Thursday, May 8, 2008

မေတ္တာနှင့် သစ္စာ

ဘ၀ကို လှပဝေဆာ ကြည်သာ ချမ်းမြေ့စေသည်မှာ မေတ္တာ။ လောကကို မှန်ကန် တည့်မတ် တင့်လန်း မြင့်မြတ် စေသည်မှာ သစ္စာ။ လောက၌ အလှဆုံးတရားနှင့် အမြတ်ဆုံးတရား နှစ်ပါးမှာ မေတ္တာနှင့် သစ္စာ။ သို့ဖြစ်၍ လောက၌ အလှဆုံးတရားဖြစ်သော ကမ္ဘာလောကကြီး တစ်ခုလုံးကို အလှဖုံးစေနိုင်သော တရားသည်လည်း မေတ္တာပင် ဖြစ်၏။ သက်ရှိလောကက အလုံးစုံကို သာယာချမ်းမြေ့ စေနိုင်သည်မှာလည်း….မေတ္တာ။ လူလူချင်း ချစ်ခင်ကြင်နာ၊ စည်းလုံးညီညာ၊ ဖက်လှဲတကင်း ရိုင်းပင်းကူညီ စေတတ်သော စွမ်းအားသည် လည်း ….မေတ္တာ။ ရေနွေးအိုးကဲ့သို့ ပွက်ပွက်ဆူ နေသော အမျက်ဒေါသကို ငြိမ်းသက်စေ နိုင်သော ရေစင် ရေအေးသည် လည်း….မေတ္တာ။ မေတ္တာသည် ဘေးရန် ကင်းရှင်း စေလိုသော သဘော၊ ကြီးပွား တိုးတက် စေလိုသော သဘောဖြစ်၏။ မေတ္တာသည် နူးညံ့သိမ်မွေ့၏ ၊ သည်းခံ ခွင့်လွှတ်နိုင်၏ ၊ အနစ်နာခံနိုင်၏ ၊ ချစ်ခင် ယုယလို၏ ၊ ကူညီ ရိုင်းပင်းလို၏ ၊ ပေးကမ်း စွန့်ကြဲလို၏ ၊ မိဘတို့သည် အနစ်နာခံ၊ အဆင်းရဲခံ၊ သည်းညည်းခံ၍ သားသမီး များ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကောင်းစားရေးတို့ကို မနေမနား ကြိုးစား ဆောင်ရွက်နေ ကြသည်မှာ မိဘမေတ္တာ ကြောင့်ဖြစ်၏ ။ အေးမြသော မိဘမေတ္တာရိပ်၏ ခိုလှုံကြရသော သားသမီးများသည် ပူပင်သောက ငြိမ်းအေးခွင့် ရကြ၏ ၊ ဘေးရန် ကင်းဝေးကြ၏ ၊ ကြည်နူး ရွှင်လန်း ကြရ၏။ လောကကို ရင်ဆိုင်ဝံ့ ကြ၏။ မေတ္တာသည် မေတ္တာကို တုံ့ပြန်စေနိုင်၏။

တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသော စကားသည် လူလူချင်း သာမက လူနှင့် တိရစ္ဆာန် အကြား၊ တိရစ္ဆာန် နှင့် တိရစ္ဆာန် အကြားတို့၌လည်း မှန်ကန်သည် သာတည်း။ ရန်ကိုရန်ဖြင့် မငြိမ်းအေး စေနိုင်၊ မေတ္တာဖြင့်သာ ငြိမ်းအေးစေနိုင်၏။ ရန်လိုလျှင် ရန်ပို၏။ ရန်မလိုမှ ရန်ပြိုသည်။ ရန်မလိုခြင်းသည် မေတ္တာဖြစ်၏။ မေတ္တာ လွှမ်းခြုံ လျှင် ဘေးရန်လုံ၏။ မေတ္တာသည် ဘေးရန် လုံခြုံစေသော အကောင်းဆုံး အဆောင်လက်ဖွဲ့ ဖြစ်၏။ မေတ္တာ သခင်အား လူလူချင်းလည်း မနှိပ်စက်နိုင်၊ သားရဲ တိရစ္ဆာန် များကလည်း ရန်မမူနိုင်၊ ဘီလူးသဘက်များ ကလည်း မနှောင့်ယှက် နိုင်ကြချေ။ မေတ္တာသည် အစွမ်းထက် မြက်ဆုံးသော ပီယဆေးဖြစ်၏။ မေတ္တာရှင်အား လူနတ် ဗြဟ္မာနှင့် သတ္တ၀ါ အားလုံးတို့ ချစ်ခင်ကြည်ညိုကြ၏။ မိမိ၏ မေတ္တာဖြင့် သူတစ်ပါးတို့၏ မေတ္တာကို ညို့ယူနိုင်၏။ မေတ္တာသည် ရန်ဟူသမျှကို တွန်းလှန် ဖြိုဖျက်နိုင်သော အကောင်းဆုံး လက်နက်လည်း ဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် မေတ္တာ လက်နက်ဖြင့်ပင် ရန်အပေါင်းကို အောင်မြင်တော် မူခဲ့၏။ မေတ္တာသည် ငြိမ်းချမ်းရေး၏ တမန်တော် ပင်ဖြစ်၏။ မေတ္တာပွား ပို့နေသူသည် နွေခေါင်ခေါင် ၌ပင်လျှင် ချမ်းသာ အေးမြ၏။ မိမိ၏ ပတ်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းသာယာစေ၏။ မေတ္တာဈာန်သည် အချမ်းသာဆုံးသော လောကချမ်းသာ ပေတည်း။ မေတ္တာကို လူတိုင်း ပိုင်ဆိုင်နိုင်၏။ မေတ္တာကို အခကြေးငွေဖြင့် ပေးဝယ်၍မရ။ မေတ္တာဖြင့်သာ ၀ယ်ယူနိုင်၏။ မေတ္တာသည် သင်၏ ဘ၀ကို လည်းကောင်း၊ သင့်မိဘ မောင်ဘွားများ အားလည်းကောင်း၊ သင်ကျင်လည် နေသည့် လောကကြီးတစ်ခု လုံးကို လည်းကောင်း လန်းဆန်းဝေဆာ ချမ်းမြေ့သာယာ စေမည်မှာ ဧကန်သာတည်း။

သစ္စာသည် လောက၌ အမြတ်ဆုံးသော တရား….. အလိုအပ် ဆုံးသော တရားဖြစ်သည်။ သစ္စာမြေပေါ်တွင် ရပ်တည်ပြီး၍သာ ကိုယ်ကျင့်တရား တည်ဆောက်နိုင်သည်။ လူလူချင်း တန်းတူ ဆက်ဆံနိုင်သည်။ သစ္စာသည် လူ့အဖွဲ့အစည်း များကို မယိမ်းမယိုင် မကွေ့ကောက်ဘဲ ဖြောင့်ဖြောင့် တန်းတန်းရှေ့သို့ တိုးတက် သွားစေ၏။ သစ္စာသည် မှန်ကန်မှု၊ ဖြောင့်မတ်မှု၊ တရားမျှတမှု ဖြစ်၏။ သစ္စာသည် မတရားမှု မှန်သမျှကို ဆန့်ကျင်၏။ ထိုမတရား မမှုမှန်သမျှသည် သစ္စာလမ်းစဉ်မှ သွေဖယ်ခြင်း ဖြစ်၍ အမှန်တရား (၀ါ) ကံတရား၏ အပြစ်ဒဏ် ပေးခြင်းကို မုချခံယူ ရမည်ဖြစ်၏။ ကောင်းမှုကံသည် ကောင်းကျိုးကို ပေး၍ မကောင်းမှု ကံသည် မကောင်းကျိုး ကို ပေးသည်မှာ သဘာဝ သစ္စာလမ်းစဉ်သာတည်း ဗုဒ္ဓမြတ်စွာသော်မှ ထိုကံတရားကို မပြောင်းလဲ စေနိုင်၊ မတရားမှု ကျူးလွန်သူတို့အား အပါယ်ငရဲသို့ မကျရောက်အောင် မတားဆီး ပေးနိုင်ပါ။ သစ္စာကို မြတ်နိုးသူအား သစ္စာတရားက ပြန်လည် စောင့်ရှောက်သဖြင့် ကောင်းကျိုး အဖြာဖြာကို ခံယူရမည် ဖြစ်၏။

သေလွန်သည့် ကာလ၌ နတ်ရွာ သုကတိဘုံသို့ လားရောက်ရမည် ဖြစ်၏။ မိဘတို့သည် မိဘ ၀တ္တရားများကို ကျေပွန်စွာ ထမ်းရွက်လျှင် သစ္စာစောင့် သိသည် မည်၏။ သားသမီး တို့သည် သားသမီး ၀တ္တရားများကို ကျေပွန်စွာ ဆောင်ရွက်လျှင် သစ္စာစောင့် သိသည် မည်၏။ ဆရာသမားသည် ဆရာ့တာဝန် ၀တ္တရားများကို ကျေပွန်စွာ ထမ်းရွက်လျှင် သစ္စာစောင့် သိသည် မည်၏။ တပည့်များသည် တပည့် ၀တ္တရားများကို ကျေပွန်စွာ လိုက်နာ ကျင့်သုံးလျှင် သစ္စာစောင့် သိသည် မည်၏။ ၀န်ထမ်းများသည် ပေးအပ်ထားသော တာဝန် ၀တ္တရား များကို ကျေပွန်စွာ ထမ်းဆောင်ကြလျှင် သစ္စာစောင့် သိသည် မည်၏။

မိမိ၏ တာဝန် ၀တ္တရားများကို ထမ်းဆောင်ရန် ပျက်ကွက်ခြင်းသည် သစ္စာဖောက် ဖျက်သည်မည်၏။ ရိုးမြေကျ ပေါင်းသင်း ဆက်ဆံမည်ဟု ကတိသစ္စာ ပြုပြီးခါမှ ထိုကတိကို ချိုးဖောက်ခြင်းသည် သစ္စာ ဖောက်ဖျက်သည် မည်၏။

သို့ဖြစ်၍ လူတိုင်း၏ ဘ၀ကို သာယာ မြင့်မြတ် စေနိုင်သော တရားနှစ်ပါး ဖြစ်သည့် အတွက်ကြောင့် မေတ္တာရှင် သည် သစ္စာရှင် ဖြစ်နိုင်သည်။ သစ္စာရှင်သည် မေတ္တာရှင် ဖြစ်စေနိုင်သည်။ မေတ္တာနှင့် သစ္စာတို့၏ တန်ဖိုးကို သိနားလည် သူတို့သည် ဤတရားနှစ်ပါးကို ရင်ဝယ်ပိုက် ထွေးထားကြမည် ဖြစ်သည်။ လူသားတိုင်း၏ နှလုံးသားဝယ် မေတ္တာနှင့် သစ္စာ တရားတို့ ပွင့်လန်းဝေဆာ လာသောအခါ ဤကမ္ဘာ လောကကြီးသည် အမြင့်မား ဆုံးသော အတိုင်းအတာ အထိ ငြိမ်းချမ်းသာယာ စည်ပင်ဝပြော လာမည်ဖြစ်သတည်း။ ဤမေတ္တာနှင့် သစ္စာ အကြောင်းကို ကျွန်မ နားလည် သိရှိသလောက် ရေးသားဖော်ပြ လိုက်ပါတယ်။ သူငယ်ချင်း တို့လည်း အလှဆုံး တရားနဲ့ အမြတ်ဆုံး တရားနှစ်ပါး ဖြစ်တဲ့ မေတ္တာနဲ့ သစ္စာကို နားလည် သဘောပေါက်ပြီး ဘ၀ တစ်လျှောက်လုံး တန်ဖိုးရှိရှိ အသုံး ချနိုင်ကြ ပါစေလို့ ဆုတောင်း ဆန္ဒပြုရင်း သူငယ်ချင်းတို့ သိအောင် ကဗျာလေး တစ်ပုဒ်ပါ ရေးထည့်ပေး လိုက်ပါတယ်။ ဖတ်ကြည့်ကြအုံးနော်။

မေတ္တာ ရှေ့ဆောင်က ဘ၀တိုင်းလှ ………….. မေတ္တာက မအောင်မြင်နိုင်သော ဘေးရန်မရှိ။

သစ္စာက မစွမ်းပေးနိုင်သော အရာသည်မရှိ။

မေတ္တာတရားဖြင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို တည်ဆောက်ကြစို့။

သစ္စာတရားဖြင့် ဘ၀ငြိမ်းချမ်းရေးကို တည်ဆောက်ကြစို့။

ဘ၀ခရီးဖော် အချင်းချင်း တအူတုံဆင်း မွေးချင်း မောင်နှမကဲ့သို့ မေတ္တာနှင့် သစ္စာ ထားနိုင် ကြမည်ဆိုလျှင် ကမ္ဘာ လောကကြီးသည် ချက်ချင်းငြိမ်းချမ်း သာယာ သွားလိမ့်မည်။

သက်

No comments: