ဘ၀အဆင့်အတန်း မြှင့်တင်ပါ
ကျွန်မက လူနေမှုအဆင့် အတန်းကို ရုပ်ဝတ္တု ပစ္စည်းတွေနဲ့ မြှင့်တင်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ သင့်ဘ၀ထဲမှာ နေထိုင် တဲ့အခါ ပြုမှုပြောဆိုပုံ၊ လုပ်ပုံကိုင်ပုံ တွေကို မြှင့်တင်ဖို့ ပြောချင်တာ ဖြစ်ပါတယ် သူငယ်ချင်း တို့ရယ်……..
လူသားတို့ ဘ၀မှာနေထိုင်တဲ့ နည်းတွေဖြစ်တဲ့ ရိုးသားဖြောင့်မတ်ခြင်း၊ နှိမ့်ချဆက်ဆံခြင်း၊ သူတစ်ပါးရဲ့ ကောင်း ကျိုးချမ်းသာကို သိတတ်ခြင်း၊ ဂရုဏာ စိတ်ရှိခြင်း၊ ရက်ရောခြင်း၊ ခွင့်လွှတ်တတ် ခြင်းနဲ့ အခြားသော မြင့်မြတ်တဲ့ အရည်အသွေး တွေက ကျွန်မတို့ ဘယ်လိုလူလဲ ဆိုတာပေါ်လွင် စေပါတယ်။
“နေ့စဉ် ကြုံတွေ့နေရတဲ့ အတွေ့အကြုံ၊ နေ့စဉ် ကိုယ့်ရဲ့ စဉ်းစားပုံ တွေးခေါ်ပုံ သဘောထားတွေ၊ နေ့စဉ် ပြောပုံ ဆိုပုံ၊ လုပ်ပုံကိုင်ပုံတွေ၊ နေ့စဉ် လူတွေနဲ့ ဆက်ဆံပုံတွေက ကိုယ်ဘယ်လိုလူ ဆိုတာကို ပုံဖော်ပေးနေတယ်”
ကျွန်မတို့ရဲ့ လူမှုဆက်ဆံရေး နယ်ပယ်မှာ အပြုအမှုတွေကို မြှင့်တင်ပေးခြင်း အားဖြင့် ဘ၀ကို လေးနက်လာစေ ပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀အဆင့်အတန်း မြင့်မားသွား လေလေ သူ့ရဲ့ ပြောပုံဆိုပုံ ကလည်း အလိုလို မြင့်သွားတာ ပါပဲ။ ကောင်းတဲ့အသိုင်း အ၀ိုင်းမှာ နေချင်ရင် ကိုယ့်ဘက်က တတ်နိုင်သလောက် ကြိုးစားဖို့ လိုအပ် ပါတယ်။ ကိုယ့်ရဲ့ ပြောင်းလဲလာတဲ့ ဘ၀အခြေအနေ အပေါ်မှာ အမြင်တွေ ကြည်လင်လာပြီး နားလည်လာကြမှာ ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် ကျွန်မတို့က အတ္တလွန်ကဲစိတ် နည်းလာပြီး လောဘတွေလည်း လျော့နည်းလာ တာနဲ့ တခြားသူတွေကို ဆွဲဆောင်စရာမလိုဘဲ ချစ်ခင်လေးစား လာကြပါလိမ့်မယ်။ ကျွန်မတို့က နူးညံ့သိမ်မွေ့လာ ပြီး နားထောင်တတ် တဲ့သူ ဖြစ်လာတာနဲ့အမျှ ကျွန်မတို့နဲ့ တွေ့ဆုံလာသူများ အဖို့ သက်တောင့်သက်သာနဲ့ မျှဝေခံစား လိုစိတ်တွေ ဖြစ်ပေါ်လာမှာ ပါပဲ။ ကျွန်မတို့နဲ့ အကျွမ်းတ၀င် ရှိသူများက ကျွန်မတို့ရဲ့ နှိမ့်ချလိုစိတ်၊ သိမ်မွေ့တဲ့စိတ် စတဲ့ အရည်အသွေးများကို သတိပြု လာကြမှာ ဖြစ်ပါတယ်။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဒီလို နူးညံ့သိမ်မွေ့ပြီး တစ်ကိုယ်ကောင်း မဆန်တဲ့သူတွေ ရှိသလို ငါမှငါဆိုပြီး ပစ္စည်း ဥစ္စာတွေနဲ့ တိုင်းတာပြီး အတ္တစိတ် ကြီးကြီး ထားတတ်သူတွေ၊ သူ့အကြောင်း သူ့မိသားစု အကြောင်းတွေကိုသာ များများ ဂုဏ်ဖော်ပြောတတ်ပြီး သူများကို အလှည့်မပေး၊ စိတ်ဝင်စားခြင်း မရှိဘဲ စကားကို အတင်း ဖြတ်ပြော တတ်သူတွေလည်း ရှိပါတယ်။ ကိုယ့်ထက်သာတဲ့ အရည်အသွေး ရှိသူအပေါ်မှာ မနာလိုစိတ်နဲ့ ပြောဆိုဆက်ဆံ လေ့ရှိသူ တွေနဲ့လည်း ဆုံတတ်ပါတယ်။ အသက်တွေရပြီး ပညာတွေ တတ်ပေမဲ့ ဘ၀ အဆင့်အတန်း မမြင့်မား ကြသူတွေလို့ ကောက်ချက်ချ လို့ရမယ် ထင်ပါတယ်။
ဘ၀ အဆင့်အတန်း မြင့်မားလာလျှင် တစ်ကိုယ်ကောင်း ဆန်တဲ့စိတ် လျှော့ပါး သွားပါတယ်။ တခြားသူတွေ အတွက်ကတော့ သူဟာ လူသားဆန်လာပြီး ခွင့်လွှတ်တတ် လာတယ်လို့ မြင်ကြပါတယ်။
ကျွန်မလည်း ကျွန်မဘ၀ အဆင့်အတန်း မြင့်မားလာအောင် ကြိုးစားနေပါတယ်။ ကျွန်မ ကြိုးစားနေ တာတွေက ခန္တီတရား လက်ကိုင်ထား နိုင်တဲ့သူ၊ သူများပြောနေတဲ့ စကားကို လုပြီး မပြောတဲ့သူ၊ နှိမ့်ချတဲ့ စိတ်နဲ့ ဆက်ဆံ တတ်သူ ဖြစ်နိုင်အောင်ပါပဲ။ ကိုယ့်ရဲ့ဘ၀ အဆင့်အတန်းကို တကယ်မြင့်မားအောင် လုပ်ချင်တယ် ဆိုရင် ကိုယ့်စိတ်ကိုယ် သိနေမှ ဖြစ်တာပါ။
ဘ၀ အဆင့်အတန်းကို မြင့်မားအောင် မြှင့်တင်တာဟာ သင့်ရဲ့ ဆက်ဆံရေး အရည်အသွေး၊ အသီးအပွင့် တွေအ ပေါ်မှာ အမြတ်အစွန်းတွေ ရိတ်သိမ်းနိုင်မှာကို မေးစရာ မလိုတော့အောင် မှန်ပါတယ်။ ဘ၀ အဆင့်အတန်း မြှင့်ဖို့ အကန့်အသတ် မရှိပါဘူး။ ကျွန်မတို့ အားလုံး ပြုပြင်ပြောင်းလဲ စရာတွေ အများကြီး ရှိနေကြတယ် မဟုတ်ပါလား။
No comments:
Post a Comment