင်မှီဝဲ ဘုဉ်းပေးကြရသည်။ ဆွမ်းတစ်လုပ် သုံးဆောင်တိုင်း သံရည်ပူများ မျိုချနေရသကဲ့သို့ မှတ်ယူ ဆင်ခြင် သုံးဆောင်ကြရပါသည်။
ရဟန်းသံဃာတော်တို့သည် သုံးထည်သော သင်္ကန်းကိုသာ ဆင်ခြင်သုံးစွဲကြရပါသည်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရဟန်းတို့မည်သည် အတောင်ပါသော ငှက်ကဲ့သို့ ပေါ့ပါးစေရန် သုံးထည်သော သင်္ကန်း၊ တောင်းခံရန် သပိတ်တစ်လုံးရှိလျှင် သံဃာတော် တစ်ပါးအဖို့ လုံလောက်ပြီဟု ဆိုမိန့်ခဲ့သည်။
ရဟန်းသံဃာတော်တို့သည် ကျောင်းသင်္ကန်းကိုလည်း ဆင်ခြင်နေထိုင်ကြရသည်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရဟန်းတို့အတွက် သစ်ပင်သည် ကျောင်းသင်္ကန်းသာ ဖြစ်သည်ဟု မိန့်ကြားခဲ့သည်ဟု သိမှတ်ရပါသည်။ ရဟန်းတော်တို့ဘ၀သည် လွန်စွာမှ စောင့်ထိန်းကြသော မြင့်မြတ်သော လူသားများပင် ဖြစ်သည်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ၃၁ ဘုံတွင် လူ့ဘ၀ လူအဖြစ်သည် ရခဲလှသည်ဟု ဆိုသည်။ လူ့အဖြစ်ရရှိသော်လည်း ဘုရားရှင် သာသနာအတွင်းနှင့် ကြုံကြိုက်ရန် ခက်ခဲသည်။ ဘုရားရှင်သာသနာနှင့် ကြုံကြိုက်ရသော်လည်း ဘာသာခြားဖြစ်နေလျှင် လည်း မဖြစ်သေးပေ။ ဗုဒ္ဓဘာသာဝင်ဖြစ်ရန်ကလည်း ခက်ခဲလှသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်းရှိ ဗုဒ္ဓဘာသာဝင်များသည် လွန်စွာ ကုသိုလ်ထူးသော လူများ ဖြစ်ကြသည်။ သာသနာတော်နှင့်လည်း ကြုံကြိုက်သည်၊ ၀ိပဿနာ တရားတော်ကို လမ်းညွှန်ပြသပေးမည့် ဆရာကောင်းများနှင့် ကြုံကြိုက် နေကြသည်။ ဒါကိုပင် လောကီအာရုံ ကာမဂုဏ်များအတွင်းတွင်ပင် ပျော်မွေ့နေကြသူများလည်း အများအပြားရှိနေကြသေးသည်။ ထို့ကြောင့် အခွင့်သာခိုက်မှ မလိုက်ချင် အမိုက်နင့်ပြင် ရှိဦးမလားဟုပင် ဆိုချင်ပါသည် . . .
(မှားယွင်းမှုများ၊ လွဲချော်မှုများအား ဖြည့်စွက် ပြင်ဆင် ဖတ်ရှုပေးကြပါရန်)
No comments:
Post a Comment