လေလွင့်ခြင်း ခရီးသည်
ကျွန်မလေ မမျှော်ခဲ့ပါဘူး။ တောင့်လည်း မတောင့်တ ခဲ့ပါဘူး။ ဒါပေမယ့် သူ ရောက်ရှိလာခဲ့တယ်။ ၀င်ရောက် မှုက ကဗျာဆန် တယ်လို့လည်း ပြောလို့မရဘူး။ သိပ်အရိုင်းဆန် လွန်းအားကြီးတယ်။ သိပ်ကိုဆိုးတဲ့ လူကြမ်းကြီး တစ်ယောက်ကျ နေတာပဲ။ သူရောက်ရှိခဲ့တဲ့ နေရာတိုင်းဟာ အပျက်အစီးတွေနဲ့ ကျန်ခဲ့ရပါတယ်။ လူတိုင်းဟာ သူ့ကြောင့် ဒုက္ခရောက် ခဲ့ကြရတယ်။ ဒါကြောင့် လူတွေက သူ့ကို မချစ်ဘူး။ လက်မခံချင်ဘဲနဲ့လည်း လက်ခံခဲ့ ရပါတယ်။ အိမ်တိုင်းကို ရောက်ရင် ရောက်သလို အိမ်တိုင်းကို ဖျက်ဆီးသွားပါတယ်။ ရောက်ခဲ့သမျှ လမ်းများရဲ့ ဘေးပတ်ဝန်းကျင်ရှိ အပင်များ အားလုံးကို ပြိုလဲသွားပါတယ်။ သူရောက်ခဲ့တဲ့ မြို့တိုင်းရဲ့ လူများဟာ ခိုကိုးရာမဲ့ အိမ်ခြေမဲ့အောင် သူလုပ်ခဲ့တာချည်းဘဲ၊ သူဟာ လူအများရဲ့ မျက်ရည်များကို ယူဆောင်သွားခဲ့ပါတယ်။ သူဟာ လေလွင့်ခြင်း ခရီးသည် ဖြစ်တဲ့အတွက် သူစိတ်ကူးတည့်ရာကို သွားခဲ့ပါတယ်။ သူစိတ်ကူးတည့်ရာ နေရာကတော့ ကံမကောင်းတဲ့ နေရာတွေပေါ့။ သူလာခဲ့တဲ့ ဒေသတွေရဲ့ လူတွေဟာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ တွေမှာ မျက်ရည်တွေ ဝေစွာနဲ့ ဆင်းရဲဒုက္ခ ရောက်ခဲ့ ကြရတယ်။ တချို့ဆိုရင် သူရဲ့ အားသန်လှတဲ့ ခွန်အား တွေကြောင့် အသက်ပါ ဆုံးရှုံးခဲ့ရတယ်။ ဘယ်လောက် ကြေကွဲစရာ ကောင်းသလဲ။ သူက ဘာရည်ရွယ်ချက်နဲ့ ဒီလိုတွေ လျှောက်လုပ်နေရသလဲ။ သူကိုယ်သူ လေလွင့်ခြင်း ခရီးသည်ဆိုပြီး ထင်ရာဆိုင်း နေတာ ကောင်းသလား။ ကျွန်မ သူ့ကိုသိပ်မုန်းတယ်။ လူတွေကို စာနာမိတယ်၊ သနားမိတယ်၊ သူ့ကြောင့် လူတွေ သိပ်ဝမ်းနည်း နေကြမှာဘဲ။ အခုဆိုရင် သူနှိပ်စက်ခဲ့တဲ့ နေရာတိုင်းကို ထောက်ပံ့မှုတွေ၊ ကယ်ဆယ်ရေးတွေ၊ ပြန်လည် ထူထောင်ရေးတွေကို တာဝန်ရှိသူတွေက ဆောင်ရွက်ပေးနေ ကြပါပြီ။ နိုင်ငံတကာကလည်း အကူအညီ ပေးနေကြပါပြီ။ ကျွန်မတို့လည်း တတ်စွမ်းသလောက် ပါဝင်ကူညီ ဆောင်ရွက် ကြရအောင်လား။ သြော် ပြောရ အုံးမယ်။ သူက တခြားမဟုတ်ဘူးနော်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးပါဘဲ။
ယု
No comments:
Post a Comment