ဖြတ်
သူငယ်ချင်းတို့ရေ . . . လောကမှာ ဒေါသဆိုတာ မရှိလေ ပိုကောင်းလေပါပဲ။ ဒေါသကြောင့် မှားခဲ့ကြတာ ဒုက္ခရောက်ခဲ့ကြတာကလည်း ဟိုး ဆယ်စုနှစ်ပေါင်း များစွာကနေ ယခုအချိန်ထိ ဒုနဲ့ ဒေးပါပဲ။ ဘယ်သတ္တ၀ါဖြစ်ဖြစ် ဒေါသဖြစ်မိပြီဆိုရင် ဘာကိုမှ မမြင်နိုင်ကြတော့ပါဘူး။ ဒေါသက ဦးဆောင်နေတော့ မှားလား မှန်လား တွေးနိုင်တဲ့ သတိတွေ အသိတွေ ပျောက်ပြီး အမှားပေါင်း မြောက်မြားစွာကို ကျူးလွန် မိကျတော့တာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဒေါသကြီးတာပဲ။ ထိန်းလည်း တစ်ချက်ချက် လွတ်လွတ်သွားတယ်။ သတိပေါ့ဗျာ။ သတိလွတ်သွားတဲ့အခါ ဒေါသက ထိန်းလို့မရဘူး။ ဒေါသထွက်တဲ့အချိန်မှာ ဒေါသထွက်ပြီးတဲ့ အချိန်မှာ ကိုယ့်ကိုကိုယ် သတိထားကြည့်ပါ။ အရမ်းပူလောင်တယ်။ ကိုယ့်ဟာကို အလိုမကျတဲ့အခါလည်း ဒေါသထွက်မိတယ်။ အလိုလိုနေရင်းကို . . . ဒေါသထွက်နေတယ်။ ဒါဟာ အလိုမကျမှုတွေ များနေတာပါ။ ကိုယ့်ကိုကိုယ် သတိထားမိလာတဲ့အခါကျတော့ ဒေါသဟာ ပူလောင်တယ်ဆိုတာ သိလာတယ်။ ဘာသာရေးနဲ့ ပြောရရင်တော့ ဒေါသထွက်တဲ့ အတွက် စိတ်ပူလောင်တယ်။ နှလုံးသွေး ဆူပွက်လာတဲ့အတွက် တစ်နည်းအားဖြင့် နှလုံးခုန်နှုန်းမြန်လာတဲ့အတွက် အသက်တိုတယ်ပေါ့ဗျာ။ အရာရာကို ဆင်ခြင်နိုင်စွမ်း မရှိတော့တဲ့အတွက် အမှားများစွာ ကျူးလွန်မိကြတယ်။ ဒါတွေကို ကျွန်တော် သတိထား မိလာတဲ့အတွက် ဒေါသကို ဖြစ်မိတော့မယ်ဆိုရင် ချက်ချင်းပဲ ဖြတ်ပစ်လိုက်တယ်။ တစ်နည်းအားဖြင့် ဒေါသကို ထိန်းလိုက်ခြင်းပါပဲ၊ ဘယ်အချိန်ပဲ သိသိ သိတဲ့အချိန်မှာ ဖြတ်လိုက်တယ်။ ဒါဆို ပြီးပြီလေ။ အနည်းဆုံးတော့ ဆက်မဖြစ်တော့ဘူးဆိုရင် ငြိမ်းချမ်းပြီပေါ့။ ဦးကျော်ဟိန်း ရိုက်တဲ့ ဗီဒီယိုကားတစ်ကား ကြည့်ဖူးတယ်။ ကားနာမည်က ``ဖြတ်´´တဲ့။ စကြည့်တုန်းက သဘောမပေါက်ဘူး။ ကြည့်ပြီးတဲ့ အထိလည်း သဘောမပေါက်ပါဘူး။ နောက်မှ တဖြည်းဖြည်းနဲ့ သဘောပေါက် လာတာပါ။ ကိုယ်တိုင် ကျင့်သုံးကြည့်တော့ တကယ်ကို အေးချမ်းတဲ့ မပူလောင်တဲ့ သဘောကို သိလာတယ်။ သူငယ်ချင်းတို့လည်း ဒေါသဖြစ်မိပြီ၊ ဒေါသထွက်မိပြီဆိုရင် သိတဲ့အချိန်မှာ ဖြတ်လိုက်ပါ။ ငြိမ်းချမ်း၊ အေးချမ်းသွားပါလိမ့်မယ်။ တစ်နည်းအား ဖြင့်တော့ မပူလောင်တော့ဘူးပေါ့။ ဒေါသမှ မဟုတ်ပါဘူး။ အကုသိုလ် ဖြစ်စေမယ့် အပြုအမူအားလုံးကို သိတဲ့ အချိန်မှာ ဖြတ်လိုက်တာက အကောင်းဆုံးပါပဲ။ ဒါကြောင့် သူငယ်ချင်းတို့ ကျွန်တော်ပြောရုံနဲ့ မယုံကြပါနဲ့၊ ကိုယ်တိုင် လက်တွေ့ ကျင့်သုံးကြည့်ပါလို့ တိုက်တွန်းရင်း . . .
ဇော်ဖြိုး
No comments:
Post a Comment