မတော်တဆ
``ဟာ---- သမီးရဲ့ခေါင်းက ဘာဖြစ်တာလဲ´´
`` ဆိုင်ကယ်ပေါ်က ပြုတ်ကျလို့ပါ ဖေဖေ´´
ခါးလည်းနည်းနည်း အရိုးပိသွားတယ်။ ဆိုင်ကယ်ပေါ်က ပြုတ်ကျတဲ့ အကြောင်းအရင်းဟာ တကယ့် အမှန်တရား မို့လို့ သူငယ်ချင်းများ သိအောင် ``အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုပ်´´ ဆိုတဲ့ စကားပုံလေး အတိုင်းသူငယ်ချင်းများလည်း အမှုမဲ့ အမှတ်မဲ့ မနေမိကြစေဖို့ စေတနာ အရင်းခံပြီး ရေးသား ဖော်ပြလိုက် ပါတယ်။
လွန်ခဲ့တဲ့ ၃လပိုင်း ၅ရက်နေ့ စနေနေ့က သူငယ်ချင်း တစ်ယောက်ဆီ အလည်လိုက်သွားရင်း အပြန်မှာ မတော်တဆ ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။ ပြုတ်ကျသွားတဲ့ အရှိန်ကြောင့် ``ခေါင်းပေါက်သွားပြီး ခါးတော်တော် နာသွားပါတယ်´´ ပြုတ်ကျသွားတုန်းက သူငယ်ချင်းခမျာ တော်တော်လေး လန့်သွားပါတယ်။ ကျွန်မလည်း မျက်လုံးတွေ ပြာပြီးတော့ ဘာစကားမှ မပြောနိုင်တော့ဘဲနဲ့ ဆေးခန်းသို့ အပြေးအလွှား သွားကြပါတယ်။ ဆေးခန်းရောက်တော့ ဆရာဝန်က ဘာဖြစ်လာတာလဲလို့ မေးတဲ့အခါ ဆိုင်ကယ်ပေါ်က ပြုတ်ကျလို့ ပြောလိုက်တော့ ဆရာဝန်က မသေကောင်း မပျောက်ကောင်းတဲ့၊ အဲဒါနဲ့ ဆရာဝန်က ခေါင်းက ဒဏ်ရာကို ကြည့်ပြီးတော့ နည်းနည်းလေးပဲ ပေါက်သွားတာပါ ဆိုပြီး ဒဏ်ရာကို ဆေးထည့်ပေးပြီး ခါးကိုတော့ ဒဏ်ကြေဆေးပဲ လိမ်းရင်ပျောက်သွားမှာပါဆိုပြီး သောက်ဆေးတွေ ပေးလိုက်တယ်။ သက်သာသွားရင် ပြန်လာမပြနဲ့တော့လို့ ဆရာဝန်က တစ်ခါတည်း မှာလိုက်ပါတယ်။ အဲဒါနဲ့ပဲ ကျွန်မတို့ သူငယ်ချင်း နှစ်ယောက် အဆောင်ကို ပြန်လာခဲ့ကြပါတယ်။ နောက်နေ့တွေမှာ ခေါင်းက သက်သာသွားပေမယ့် ခါးက သိပ်ပြီး မသက်သာ လို့ ရုံးကနေ ဆေးခန်း ၀င်ပြပါတယ်။ ဆရာဝန်က ဓာတ်မှန် ရိုက်ကြည့်လိုက်ရင် ပိုကောင်းမယ်လို့ ပြောတဲ့ အတွက် ကျွန်မနဲ့ ကျွန်မရဲ့ သူငယ်ချင်းနဲ့ ပျဉ်းမနားမှာ ဓာတ်မှန် သွားရိုက်ရပါတယ်။ ဓာတ်မှန်ရိုက်ပြီး ပြန်လာတော့ အဆောင်မှာ နားနေပြီး နောက်နေ့ ရုံးသွားမှ ဆေးခန်းကို ပြန်ဝင်ပြပါတယ်။ ဆရာဝန်က ခါးရိုးအဆစ်လေး နည်းနည်း ပိသွားတာတဲ့၊ သိပ်မစိုးရိမ်ရပေမယ့် အရိုးဆရာဝန်နဲ့ ပြကြည့်ရင် ပိုကောင်းမယ်လို့ ပြောတဲ့အတွက် ကျွန်မကလည်း အဆင်သင့်ပဲ အဲဒီအချိန်မှာ ရန်ကုန်ကို ပြန်ပြီး သင်တန်းတက်ရမယ့် အချိန်နဲ့ ကြုံတော့ ကံကောင်းသွားတယ်လို့ ဆိုရမှာပါပဲလေ။ ရန်ကုန် ပြန်ရောက်မှပဲ အရိုးဆရာဝန်နဲ့ သေချာ ပြတော့မယ်လို့ ဆရာဝန်ကို ပြောလိုက်တော့ ရန်ကုန်ပြန်ရမယ့် ရက်နဲ့တိုက်ပြီး သောက်ဆေးတွေ ပေးလိုက်ပါတယ်။ ရန်ကုန်ကို ပြန်ရောက်တော့ ဖေဖေနဲ့ မေမေတို့ကို အမှန်အတိုင်း ပြောပြလိုက်ပြီး ဆေးကုသမှုကို ခံယူရပါတော့တယ်။ အဲဒီ ဆိုင်ကယ်အက်စီးဒင့် ကိစ္စကို ပြောပြတော့ မသေကောင်း မပျောက်ကောင်းတဲ့၊ အဲဒါ ``အစားမတော် တစ်လုပ်၊ အသွားမတော် တစ်လှမ်း´´တဲ့ စကားပုံဆိုတာ အလကား ထားထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။ စိတ်တော့ ဆိုးသေးတယ်လေ။ ဖေဖေက ဖြစ်ဖြစ်ချင်း မပြောလို့တဲ့။ သမီးက ဖေဖေတို့ စိတ်ပူနေမှာ စိုးလို့ မပြောတာပါလို့ တောင်းပန်ပြီး ပြောလိုက်ပါတယ်။ သမီးက နေပြည်တော်မှာ တစ်ယောက်တည်း တာဝန်ထမ်းဆောင် နေရတာ ဆိုတော့ ဖေဖေ၊ မေမေတို့နဲ့ အလှမ်းကွာ နေတဲ့ အတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာ ကျမှာလေလို့ ဖေဖေက ပြောဆိုဆုံးမပါတယ်။ ဒါပေမယ့် ဖြစ်ပြီးတာက ဖြစ်ပြီးသွားပြီလေ နောင်မဖြစ်အောင် ဂရုစိုက်နေထိုင်နိုင်ဖို့က အရေးကြီးပါတယ်တဲ့။ ဒဏ်ရာက နည်းနည်းပဲ ဖြစ်သွားလို့ တော်သေးတယ်နော် ဆိုပြီး ဖေဖေနဲ့ မေမေရဲ့ မျက်ဝန်းမှာ စိုးရိမ်ပူပန်မှုတွေ ကို ကျွန်မ မြင်နေရပါတယ်။ ဘယ်မိဘမဆို ကိုယ့်သားသမီး အနည်းနဲ့ အများ ထိခိုက်မှု ဖြစ်လာရင် အရင်ဆုံး ပူပန်ရတာ မိဘတွေပဲ မဟုတ်လား။ သူတို့တွေရဲ့စိုးရိမ်ပူပန်မှုတွေဟာ သားသမီးတွေကို မမွေးခင်ကတည်းက နေပြီး အခု ကျွန်မတို့ အရွယ်ရောက်တဲ့ အချိန်ထိကိုပဲ ပူပန်မှုတွေဟာ ရှိနေတုန်းပါပဲ။ အချိန်ကာလ၊ ဥတုရာသီတွေသာ ပြောင်းသွားပေမယ့် မိဘတိုင်းရဲ့ သားသမီးအပေါ် စိုးရိမ်ပူပန်မှုတွေဟာ အမြဲတမ်း ရှိနေအုံးမှာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့တွေဟာ အသက်ငယ်ရာကနေ ကြီးလာကြပေမယ့် မိဘတွေရဲ့ စိတ်ထဲမှာတော့ ကျွန်မတို့ကို သူတို့ မျက်စိထဲမှာ ငယ်ငယ်လေး တွေလို့ပဲ မြင်နေတုန်းပဲ မို့လို့ပါ။ အခုချိန်ထိ ဒီလမ်းသွားမယ်ဆိုရင် ဂရုစိုက် သွားနော်၊ ဂရုစိုက် ပြန်နော်၊ အမြဲတမ်း မှာတတ်စမြဲမိုလို့ ကျွန်မတို့တွေဟာ အခုချိန်ထိ မိဘနဲ့ ရင်အုပ်မကွာ နေနေတဲ့ အတွက် ဘာမှ မဖြစ်ကြတာပါ။ အခု ကျွန်မ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ မိဘနဲ့ ဝေးနေတဲ့ အချိန်မှာ ဖြစ်ခဲ့တာပါ။ အဝေးမှာနေတဲ့ မိဘက အမြဲတမ်း သတိမပေးနိုင်၊ လက်ပွန်းတတီး မမှာနိုင်တဲ့အတွက် ဖုန်းဆက်တဲ့ အချိန်လေးအတွင်းမှာပဲ ရသလို မှာနေရတာပါ။ ဒါကြောင့် ဖြစ်ပြီးသွားတဲ့ ကိစ္စကို ဘာမှ ပြန်မလုပ်နိုင်ပေမယ့် နောင်မဖြစ်အောင် နေထိုင်သွားဖို့က မိမိရဲ့ အဓိက တာဝန်ဆိုတာကို သေချာစွာ သိမြင်ပြီး မိမိကိုယ်ကို သတိဆိုတဲ့ ဆင်ခြင်တုံတရားနဲ့ နေနိုင်သွားမယ်ဆိုရင် လူ့ဘ၀မှာ တန်ဖိုးအရှိဆုံး လူသားတစ်ယောက် ဖြစ်လာ မှာပါလို့ ကျွန်မရဲ့ စိတ်ခံစားချက်ကို သူငယ်ချင်းများ သိအောင် ရေးသားတင်ပြလိုက်ပါတယ်။

သက်
No comments:
Post a Comment