ရက်စက်လိုက်တာနာဂစ်ရယ်
မြန်မာနိုင်ငံကိုမှ ဘာဖြစ်လို့ ၀င်ပြီးတိုက်ခတ် ရတာလဲ နာဂစ်ရယ်။ မြန်မာနိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာ ထွန်းကားတဲ့ နိုင်ငံဖြစ်တာ နဲ့အညီ မြန်မာလူမျိုး တို့သည်လည်း ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်း၊ ဘာသာတရား ကိုင်းရှိုင်းကြခြင်း၊ အမျိုးဘာသာ သာသနာကို စောင့်ထိန်းခြင်း၊ လူ့ယဉ်ကျေးမှုကို နားလည်ခြင်း၊ တဦးနှင့် တဦး ကူညီရိုင်းပင်း တတ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံဟာ သိပ်ကိုလှပဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ သဘာဝ အရင်းအမြစ်တွေ ပေါများတဲ့ နိုင်ငံဖြစ်သလို ဆန်ရေစပါး ပေါများပြီး၊ ရေနံများ လည်းထွက်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာလူမျိုး အများစု သည်လည်း လယ်ယာစိုက်ပျိုးရေး အလုပ်ကို လုပ်ကိုင်ကြခြင်း၊ ဘာသာတရား ကိုင်းရှိုင်းနေတဲ့ မြန်မာနိုင်ငံကိုမှ ဘာဖြစ်လို့ ၀င်ရောက် တိုက်ခတ်ရတာလဲ နာဂစ်ရယ်။
မြန်မာနိုင်ငံကို နာဂစ် ၀င်ရောက် တိုက်ခတ်လာတဲ့ အချိန်ကတော့ ပုသိမ်မြို့ အနောက် တောင်ဘက် မိုင် ၄၈၀ အကွာမှာ စတင်ပြီး တိုက်ခတ်ခဲ့ပါတယ်။ မေလ ၁ရက်နေ့တွင် နာဂစ်မုန်တိုင်းဟာ ပိုအားကောင်းလာပြီး တစ်နာရီ မိုင်တစ်ရာကျော် တိုက်ပြီးတော့ မေလ ၃ရက်နေ့ မနက်တစ်နာရီ လောက်မှာ ရန်ကုန်ကို မုန်တိုင်းစဖြတ်ပါတယ်။ မုန်တိုင်းဒဏ် ခံရတဲ့ထဲမှ ပါဝင်တဲ့ ပြည်နယ်နှင့် တိုင်းများကတော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်များကိုလည်း တိုက်ခတ်ခဲ့တဲ့ အတွက်ကြောင့် အဆိုးဝါးဆုံး သဘာဝ လေဘေး ဒဏ်ကို ခံခဲ့ကြရပါတယ်။
မုန်တိုင်းကြောင့်သေဆုံး၊ ပျောက်ဆုံးမှုအခြေအနေမှာ ဧရာဝတီတိုင်းတွင် သေဆုံး ၂၁၇၉၃ ဦး၊ ပျောက်ဆုံး ၄၀၆၉၅ ဦး၊ ရန်ကုန်တိုင်းတွင် သေဆုံး ၆၇၁ ဦး၊ ပျောက်ဆုံး ၃၅၉ ဦး၊ စုစုပေါင်း သေဆုံး ၂၂၄၆၄ ဦး၊ ဒဏ်ရာရ ၄၁၀၅၄ ဦး ဖြစ်ကြောင်း ကျွန်မကြားသိ ခဲ့ရပါသည်။
မုန်တိုင်းတိုက်ခတ်သည့် ဒဏ်ကြောင့် အိမ်တွေ အကုန် ပျက်ကုန်တယ်။ သစ်ပင်တွေ ပြိုလဲကျပြီး ဆိုင်းဘုတ်တွေ ပါ ပြုတ်ကျကုန်တယ်။ အဆောက်အဦ တွေကတော့ သိပ်ပြီး ဘာမှမဆိုးလို့ တော်သေးတယ်။ အိမ်မိုးမှာ ကာထားတဲ့ သွပ်တွေလန် ထွက်သွားတယ်။ အခုဆိုရင် နာဂစ် မုန်တိုင်း ဒဏ်ကြောင့် ဆက်သွယ်မှုများလည်း ပြတ်တောက်နေခြင်း၊ လျှပ်စစ်မီးများလည်း ပြတ်တောက် နေခြင်းများကြောင့် မြန်မာလူမျိုး အများစုသည် စိတ်ဆင်းရဲမှု များစွာကို ခံစားနေရပြီး ပျက်စီး ဆုံးရှုံးမှုများကို ပြန်လည် ပြုပြင်နေကြပါတယ်။ သို့ပေမယ့် နာဂစ် မုန်တိုင်း ဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် ဆိုးရွားမှုများကို ပြည်သူလူထု အများစုက ခံစားနေကြရသည့် အတွက်ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ပျက်စီးဆုံးရှုံးမှုများကို ပြန်လည် ပြုပြင်ပေးပြီး ဒုက္ခရောက်သူ များအား ထောက်ပံ့ရေး ပစ္စည်းများကို ပေးပို့ခြင်း၊ ကျန်းမာရေး နှိုးဆော် ချက်များကို နှိုးဆော်ခြင်း၊ များဖြင့် ၀ိုင်းဝန်းကူညီ ဖေးမနေကြပါတယ်။ ဒါကြောင့် ကျွန်မလည်း ထပ်တူ ထပ်မျှခံစားရ၍ လူအများကလည်း စိတ်ပျက်အားငယ်မှု များစွာကို နာဂစ်မုန်တိုင်း ပျောက်ကွယ်သွားသလို ကျွန်မတို့ စိတ်ထဲမှာလည်း အမြန်ဆုံး ပျောက်ကွယ် နိုင်ပါစေလို့ စိတ်ဆန္ဒ ပျင်းပြစွာဖြင့် ဆုတောင်း နေမိပါတယ်။
No comments:
Post a Comment