Friday, May 30, 2008

ရွှေအိုးလား၊ ဘာအိုးလဲ

``ပညာရွှေအိုး လူမခိုး´´ ဆိုတဲ့ ဆိုရိုးကို ပြန်စဉ်းစားကြည့်ရင် ပညာဟာ လက်ဆုပ်လက်ကိုင် မရှိတဲ့ ပိုင်ဆိုင်မှုမျိုးမို့ သူခိုးတွေ မမြင်နိုင်၊ မခိုးယူနိုင်ပေမယ့် ရွှေအိုးတမျှ အဖိုးထိုက်တန်တယ်လို့ ဆိုလိုတာ လူတိုင်းသိပါတယ်။ ဒီနေရာမှာ သူခိုးက မမြင်လို့ မခိုးတာ မဆန်းပေမယ့် တကယ်လို့ မြင်နိုင်တဲ့ ပညာရွှေအိုး ဆိုရင်ရောလို့ တွေးကြည့်ပါတယ်။ အသိပညာမူပိုင်ခွင့် Intellectual property Right တွေနဲ့ ကာကွယ်ထား ရတာတွေကို တွေးမိရင် ပညာကို ခိုးတဲ့သူတွေ ခိုးနေနိုင်တာမို့ ကာကွယ်ရတဲ့သဘော ဖြစ်ပါတယ်။
ပညာက ရွှေအိုးမဖြစ်ရင် ဘယ်သူက ခိုးချင်ပါ့မလဲ၊ ပညာက ရွှေအိုးမဖြစ်တဲ့၊ မဟုတ်တဲ့ ပညာရယ်လို့ ရှိပါမလားလို့ စောဒကတက်ချင်စရာပါ။ အယ်အတတ်ပညာ၊ အသိပညာမဆို အဖိုးထိုက်တန်တာပဲ မဟုတ်လား။ သူခိုးက မခိုးချင်၊ မလိုချင်တဲ့ ပညာမျိုး တကယ်ပဲ ရှိနေသလား စဉ်းစားစရာပါ။
``ပညာ´´ဆိုတာ လူမခိုးနိုင်တဲ့ အဖိုးတန် ပစ္စည်းမို့ ပညာသင်နေကြတာတော့ ဟုတ်မယ်မထင်ပါဘူး။ ဒါဖြင့် ``ပညာ´´ကို ဘာလို့သင်ကြရသလဲဆိုတာ စဉ်းစားစရာပေါ့။ လူတစ်ယောက်ရဲ့ အလားအလာရှိမှုနဲ့ တိမ်မြုပ်နေတဲ့ အရည်အသွေးတွေကို နားလည်သဘောပေါက်ရအောင် ပညာသင်ကြရတာပါ။ လွယ်လွယ် ပြောရရင် ကိုယ့်ကိုယ်ကို သိအောင် ပညာသင်ကြရတာပါ။
ပညာတတ်သွားရင် အရည်အသွေးတွေ ပြည့်စုံသွားတာ မှန်ပါမယ်။ ဒါပေမယ့် ပညာမသင်ဘဲလည်း ကျောင်းသင် ပညာရေးကို မဆည်းပူးဘဲလည်း အရည်အသွေးတွေက ရှိထိုက်သလောက်ရှိနိုင်တာပဲ မဟုတ်လား။ ကမ္ဘာကျော် တွေထဲမှာ အတန်းပညာကောင်းကောင်းမသင်ခဲ့ရသူတွေရှိနေတာက သက်သေပါ။ တကယ်တော့ ပညာရေးက လူတစ်ယာက်နဲ့ ရှိရင်းစွဲအရည်အသွေးတွေကို အလားအလာပိုကောင်းသွားအောင် အရောင်တင်ပေးနိုင်ပါတယ်။
ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းထဲက လူငယ်တွေကို တာဝန်ယူ တတ်လာအောင်၊ တွေးခေါ်ဆင်ခြင်တတ်လာအောင်နဲ့ နိုင်ငံသားစိတ်ဓာတ်ပိုရင့်သန်လာအောင် ပံ့ပိုးပေးဖို့ပါ။ ကျင့်ဝတ်ဆိုင်ရာ ဥပဒေသ၊ စာရိတ္တတန်ဖိုး၊ နိုင်ငံရေးသီအိုရီ၊ စီးပွားရေးနဲ့ အလှတရား၊ ရသပညာလို ပညာမျိုးတွေကို နက်နက် ရိှုင်းရှိုင်း နားလည်သွားအောင် ပို့ချသင်ကြားပေးဖို့ဆိုတာ မလွယ်ကူလှပါဘူး။ မလွယ်ကူတာကို လွယ်ကူ သွားအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားပြီး သင်ကြားပေးနိုင်တယ်ဆိုရင်တော့ အဲဒီပညာတွေ သင်ခွင့်ရတဲ့ ကလေး တစ်ယောက်ရဲ့ဘ၀ဟာ အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။
ကလေးတစ်ယောက်ရဲ့ဘ၀မှာ အခြေခံပညာရေးကို ခိုင်ခိုင်မာမာနဲ့ အကောင်းဆုံးသင်ယူနိုင်ခွင့်ရှိခဲ့ပြီး သင်ယူမှု အားလည်းကောင်းခဲ့ရင် သူ့အနာဂတ်ဘ၀ရဲ့ တစ်ကိုယ်ရည်အောင်မြင်မှုတွေကို ဖန်တီးနိုင်တာ တွေ့ရပါတယ်။ ပညာရေးကြောင့် ကိုယ့်ရဲ့ တိမ်မြုပ်နေတဲ့ အရည်အသွေးတွေကို သဘောပေါက်ကာ ကိုယ့်ဘာသာ ပိုမို ဖော်ထုတ်နိုင်လာပြီး ကိုယ့်အလားအလာ၊ ကိုယ့်အနာဂတ်ကို ကိုယ်စိတ်တိုင်းကျ စီမံပုံဖော်လာ နိုင်ပါတယ်။
ပညာရေးရဲ့ အဓိကရည်မှန်းချက်ကလည်း လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းကြီးရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု ကို ဦးတည်ပါတယ်။ တကယ်တော့ ပညာရေးဟာ လူသားဆန်မှု၊ လူသားစိတ်ဓာတ်နဲ့ လူသားတန်ဖိုးတွေပိုပြီး အသိအမှတ်ပြုခံရအောင် ပိုပြီးဖွံ့ဖြိုးလာအောင်ဆိုတဲ့ အထိ ရည်ရွယ်ပါတယ်။
ဗဟုသုတကို ပညာရေးလို့ လူတော်တော်များများ ယူဆနေကြပါတယ်။ ဗဟုသုတက ပညာရေး မဟုတ်တာကို သတိထားကြရပါမယ်။ မြန်မာ အင်္ဂလိပ်ဝေါဟာရများကိုယ်၌က မတူတာကို တွေ့ရမှာပါ။ ပညာရေးထဲမှာ ဗဟုသုတဟာ အကျုံးဝင်ပါတယ်။ ဗဟုသုတတွေရဲ့ သဘောသဘာဝနဲ့ ဗဟုသုတအဖုံဖုံရဲ့ ကွဲပြားပုံ၊ တူညီပုံတွေကို ခွဲခြမ်းစိတ်ဖြာ၊ နားလည်သဘောပေါက်တာကမှ ပညာရေးပါ။ ဒီ့ထက် နက်နက်ရှိုင်းရှိုင်း ပြောရရင်တော့ ကိုယ်ယုံကြည်နေခဲ့တာတွေ believe နဲ့ အစစ်အမှန်၊ အမှန်တရား truth တို့ရဲ့ အဆက်အစပ်ကို လေ့လာတာကသာ ပညာရေးပါ။
ဘယ်အရာမဆို အဖိုးထိုက်တန်မှုဆိုတာ အသုံးချနိုင်စွမ်း၊ အသုံးဝင်မှုနဲ့ အသုံးချခံနိုင်စွမ်းပေါ်မှာ အများကြီး မူတည်နေပါတယ်။ အခုခေတ်မှာ ပညာကောင်းကောင်းးတတ်ဖို့အတွက် တန်ဖိုးကြီးလှတာမို့ ``ရွှေအိုးရှိမှ၊ ပညာရ´´ ဆိုတာမျိုးတွေ ပြောဆိုလာကြပါတယ်။ ရွှေအိုးနဲ့ စက်ပြီးမှ ရလာတဲ့ ပညာတွေကို ရွှေလိုထိုက်ထိုက် တန်တန် အသုံးမချဖြစ်ဘူးဆိုရင် ၀မ်းနည်းစရာပါ။ အဲဒီပြင် ကိုယ်ရှင်သန်ရာ လူ့အဖွဲ့အစည်း အတွက် ကိုယ့်ပညာအိုးဟာ ရွှေမဖြစ်ဘူးဆိုရင်လည်း ၀မ်းနည်းစရာပါ။ လူမခိုးချင်လောက်အောင် လုံခြုံတဲ့ ပညာရွှေအိုး ဆိုလည်း ၀မ်းနည်းစရာပါ။
ဝမ်းနည်းစရာမလိုတဲ့ ပညာရွှေအိုးတွေအားလုံးကိုတော့ မျှော်လင့်ကြိုဆိုလျက်ပါ။
မှတ်ချက်။ ။စံပယ်ဖြူမဂ္ဂဇင်းမှ စာရေးဆရာမ မသီတာ(စမ်းချောင်း)ရဲ့ ဆောင်းပါးကို ကျွန်မဖတ်ရှုပြီး မှတ်မိ သလောက် ရေးသားတင်ပြထားပါတယ်။ သူငယ်ချင်းများ သည်းခံပြီး ဖတ်ရှုပါရန်။
သက်

No comments: