Wednesday, May 28, 2008

မုန်းစကိုတိုစေ၊ ချစ်စကိုရှည်စေ

မြန်မာလူမျိုးများသည် ဗုဒ္ဓ၏ အဆုံးအမအောက်တွင် နေထိုင်ကြီးပြင်း ကြရသူများဖြစ်၍ မေတ္တာတရားကို အလေးထား ကြသည်။
ထို့ကြောင့် လူတိုင်းအပေါ်တွင် မေတ္တာမပျက် ဆက်ဆံရန် ရှေးလူကြီးများက “မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေ” ဟူသော စကားပုံ ထုံးဖွဲ့၍ ဆုံးမထားရစ်ခဲ့ကြသည်။
ပုထုဇဉ် လူသားတို့အဖို့ ချစ်ခြင်း၊ မုန်းခြင်းနှင့် မကင်းချေ။ ချစ်စရာတွေ့လျှင် ချစ်၍ မုန်းစရာတွေ့လျှင် မုန်းမိ ကြသည်။ သို့သော် ချစ်စိတ်ကို တတ်နိုင်သမျှ ပွားစည်းစေပြီး အမုန်းအာဃာတတို့ကိုမူ လုံးဝမဟုတ်သော်မှ နည်းနိုင်သမျှ နည်းပါးစေရန် ဤစကားပုံက တိုက်တွန်းထားလေသည်။
ဤနေရာ၌ အချစ်သည် ဖြူစင်သန့်ရှင်းသော ၅၂၈သွယ် မေတ္တာတရားကို ဆိုလိုရင်းဖြစ်သည်။ မေတ္တာ တရားသည် ပကတိ အေးငြိမ်းချမ်းမြေ့၏။ ယင်းသည် ကြိုးစနှင့်လည်းတူသည်။ ကြိုးစသည် အရာဝတ္ထုတို့ကို ချည်နှောင် ရစ်ပတ်နိုင်သော အစွမ်းရှိသည်။ ထို့အတူ မေတ္တာတရားသည်လည်း ထားရှိသူ အချင်းချင်းကြား အပြန်အလှန် ရစ်ပတ် ချည်နှောင်တတ်သည်။ သူတစ်ပါး၏ မေတ္တာတရားကို မိမိ၏ မေတ္တာတရားနှင့်ပင် ချူငင် ရစ်ပတ် ယူတတ်သူဖြစ်သည်။ မေတ္တာတရား ခေါင်းပါးသွားလျှင် တစ်ဦးနှင့် တစ်ဦးကင်းကွာ သွားတတ်သည်။ အပြောအဆို၊ အပြုအမူအားလုံး စိမ်းကား ရက်စက်ခြင်း၊ ကြမ်းတမ်းခြင်း၊ အသွင်ဆောင်လျက် ရှိတတ်သည်။
သို့ဖြစ်၍ ရှေးလူကြီးများက “ရန်ကို ရန်ချင်း မတုံ့နှင်းရာ” ဟူ၍ လည်းကောင်း၊ “မေတ္တာသာလျှင် အရာရာကို အောင်မြင်၏” ဟူ၍ လည်းကောင်း ဆုံးမလေ့ရှိသည်။ “ပါးကိုက်လျှင် နားကိုက်မည်” ဟူသော ၀ါဒသည် မဆုံး နိုင်သော ရန်မီးကိုသာ ဖြစ်စေသည်။ မေတ္တာတရားသည် လူတစ်ဦးနှင့် တစ်ဦးအကြား ရစ်ပတ်နှောင်ဖွဲ့ ပေးသော မမြင်ရသော ကြိုးတစ်မျှင်ဖြစ်သည်။ ထိုကြိုးမျှင်သည် ထိတွေ့ကိုင်တွယ်၍ မရနိုင်သော်လည်း သံမဏိ ကြိုးကြီးထက်ပင် ပို၍ ခိုင်မာနေသေးသည်။ အရှည်လေးမြင့် ကာလပတ်လုံး အချစ် အခင် မပျက် ဆန့်ထုတ်၍ လည်းရသည်။ သို့ဖြစ်သည့် အလျောက် လူတစ်ဦးနှင့် တစ်ဦး ပေါင်းသင်းဆက်ဆံရေးတွင် ကြိုးနှင့် တူသော အချစ်စကို ရှည်နိုင်သမျှ ရှည်စေရန် လူကြီးသူမများက တိုက်တွန်းခဲ့ကြခြင်း ဖြစ်ပါသည်။ အမုန်း အာဃာတ တရားကား ပူလောင်ပြင်းပြသော မီးရှိန်ဖြစ်သည်။ ယင်းကို လက်ခံမွေးမြူထားရှိသော သူကိုသာ ပြန်၍ ပူလောင် စေတတ်သည်။ အမုန်း၏ အစွယ်အရံများမှာ ဒေါသ ၀န်တိုမစ္ဆရိယ တို့ဖြစ်သည်။ လူတစ်ဦးသည် သူတစ်ပါးအပေါ် မုန်းစိတ်ဝင်သည်နှင့် ၎င်း၏ အခြံအရံများဖြစ်သော ဒေါသ၊ အာဃာတ၊ ၀န်တိုမစ္ဆရိယတို့ပါ တစ်နွယ်ငင် တစ်စင်ပါ ဖြစ်ပေါ် ခံစားရတတ်သည်။
လူသည် မိမိမုန်းတီးသူအား ဘယ်အခါမျှ အကောင်းမမြင်ချေ။ ရန်သူအသွင်သာ မြင်လေ့ရှိသည်။ ထိုသူပြောသမျှ လုပ်သမျှသည် သူ့အဖို့ ရန်လိုစရာချည်း ဖြစ်သည်။ အမုန်းကြောင့် လူနှစ်ဦး မိတ်ပျက်ရသည်။ ရန်သူအဖြစ် ခိုက်ရန်ဒေါသ ပွားကြသည်။ ထို့ထက်ပြင်းထန်ပါက ကာယကံမြောက် ကျူးလွန်သတ်ဖြတ်ကြသည်အထိ မှားယွင်းကြသည်။ ဤအခါ နှစ်ဦး နှစ်ဘက် စလုံးပင် အကျိုးယုတ်ကြရ၏။ သို့ဖြစ်၍ မည်သူ့ကိုမျှ အကျိုးမပြုသော အမုန်း အာဃာတ ကြိုးစကို ဆင်ခြင်တိုင်းထွာ တတ်သော အသိဥာဏ် “ဓား” ဖြင့် တိုနိုင်သမျှ တိုအောင် ဖြတ်တောက် ပစ်ရပေမည်။ အကယ်၍ တစ်ဖတ်သားက မိမိအပေါ် မုန်းတီး ရန်လိုစိတ်ဖြစ်ပါက မိမိဘက်က သည်းခံခြင်း တည်းဟူသော ခန္တီတရားကို လက်ကိုင်ထားရပေမည်။ မိမိဘက်က သည်းခံခြင်းသည် တစ်ဘက်လူ၏ မုန်းတီး စိတ်ကို တိုစေပြီး ချစ်စကို ရှည်လာစေနိုင်ပါသည်။
ချစ်စကို ရှည်စေခြင်းသည် အကျိုးရှိသည်။ မုန်းစကို တိုစေခြင်းသည်လည်း အကျိုးရှိသည်။ ချစ်စကို တိုစေလျှင် အကျိုးယုတ်သည်၊ မိတ်ပျက်သည်။ မုန်းစကို ရှည်စေလျှင်လည်း အကျိုးယုတ်သည်၊ ရန်သူများသည်။ ကျောင်းသား လောက၌ ချစ်စကို ရှည်စေသော သူတို့သည် ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်သွားကြ၍ တစ်သက်လုံး အလွန်ချစ်ခင် ကြသည်။ မုန်းစကို ရှည်စေသော သူတို့အား ကျောင်းတော်က ရန်စဟုဆိုရ လောက်အောင် တစ်သက်လုံး ရန်သူကြီးများ ဖြစ်သွား တတ်ကြသည်။ သို့ဖြစ်၍ မုန်းစကို တိုစေပြီး၊ ချစ်စကို ရှည်စေပါက နှစ်ဦးနှစ်ဖက် အကျိုးရှိပေလိမ့်မည်။ လူတိုင်းလူတိုင်းတွင် မုန်းသူရှိသလို၊ ချစ်ခင်သူများလည်း ရှိကြပေလိမ့်မည်။ အဲဒီ နှစ်ခုထဲကမှ ချစ်ခင်သူများ ပို၍ တိုးပွားလာနိုင်ပါက မိမိ ရှေ့ဆက်ရမည့် လမ်းကြောင်း သည် ဖြောင့်ဖြူးမည်ဖြစ်ပြီး မုန်းသူများပြားပါက မိမိ၏ ရှေ့ခရီးသည် အဆင်ပြေချောမွေ့နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် လူ့ပတ်ဝန်းကျင်တွင် နေထိုင်နေသော ကျွန်မသည်လည်း အခုချိန်ထိတော့ မုန်းစကို မရှည်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ဒါပေမယ့် မုန်းသူ မရှိရင် ပိုကောင်းပါလိမ့်မယ်လို့ ကျွန်မ တွေးထင်မိပေမယ့် ကျွန်မကို မုန်းသူများရှိသလို ချစ်ခင်သူများလည်း ရှိကြပါတယ်။ ဒါတွေကို သိပေမယ့် မသိချင်ယောင်ဆောင်ပြီး မုန်းသူများကို ခန္တီတရားနဲ့ ဖြေသိမ့် နိုင်မယ်ဆိုရင် ချစ်သူခင်သူများ ပေါများလာပါလိမ့်မယ်လို့ ကျွန်မ တွေးထင် မိသလောက်ကို သူငယ်ချင်းများ သိအောင် ရေးသားတင်ပြ လိုက်ပါတယ်။ သူငယ်ချင်းများလည်း မုန်းစကို တိုစေပြီး ချစ်စကို ရှည်နိုင် ကြပါစေလို့ ကျွန်မ ဆုတောင်းဆန္ဒပြုမိပါတယ်။
သက်

No comments: