Monday, April 21, 2008

၂၀၀၈ ခုနှစ် ဧပြီလ သင်္ကြန်ရက်များတွင် ပျော်ရွင်ခဲ့ရသော နေ့ကလေးများ

တစ်နှစ်မှတစ်ခါသာ ကျရောက်သော ကျွန်မတို့လူသားတွေမျှော်လင့်စောင့်စားနေရသော သင်္ကြန်သည် ၂၀၀၈ခုနှစ်၊ ဧပြီလ ၁၂ရက်နေ့မှစ၍ ကျရောက်ခဲ့ပါပြီ။ သင်္ကြန်ကျရောက်ချိန်တိုင်းတွင် လူကြီးလူငယ်မရွေး အားလုံးပျော်ရွှင်ကြည်နူးကြသည်။ သင်္ကြန်မဏ္ဍပ်များဆောက်လုပ်၍ ရေကစားကြသူများ၊ ရေပက်ခံကားများဖြင့် ရေပက်ခံကြသူများနှင့် စည်ကားလှပါသည်။ သင်္ကြန်ရက်အတွင်းတွင် ဥပုဒ်သီလစောင့်သူများကလည်း စောင့်ကြပါသည်။ ဒီနှစ်တော့ ကျွန်မသည် သင်္ကြန်မလည်ဖြစ်ခဲ့သလို ဥပုဒ်သီလလည်း မစောင့်ဖြစ်ခဲ့ပါ။ ကျွန်မတို့ သူငယ်ချင်းတစ်စုကတော့ ဥပုဒ်သီလစောင့်ရန်ပြင်ဆင်ခဲ့ပေမယ့် အဆင်မပြေခဲ့သည့်အတွက် ဥပုဒ်သီလမစောင့် နိုင်ခဲ့ခြင်းဖြစ်သည်။ ဥပုဒ်သီလမစောင့်နိုင်ခဲ့သည့်အတွက်ကြောင့် ကျွန်မတို့သူငယ်ချင်းတစ်စုသည် သင်္ကြန်ငါးရက်စလုံး အိမ်မှာ စတုဒီသာမုန့်များပြုလုပ်၍ လှူဒါန်းကျွေးမွေးကြပါသည်။ ငါးရက်စလုံးမှာ ကျွန်မတို့ သူငယ်ချင်းတစ်စုက အိမ်မှာပဲနေပြီးပျော်ရွှင်စွာနဲ့ပဲ သင်္ကြန်ရက်များကို ကုန်ဆုံးခဲ့ကြပါသည်။ နှစ်ဆန်းတစ်ရက် နေ့တွင် ကျွန်မတို့ သူငယ်ချင်းတစ်စုက လူကြီးသူမများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းများ လှီးဖြတ်ပေးခြင်းများဖြင့် တစ်နှစ်ပတ်လုံးပြုလုပ်ခဲ့မိသည့် အကုသိုလ်အညစ်အကြေးများကင်းစင်သွားစေရန် ကုသိုလ်များရယူကြပါသည်။

ဒီသင်္ကြန်နှစ်ဆန်းတစ်ရက်တွင် ထိုသို့ ကုသိုလ်များပြုလုပ်ပြီးသည့်အခါ ကျွန်မတို့ သူငယ်ချင်းတစ်စုက ဘုရားသွားပြီး ပုတီးစိပ်၊ တရားထိုင်၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကြပါသည်။ ညနေပိုင်းတွင် ရပ်ကွက်ထဲရှိ လူများနှင့် ပရိတ်အိုးများကိုယူဆောင်၍ ပရိတ်တရားတော်များကို နာယူကြပါသည်။ ပရိတ်တရားတော်များကို နာယူပြီးသည့်အခါ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အချိုရည်များကို ဆရာတော်များအား ကပ်လှူပူဇော်ကြပါသည်။ ဧည့်ပရိတ်သတ်များကိုလည်း အအေးများတိုက်ပါသည်။ ထိုကဲ့သို့ပြုလုပ်ပြီးသည်နှင့် နှစ်ဟောင်းကုန်ဆုန်းပြီး နှစ်သစ်သို့ ကူးပြောင်းသည့်အခါသမဖြစ်၍ ကျွန်မတို့သည် စိတ်သစ်လူသစ်နှစ် နှစ်ဟောင်းမှအညစ်အကြေး များကို နှစ်သစ်သို့ပါမသွားစေရန်နှင့် နှစ်သစ်တွင် စိတ်သစ်လူသစ်နှင့် မင်္ဂလာရှိသောနှစ်တစ်နှစ်ဖြစ်အောင် ကျွန်မ အပါအ၀င် လူသားများအားလုံးလည်း ပါဝင်ကြိုးပမ်းသွားကြပါလို့ စိတ်ဆန္ဒအရင်းခံရင်း ကျွန်မ ပျော်ခဲ့ရသလိုပဲ ထပ်တူထပ်မျှ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သက်

No comments: