Monday, April 21, 2008

အားလပ်ရက် (၁၀) ရက်အတွင်း ပျော်ရွှင်ခဲ့သောနေ့ရက်များ

ရုံးပိတ်ရက် (၁၀)ရက်အတွင်း ကျွန်မအရမ်းပျော်ရွှင်ခဲ့ရပါသည်။ ကျွန်မ၏ပျော်ရွှင်ခဲ့ရသောနေ့ရက်များကို ကျွန်မနှင့်ထပ်တူ ဘလော့သူငယ်ချင်းများပျော်ရွှင်နိုင်အောင် တင်ပြလိုက်ပါရစေ….. သင်္ကြန်အကြိုရက်နေ့တွင် ကျွန်မအိမ်မှာဘဲနေပြီး အမေနှင့်အတူအိမ်အလုပ်များ ၀ိုင်းကူလုပ်ခဲ့ပါသည်။ ညနေပိုင်းအချိန်တွင် ၀ရန်တာမှ ရေပက်ခံထွက်သူများနှင့် ရေလောင်းနေကြသူများကို ကြည့်ရသည်မှာ ပျော်ရွှင်ဖွယ်ကောင်းလှပါသည်။ သင်္ကြန် အကျနေ့ နံနက်(၉)နာရီတွင် ကျွန်မတို့မိသားစု ချောင်းသာသို့ ခရီးထွက်ခဲ့ပါသည်။ ကျွန်မတို့မိသားစုမှာ အဖေ၊ အမေ၊ အကိုနှင့် ကျွန်မအပါအ၀င် (၄)ယောက်သာရှိပါသည်။ ချောင်းသာသို့ ကျွန်မတို့မိသားစု တစ်ခေါက်မှမ ရောက်ဖူးပါ။ ချောင်းသာသွားသောလမ်းတစ်လျှောက်ရှိ ရွာတိုင်းရွာတိုင်းတွင် အလှူခံမဏ္ဍပ်များလည်း ရှိပါသည်။ အလှူခံမဏ္ဍပ်များ၏ ထူးခြားမှုမှာ ကားများလာလျှင် ကားကိုတားပြီး မိန်းကလေးများက ကပြကြပြီး ယောကျာင်္း လေးများက ကားမှန်ကိုအ၀တ်နှင့်သုတ်ပေးပြီး အချို့ကပန်းများပေးကြပါသည်။ မဏ္ဍပ်တိုင်းဤကဲ့သို့ ပြုလုပ်ခဲ့ပါ သည်။ နေ့လည် (၁၂)နာရီ အချိန်တွင် အိမ်မှထည့်ခဲ့သော ချဉ်ပေါင်ကြော်၊ ငါးခြောက်ဖုတ်၊ ဒညင်းသီးပြုတ်နှင့် ကြက်ဥပြုတ်များကို အရိပ်ကောင်းသောသစ်ပင်အောက်တွင် ထမင်းစားရသည်မှာ အရသာရှိလှပါသည်။ ပုသိမ်ကိုကျော်ပြီး ချောင်းသာသို့သွားသော လမ်းတစ်လျှောက်တွင် လမ်းများမှာ မေမြို့သို့သွားသောလမ်းများ ကဲ့သို့ တောင်ပတ်လမ်းကွေ့ကွေ့ကောက်ကောက်များကို (၁း၃၀)ကြာအောင် မောင်းခဲ့ရပါသည်။ ချောင်းသာသို့ တခေါက်မှ မရောက်ဖူးသော ကျွန်မမှာ အံ့သြစရာဖြစ်ခဲ့ရပါသည်။ ဘာကြောင့်လဲဆိုတော့ တောင်ပတ်လမ်း အများကြီးရှိသော ဤတောင်ပေါ်တွင် ချောင်းသာပင်လယ်ရေဘယ်လိုရှိတာလဲဟု စဉ်းစားစရာဖြစ်ခဲ့ရပါသည်။ ဥတို တံတားကိုဖြတ်ပြီး နည်းနည်းအကြာတွင် ချောင်းသာသို့ရောက်ရှိခဲ့ပါသည်။ ချောင်းသာသို့ ညနေ (၄း၁၀) မိနစ်တွင် ရောက်ရှိခဲ့ပြီး သင်္ကြန်ရက်တွင် ချောင်းသာမှာလူများစည်ကားနေပါသည်။ တည်းခိုဆောင်များမှာလည်း ငှားမရဖြစ်ခဲ့ပြီး ရရှိခဲ့သော အခန်းကိုလည်း ဈေးကြီးပေးခဲ့ရပါသည်။ (၁)နာရီခန့်နားပြီးသောအခါ ရေကူးရန် ကမ်းခြေသို့ ထွက်ခဲ့ပါသည်။ ဘော်ရာကွင်းကို (၁)နာရီ (၁၀၀၀)နှင့် ငှားခဲ့ရပါသည်။ တစ်နာရီခန့် ရေကူးပြီးသော အခါ ရေချိုးပြီး ညစာစားခဲ့ပါသည်။ ထမင်းစားပြီးသောအခါ ကမ်းခြေသို့လေညှင်းခံလမ်းလျှောက်ထွက်ပြီး ဘုရားဖူးခဲ့ပါသည်။ ချောင်းသာကမ်းခြေ၏ ညရှုခင်းမှာ အရမ်းလှပပြီး လေညှင်းခံထွက်ရသည်မှာလည်း အရမ်း အရသာရှိပါသည်။ တစ်ချို့ကလည်း သူငယ်ချင်းအုပ်စုများဖြင့် မီးပုံပွဲကျင်းပကြသည်မှာ ပျော်ရွှင်စရာကောင်းလှ ပါသည်။ ချောင်းသာတွင်နှစ်ရက်နေခဲ့ပါသည်။ ပထမအကျနေ့တွင် ချောင်းသာသင်္ကြန်ကို တစ်နေ့လုံး ရေကစား ခဲ့ပါသည်။ ပုသိမ်မှ ကောင်လေး၊ ကောင်မလေးများသည် ဆိုင်ကယ်နှင့် ချောင်းသာသို့လာပြီး သင်္ကြန်ရေကစား ပြီးသောအခါ ညနေ (၃)နာရီတွင် ပုသိမ်သို့ ပြန်သွားကြပါသည်။ ဒုတိယအကြတ်နေ့ (၉း၀၀)နာရီတွင် ချောင်းသာမှ ပြန်ခဲ့ပါသည်။ ရန်ကုန်သို့ ငါးနာရီတွင် ရောက်ရှိပါသည်။ အတတ်နေ့တွင် ရန်ကုန်သင်္ကြန်ရေပက် ခံထွက်ခဲ့ပါသည်။ ရန်ကုန်သင်္ကြန်မှာလည်း ပျော်ရွှင်ဖွယ်ကောင်းလှပါသည်။ ကျွန်မဒီနှစ်သင်္ကြန်ကို ချောင်းဆုံသို့ ပြန်ပြီး ဥပုဒ်စောင့်ချင်ခဲ့ပေမယ့် အဖေနှင့် အမေက ရန်ကုန်သို့တက်လာခဲ့ခြင်းကြောင့် ကျွန်မနေပြည်တော်မှ ရန်ကုန်သို့ ပြန်ခဲ့ပြီး ဒီနှစ်သင်္ကြန်ကို ရန်ကုန်တွင် ပျော်ရွှင်ခဲ့ပါသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် ကျန်းမာရေး မကောင်းသောအဖွားကို ပြုစုပြီး ကုသိုလ်ယူခဲ့ပါသည်။ နှစ်ဆန်းနှစ်ရက်နေ့တွင် မနက် ငါးနာရီခွဲတွင် ရွှေတိဂုံဘုရားသို့သွားခဲ့ပါသည်။ နေလဘုရားတွင်လည်း ပုတီးစိပ်ခဲ့ပါသည်။ ထိုနေ့ တစ်နေ့လုံးတွင် အိမ်မှာပဲ နေပြီးအိမ်အလုပ်များလုပ်ခဲ့ပါသည်။ (၁၉)ရက်နေ့တွင်လည်း ကျွန်မဘယ်နေရာမှ မသွားဖြစ်ခဲ့ပါ။ (၂၀)ရက်နေ့တွင် နံနက် (၉း၀၀)နာရီ ရထားနှင့် နေပြည်တော်သို့ ပြန်ခဲ့ပါသည်။ ကျွန်မ၏ ပျော်ရွှင်စရာနေ့ရက်များ ကုန်ဆုံးခဲ့ပြီး ယခု (၂၁)ရက်နေ့တွင် စိတ်သစ်လူသစ်နှင့် ရုံးလုပ်ငန်းများကို လုပ်ကိုင် နေပါသည်။

ယု

No comments: