သတိရလျှက်ပါ………… သူငယ်ချင်းတို့ရယ်
ဘလော့သူငယ်ချင်းများအား ကျွန်မ၏ အချစ်ဆုံးသူငယ်ချင်း (၃)ယောက် အကြောင်းကို ပြောပြချင်ပါတယ်…… ကျွန်မမှာ အချစ်ဆုံးသူငယ်ချင်း (၃)ယောက် ရှိပါတယ်။ သူတို့ (၃)ယောက်ရဲ့ နာမည်တွေကတော့ နွေနွေဦးမောင်၊ ခင်ငြိမ်းချမ်း နှင့် ကြည်သန္တာဖြူတို့ ဖြစ်ပါတယ်။ ကျွန်မအပါအ၀င်ဆို (၄)ယောက်ပေါ့ ကျွန်မတို့ (၄) ယောက်ရဲ့ နာမည်အတိုကောက်တွေကတော့ နွေ၊ ငြိမ်း၊ ယု၊ ကြည် လို့ခေါ်ကြပါတယ်။ ကျွန်မတို့ (၄)ယောက်ဟာ သိပ်ကိုချစ်ကြပါတယ်။ ကျွန်မတို့လေးယောက်ဟာ (၇)တန်းနှစ်မှာ ဆုံဖြစ်ကြတာပါ။ ဒါပေမဲ့ သူငယ်တန်းနှစ် ကတည်းက ခင်ခဲ့တဲ့သူငယ်ချင်းတွေလိုပါဘဲ “နွေ”ကကျွန်မတို့အထဲမှာ အသက်အကြီးဆုံးမို့ ကျွန်မတို့ (၃)ယောက် က “မနွေ” လို့ ခေါ်ပါတယ်။ မနွေက စာသိပ်တော်သလို လူကြီးလည်း အရမ်းဆန်ပါတယ်။ မနွေမျက်နှာလေးဟာ အေးချမ်းမှုအပြည့် ရှိပြီး အရမ်းလည်းချောတယ်။ ကြည်သန္တာဖြူကလည်း မနွေလောက် စာမတော်ပေမယ့် ယုတို့ထက်တော့ စာတော်ပါတယ်။ ကြည်က စကားပြောအရမ်းမြန်ပြီး သွက်သွက်လက်လက် အရမ်းရှိတယ်။ သူ့ကိုကြည့်လိုက်ရင် အမြဲတန်းတက်ကြွနေတာပါဘဲ သူကတော့ အရမ်းချောတဲ့အထဲမှာမပါ ပါဘူး။ ငြိမ်းကတော့ တည်တည်ငြိမ်ငြိမ်လေး အမြဲနေတယ်။ စကားပြောရင်လည်း အမြဲတန်း တိုးတိုးလေးနဲ့ ညင်ညင်သာသာ အရမ်းပြောတယ်။ ငြိမ်းက သွားတက်လေးရယ် ပါးချိုင့်လေးရယ်နဲ့ ချစ်စရာကောင်းပါတယ်။ ကျွန်မကတော့ သူတို့ထဲမှာ အငယ်ဆုံးဆိုသလို အဆိုးဆုံးပါဘဲ။ ကျွန်မကတော့ သူတို့ထဲမှာ ဆံပင်အရှည်ဆုံးပေါ့။ ကျွန်မက အရမ်းကလေးဆန်သလို အမြဲတန်းလည်း ပြောင်ချော်ချော် နေတတ်တယ်။ အဲဒီလို နေပုံတွေကို သူတို့ တွေက အမြဲတန်း ဆုံးမနေတတ်ပါတယ်။ ကျွန်မအပေါ် အရမ်းကောင်းတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပါဘဲ။ ကျွန်မက အရမ်းစိတ်အားငယ်တတ်လို့ သူတို့တွေက အမြဲစကြပါတယ်။ ကျွန်မတို့ သူငယ်ချင်းအချင်းချင်း သိပ်ကို ကူညီရိုင်းပင်းကြပါတယ်။ သူငယ်ချင်းတို့ရယ် နင်တို့တွေကို ငါအမြဲတန်း သတိရလျှက်ပါကွယ်…..
ဟိုအရင်ချိန် ကျောင်းတုန်းက ခေါင်းလောင်းသံလေးကို သတိရမိသလို အတူသွား၊ အတူစားခဲ့တာတွေ အားလုံး ကိုအမှတ်ရနေဆဲပါ။ စက်ဘီးလေးတွေ ကိုယ်စီ စီးပြီး ကျောင်းတက်ခဲ့တဲ့ ပုံရိပ်လေးတွေကို မြင်ယောင်နေဆဲပါ။ ဒို့အချစ်ဆုံး သူငယ်ချင်းတွေ (၁၀)တန်းနှစ်မှာ ကွဲသွားခဲ့တယ်နော်။ ကြည်က(၁၀)တန်းနှစ်မှာ ရန်ကုန်ပြောင်းသွား ခဲ့ပြီး မနွေလည်း (၁၀)တန်းအောင်တော့ သူ့အဖေ တာဝန်ကျရာ သံဖြူဇရပ်မြို့ကလေးသို့ ပြောင်းသွားခဲ့ပါတယ်။ ငြိမ်းကလည်း “ဆရာအတတ်သင်” သင်တန်းကို ဘားအံ့မှာ သွားတက်နေတယ်။ ကျွန်မကလည်း ရန်ကုန်ကို ပြောင်းခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ သူငယ်ချင်း (၄)ယောက် အဆက်အသွယ် ပြတ်ခဲ့ကြပါတယ်။ အခုထိ အဆက် အသွယ် မရသေးပါဘူး။ သူတို့သတင်းကို သူငယ်ချင်း တစ်ယောက်ဆီက ကြားခဲ့ရပါတယ်။ ကြည်ကတော့ စင်င်္ကာပူမှာ အလုပ်သွားလုပ်နေပြီး မနွေကတော့ “ကျူတာဆရာမ”တစ်ယောက် ဖြစ်နေပါပြီးတဲ့ ငြိမ်းကတော့ ကရင်ပြည်နယ်ရဲ့ ရွာကလေးတစ်ရွာမှာ “မူလတန်းပြဆရာမ”တစ်ယောက် ဖြစ်နေပါပြီ။ ကျွန်မကတော့ နေပြည် တော်မှာ ၀န်ထမ်းတစ်ယောက် လုပ်နေပါပြီ။ အခုတော့လည်း ကျွန်မတို့ သူငယ်ချင်းတွေ အလုပ်ကိုယ်စီနဲ့ တာဝန်ကိုယ်စီ ထမ်းဆောင်နေကြပါတယ်။ ကျွန်မကတော့ ငယ်ဘ၀မှာ ခင်ခဲ့ရတဲ့ ကျွန်မရဲ့ အချစ်ဆုံး သူငယ် ချင်း(၃)ယောက်ကို ဘယ်တော့မှ မေ့မရအောင် သတိရလျှက် ရှိနေပါတယ်။ ပြက္ခဒိန်တွေဟောင်း လတွေပြောင်း သွားပေမယ့် ဒို့ခင်တာကို မေ့မသွားကြပါနဲ့ သူငယ်ချင်းတို့ရယ်…….. မင်းတို့ကို ရင်မှာအမြဲ သတိရလျှက်ပါ----- ဘလော့သူငယ်ချင်းများအား ကျေးဇူးအထူးတင်ပါတယ်။ ကျွန်မရဲ့ ခံစားချက်ကို ဖတ်ပေးလို့ပါ…အမှားပါရင် ခွင့်လွှတ်ပါနော်

ယု
No comments:
Post a Comment