Thursday, May 8, 2008

တွေးကြည့်ကြပါ

သူငယ်ချင်းတို့ရေ . . . လာမည့်စနေနေ့ မေလ (၁၀)ရက်နေ့ဟာ ကျွန်တော်တို့တွေရဲ့ မြန်မာနိုင်ငံမှာ အခြေခံဥပဒေမူကြမ်းကို ပြည်သူ့ဆန္ဒခံယူပွဲလုပ်မယ့်နေ့ ဖြစ်ပါတယ်။ ပြည်သူ့ ဆန္ဒခံယူတယ်ဆိုတော့ ဥပဒေမူကြမ်းကို သူငယ်ချင်းတို့ ကြိုက်ရင် ထောက်ခံ (အမှန်ခြစ်)၊ မကြိုက်ရင် မထောက်ခံ (အမှားခြစ်)နဲ့ပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း စာအုပ်များကိုလည်း ရောင်းချပေးသလို၊ စာကြည့်တိုက်အချို့မှာလည်း ဖတ်ရှုနိုင်သလို၊ ဘလော့ဂ်အချို့မှာလည်း ဖတ်ရှုနိုင်ပါတယ်။ ဒီလိုပြောလို့ မင်းက ဥပဒေမူကြမ်းကို ထောက်ခံခိုင်းတာလား၊ ဒီအစိုးရကို ထောက်ခံခိုင်းတာလား ဒီလိုတော့ မပြောပါနဲ့။ သူငယ်ချင်းတို့ စဉ်းစားကြည့်၊ သူငယ်ချင်းတို့တော့ မသိဘူး။ ကျွန်တော်ရဲ့ တစ်သက်တာမှာ ဒီတကြိမ်ပဲ မဲပေးခွင့်ရခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးအရင် ဆယ်စုနှစ် ကျော်ကျော်လောက်က ကျွန်တော်မှ အသက် မပြည့်သေးတာ။ ဒါကြောင့် ဒီအခြေခံ ဥပဒေမူကြမ်းကို ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်တဲ့အချိန်မှာ ကျွန်တော် မဲပေးပိုင်ခွင့် အသက်ပြည့်ပြီ။ ဒီတော့ ကျွန်တော် ကြိုက်ရင် ထောက်ခံမယ်။ မကြိုက်ရင် မထောက်ခံဘူး။ ဒါပေမယ့် သူငယ်ချင်းတို့ စဉ်းစားကြည့် ဒီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်း ထွက်လာဖို့ကိုပဲ ကျွန်တော်တို့ ဆယ်နှစ်ထက်မနည်း စောင့်ခဲ့ရတာ၊ ဒီအစိုးရကို မကြိုက်လည်းပဲ ကျွန်တော်တို့ ဒီလိုပဲ နေခဲ့ရတာပါ။ ဒါကြောင့် သူငယ်ချင်းတို့ ဒီလိုအခွင့်အရေးကို လက်လွတ်မခံဘဲ ဒီအခြေခံဥပဒေ မူကြမ်းကို ထောက်ခံ လိုက်ကြရအောင်။ မထောက်ခံလို့ ဒီအခြေခံ ဥပဒေမူကြမ်း အတည်မဖြစ်သေးဘူး။ မပြည့်စုံသေးလို့ ဒီလို မထောက်ခံကြတာဆိုပြီး ထပ်ပြီး ရေးဆွဲကြဦးမယ်ဆိုရင် နောက်ထပ် ဘယ်နနှစ် ထပ်စောင့်ရဦးမလဲ မသိနိုင်ပါဘူး။ ဆယ်နှစ်လည်း ဖြစ်နိုင်တာပါပဲ။ ဒါဆိုရင် သူငယ်ချင်းတို့၊ ကျွန်တော်တို့ ဒီအစိုးရကို မကြိုက်လည်းပဲ ကိုယ်မထောက်ခံခဲ့လို့ သူတို့ထပ်ရေးဆွဲတဲ့ အချိန်မှာ သူတို့ အုပ်ချုပ်တာကို မချစ်သော်လည်း အောင့်ကာ နမ်းတော့ပေါ့။ ဒါဆိုရင် ငါတို့က ဒီအခြေခံ ဥပဒေမူကြမ်းထဲမှာ ငါတို့မကြိုက်တာတွေ ပါနေတာကို သူတို့ ဆက်အုပ်ချုပ်တာ မခံချင်တာနဲ့ပဲ ဒီအတိုင်း ထောက်ခံလိုက်ရမှာလားလို့ မေးကြဦးမယ်။ ထောက်ခံရမှာပါပဲ၊ ထောက်ခံလိုက်လို့ ဥပဒေ မူကြမ်း အတည်ဖြစ်သွားရင် ၂၀၁၀ မှာ ပါတီစုံ ရွေးကောက်ပွဲ လုပ်မယ်။ အဲဒီလို ရွေးချယ်တဲ့အခါမှာ သူငယ်ချင်းတို့ ကြိုက်တဲ့ သဘောကျတဲ့ သူကို ရွေးချယ်ခွင့် ရကြမယ်။ သူငယ်ချင်းတို့ရဲ့ ဆွေမျိုး မိတ်သင်္ဂဟထဲက သူတွေ ၀င်အရွေးခံခွင့်တွေ ရှိလာမယ်။ ရွေးပြီးရင် အစိုးရအသစ်တက်မယ်၊ အဲဒီအစိုးရအသစ် လက်ထက်မှာ ဒီအခြေခံဥပဒေမူကြမ်းကို မကြိုက်တဲ့အချက်တွေ တဖြည်းဖြည်း ပြင်ယူကြပေါ့။ နောက်ဆုံးတော့ သူငယ်ချင်းတို့ ကြိုက်တဲ့ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာပြီပေါ့။ ဒီလို အခြေအနေတွေ ဖြစ်လာအောင် လုပ်ပေးနိုင်တာ ဒီအခြေခံ ဥပဒေမူကြမ်းကို ပြည်သူ့ဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးခြင်းဆိုတဲ့ ခြေတစ်လှမ်းက စပြီး လှမ်းကြရမှာပါ။ သူငယ်ချင်းတို့ စဉ်းစား ချင့်ချိန်နိုင်ကြပါစေ။

ဇော်ဖြိုး

No comments: