Wednesday, May 28, 2008

ရိုးရိုးယဉ်ယဉ် ၀တ်စားဆင်

မြန်မာလူမျိုးတို့သည် နိုင်ငံတည်စကပင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ဝတ်စားဆင်ယင်မှုနှင့် တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဘိုးဘွားစဉ်ဆက် တည်ဆောက်လာရာတွင် မြန်မာလူမျိုးတို့၏ ၀တ်စားဆင်ယင်မှုကို နိုင်ငံတိုင်းက ဂုဏ်ယူစွာဖြင့် ယနေ့ထက်တိုင် ချီးမွမ်းခံခဲ့ရသည်။
ရိုးရိုးယဉ်ယဉ် ၀တ်စားဆင်ယင်ခြင်းမှာ မဆန်းပြားသော်လည်း လူအများ၏ လေးစား ချစ်ခင်ခြင်းကို ခံရမည်ကား အမှန်ပင် ဖြစ်ပါသည်။ လျှပ်ပေါ် လောလီစွာ ၀တ်ဆင်လာသည့် မိန်းကလေးတစ်ယောက်ကို နောက်ပြောင်ရန် ၀န်မလေးကြသော်လည်း ရိုးရိုးယဉ်ယဉ် ၀တ်စားထားသည့် မိန်းကလေးတစ်ယောက်ကိုမူ လူရမ်းကားများမှအပ မည်သူကမျှ မနောက်ပြောင်ဝံ့ပေ။ တစ်ခါတစ်ရံ ထိုကဲ့သို့ နောက်ပြောင်သော သူများကိုပင် ပတ်ဝန်းကျင်က သည်းခံမနေတတ်ပေ။ ရိုးရိုးယဉ်ယဉ် ၀တ်ဆင်ထားသော မိန်းကလေးဘက်မှ ကူညီရင်ဆိုင်ပေးရန် ပတ်ဝန်းကျင် က အသင့်ရှိနေတတ်ပေသည်။ မြန်မာပီပီသသ ၀တ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီးတိုင်းကို လေးစား ကြ သည်မှာ လောက ဓမ္မတာပင် ဖြစ်ပါသည်။ လျှပ်ပေါ်လော်လီစွာ ၀တ်ဆင်လာသော သူကိုမူကား အထူးအဆန်းဖြစ်၍ ၀ိုင်းပြီး ကြည့်ကောင်းကြည့်ကြမည် ဖြစ်သော်လည်း ရိုသေလေးစားမှု မရှိသည်မှာ အမှန်ပင် ဖြစ်ပါသည်။
သို့သော် ယခုအခါတွင်မူ အ၀တ်အစား လျှပ်ပေါ်လော်လီများမှာ တစ်နေ့တစ်ခြား ပေါများစွာ ထွက်ရှိနေပါသည်။ ရုတ်တရက် ကြည့်လိုက်လျှင် ၀တ်စားဆင်ယင်မှုမှာ အပေါ်ယံမျှသာ ဆိုသော်လည်း သေချာစွာ စဉ်းစားကြည့် လိုက်လျှင် အ၀တ်အစား သရုပ်ပျက်ခြင်းသည် စိတ်ဓာတ် သရုပ်ပျက်ခြင်း၏ လက္ခဏာတစ်ရပ် ဖြစ်ကြောင်း သိသာနိုင်ပါသည်။ မိမိတို့၏ အမျိုးသား ၀တ်စားဆင်ယင်မှုကို မြတ်နိုး တန်ဖိုးထားမှု မရှိခြင်းသည် အမျိုးသား ယဉ်ကျေးမှုကို စွန့်ပယ်ခြင်း၏ အစပင် ဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုကို မမြတ်နိုးသူသည် လူမျိုးနှင့် တိုင်းပြည်ကို မြတ်နိုးရန် ခဲယဉ်းလှပေသည်။ ယခုအခါ အရှေ့တောင် အာရှတွင် အမျိုးသား ၀တ်စားဆင်ယင်မှုကို ထိန်းသိမ်း ဆင်ယင်နေသည်မှာ မြန်မာပြည်တစ်ခုသာလျှင် ရှိတော့သည်။ ကမ္ဘာလှည့်ခရီးသည်များကပင် မြန်မာလူမျိုးတစ်မျိုးသာလျှင် လုံချည်ဝတ်ဆင်ကြသည့်အတွက် အ၀တ်အစား ဆင်ယင်မှုကို အထိန်းသိမ်းဆုံး နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။ အမျိုးသား၊ အမျိုးသမီးတို့၏ ရောင်စုံလုံချည်များကြောင့် ဆေးရောင်စုံသည့် ပန်းချီကားကြီးကို ကြည့်ရသကဲ့သို့ လှပတင့်တယ်နေပါသည်။
သရုပ်ပျက် ၀တ်စားဆင်ယင်မှုများ တိုးပွားလာခြင်းမှာ အမျိုးသားဝတ်စားဆင်ယင်မှု တိမ်ကောစေရန် အစ ဖြစ်သည်။ အမျိုးသားဝတ်စားဆင်ယင်မှု တိမ်ကောခြင်းမှာ အမျိုးသားယဉ်ကျေးမှု တိမ်ကောခြင်း၏ အစ ဖြစ်သည်။ ဒါကြောင့် ကျွန်မတို့ လူငယ်များကလည်း ပတ်ဝန်းကျင်၏ လေးစားခြင်းကိုလည်း ခံရသော ရိုးရိုးယဉ်ယဉ် ၀တ်စားဆင်ယင်သည့် အလေ့အထကို ကျင့်သုံးကြပါရန် တိုက်တွန်း တင်ပြလိုက်ပါသည်။ သူငယ်ချင်းတို့လည်း ရိုးရိုးယဉ်ယဉ် ၀တ်စားဆင်ယင်ကြည့်ပါလား။ မိန်းကလေးတစ်ယောက်ဟာ ရိုးရိုးယဉ်ယဉ် ၀တ်စားဆင်ယင်ထားလျှင် အလွန်ကျက်သရေရှိပြီး သူ၏ ရုပ်ဆင်းရူပါကို ကြည့်လိုက်မိသည့် သူတိုင်း၏ ရင်ထဲတွင် အေးချမ်းမှုမျိုးကို ခံစားစေနိုင်ပါသည်။
ယု


No comments: