အမေသင်ပေးသော အလေ့အကျင့်ကောင်းများ
ကျွန်တော့ အမေသည် ဆန်၊ ဆီ အခြေခံ စားကုန်ရောင်းပြီး ကျွန်တော်တို့ မောင်နှမများကို ကျောင်းထား ပေးခဲ့သည်။ အမေက ဘာသာတရားကို ကိုင်းရှိုင်းသည်။ နေထိုင်မကောင်း ဖြစ်ချိန်ကလွဲရင် နံနက်စောစော ထပြီး ပန်း၊ ရေချမ်း၊ ဆီမီး ပူဇော်သည်။ ငါးပါးသီလခံပြီး၊ ပုတီးစိပ်၊ မေတ္တာပို့သည်။ အမျှအတမ်း ဝေသည်။ ဘုရားဝတ်တတ် ပြီးမှ ကျွန်တော်တို့ ကျောင်းသွားချိန် အမီချက်ပြုတ် ကျွေးမွေးလိုခြင်း ဖြစ်ပါ၏။
ချက်ပြုတ်ပြီး သန့်ရှင်းရေး လုပ်သည်။ အမေ ကိုယ်တိုင်လည်း သန့်သန့်ပြန့်ပြန့် နေတတ်၍ သနပ်ခါး ခြေဆုံး ခေါင်းဆုံးလိမ်းလို့ မွှေးကြိုင်နေသည်။ ကျွန်တော်တို့ကိုလည်း အချိန်နှင့်ထခိုင်းသည်။ ရေချိုးခိုင်းသည်။ စားခိုင်းသည်။ အိပ်ခိုင်းသည်။ ကျွန်တော်တို့ ကျောင်းသွားတော့ အမေ ညနေဈေး၌ လက်လီ ပြန်ရောင်းချ သည်။ အရောင်းသွက်က အမေပျော်သည်။ မောရမှန်း မသိ။ ကျောင်းဆင်းတော့ အမေ့ သွားကူရသည်။ ညနေစောင်းမှ ဈေးရောင်းသိမ်းသည်။
အိမ်ပြန်ရောက်တော့ နားလေ့မရှိ။ ချက်ပြုတ် ကျွေးမွေးသည်။ ကျွန်တော်တို့ ၀ိုင်းကူရသည်။ စားသောက် ဆေးကြောပြီးမှ စာကျက်ရသည်။ အမေသည် မိသားစုအတွက် အိမ်ထောင်ဦးစီးကောင်း ဖြစ်ခဲ့သည်။ အများ နည်းတူ ၀အောင်ကျွေးမွေး၍ လှအောင် ဆင်ခဲ့သည်။ အမေက အားလျှင် အလကား မနေတတ် ဆန်ရွေးနေ လေ့ရှိသည်။ အစ်မများကို အချက်အပြုတ် သင်သည်။ သန့်ရှင်းရေး လုပ်ခိုင်းသည်။ စားသောက်သည့် ပုဂံ ခွက်ယောက် ၀င်းလက်နေမှ ကြိုက်သည်။ ရေအိမ်မှဆင်းပြီး သောက်ရေအိုးသွား သောက်တာမကြိုက်၊ လက်ဆေး ကြောပြီးမှ သောက်ခိုင်းသည်။ ထမင်းစားခန်း စကားပြောတာ မကြိုက်၊ ရန်ဖြစ်တာ မကြိုက်၊ နေ့နေ့ညည သတ်မှတ်ချိန် ထမင်းစားခိုင်းသည်။ အိမ်လည်တာ မကြိုက်။ အချက်မပြုတ်၊ အချုပ်အလုပ်၊ သန့်ရှင်းရေး လုပ်တတ်မှ မိန်းမပီသသည်၊ အိမ်ထောင် ထိန်းသိမ်းနိုင်သည်ဟု ဆိုသည်။ အမေနီတိ ဖြစ်သည်။
ကျွန်တော်တို့ကို ၁၀တန်းအောင် ဘွဲ့ရအောင် ကြိုးစားခိုင်းသည်။ ဈေးသည်ဘ၀က၊ နေ့စဉ်စားဖို့မပူရ၊။ လူတောထဲတိုးရန် အမှုထမ်း၊ အရာထမ်းဖြစ်အောင် အားထုတ်ဖို့ ဆုံးမသည်။ သားသမီးများ ရှေ့ရေးအတွက် အမေအမြော် အမြင်ရှိစွာ လမ်းပြပေးသည်။ အသုံးနှင့်အဖြုန်း ခွဲခြားတတ်ဖို့မှာသည်။ ပုံမှန်ငွေရှိအောင် ရိုးသားစွာ ရှာဖို့မှာသည်။ ဆင်ခြင်များတာ လိမ်တာ မကြိုက် ချက်ချင်းထလုပ်မှ ကြိုက်သည်။
အစ်မ ၁၀ တန်းအောင်ပြီး စာရေးဝင်လုပ်သည်။ ၀န်ထမ်းလုပ်သက်ရ၍ အထက်တန်း စာရေးဖြစ်လာ သောအခါ အမေ ဈေးရောင်းသည့် အလုပ်နားလိုက်သည်။ အမေ ကျွန်တော်တို့ မောင်နှမတွေ ကျောင်းသွား ရုံးသွားအမီ ထမင်းချိုင့် ထည့်ပေးသည်။ ကျွန်တော်တို့ ကျောင်းဆင်းလာရင် နေ့စဉ် ချက်ပြုတ်ပြီးပြီ။ တာဝန် သိသော အမေ စိတ်ဓာတ်ကို ကျွန်တော်တို့ လေးစားမိသည်။ အလုပ်မရှိရင် သတင်းစာ ဖတ်နေပြီ၊ ရှေး သတင်းစာများတွင် ဆောင်းပါးကောင်း၊ ၀တ္တုကောင်းများ ပါသဖြင့် ရွှေဥဒေါင်း၏ ရတနာပုံ သံခေါင်းစွပ် မင်းသား၊ သခင်နု၏ ရက်စက်ပါပေ့ကွယ်၊ ဓူဝံ၏ စုံထောက် ၀တ္တုအကြောင်းများကို နေ့စဉ် အိပ်ရာဝင်ချိန် ပြောပြလေ့ရှိသည်။ အမေ ရေဒီယို ကြိုက်သည်။ ရွှေမန်းတင်မောင်၊ စိန်အောင်မင်းတို့၏ အသံလွှင့် ဇာတ်ထုတ်များ ဗုဒ္ဓ၀င် ဇာတ်ထုတ်များ ဇာတ်လမ်းပမာ နားဆင်စရာများကို နားထောင်လေ့ရှိ၏။ ကျွန်တော် တို့ နားမထောင်ဖြစ်လျှင် ပြန်ပြောလေ့ရှိသည်။ အမေ့ ကျေးဇူးကြောင့် စာပိုးဝင်ခဲ့ရသည်။ သားသမီးများကို ယဉ်ကျေးစိတ်ရှိအောင် ပုံသွင်းခဲ့သည်။
ကျွန်တော် ၁၀ တန်းအောင်ပြီး အစ်မရုံးအုပ် ဖြစ်ချိန်၌ အမေ သွေးတိုးရောဂါဖြင့် ကွယ်လွန် သွားရှာခဲ့သည်။ အမေ သေခါနီး နှစ်လအလိုအထိ ချက်ပြုတ် ကျွေးမွေးခဲ့သည်။ အစ်မ ရုံးဆင်းလာပြီး မီးဖိုချောင် အလုပ်ဝင် လုပ်သည်။ အမေကို နားနားနေနေ နေခိုင်းသည်။ အမေက ညည်းတို့ တနေ့လုံး ရုံးမှာ ပင်ပန်းလာကြတာ ငါ ချက်ပြုတ်ပေးတာ မပင်ပန်းပါဘူးဟု ငြင်းရှာသည်။ တာဝန်သိသော အမေသည် လုပ်ကိုင်နိုင်တုံးက အိမ်ထောင်ဦးစီးတာဝန်၊ အိမ်မှုကိစ္စတာဝန် ကျေပွန်ခဲ့သည်။ အသက် (၆၀)ကျော် စီးပွားမရှာနိုင်သည့်အခါ သေသည်အထိ ချက်ပြုတ်ရေးတာဝန်၊ အိမ်မှုကိစ္စ တာဝန်များ၊ ကျေပွန်အောင် ဆောင်ရွက်သွားသည်။ အမေ ထမ်းရွက်ခဲ့သော တာဝန်ဝတ္တရားများသည် ကျွန်တော်တို့ကို လုပ်တတ်အောင် လုပ်ချင်အောင် သင်ပေး သွားသည်။ အလေ့အကျင့်ကောင်းများ အမွေ ပေးသွားသည်။
မူလတန်းကျောင်း နေစဉ်က ဆရာမ ဒေါ်တင်ရွှေက လက်ရေးလှအောင် လေးကြောင်းမျဉ်း စာအုပ်ဖြင့် သင်ခဲ့သည်။ ပြီးစလွယ်ရေးကာ ရိုက်ပြီးပြင်ပေးသည်။ ဆရာမ၏ သွန်သင် ဆုံးမမှု ကောင်းသောကြောင့် ကျွန်တော် လက်ရေး သပ်သပ်ရပ်ရပ် ရှိသည်။ ရုံးဝန်ထမ်း ဖြစ်လာသောအခါ တာဝန်အရ ဖတ်ရသော ၀န်ထမ်းများ၏ အစီရင်ခံစာ လက်ရေးများသည် ဖတ်မရတာ ရှိသည်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဝေဖန်သောအခါ ဆရာမ၏ ကျေးဇူးကို မမေ့နိုင်ပါ။
အလယ်တန်းပြ ဆရာမ ဒေါ်စောခင် အိမ်၌ စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် အင်္ဂလိပ်စာ အချိန်ပို သင်ပေး သည်။ သန့်ရှင်းရေး လုပ်ခိုင်းသည်။ ချက်ပြုတ်ရာတွင် ကူခိုင်းသည်။ အမေကို ကူလုပ်ခဲ့သော၊ ဆရာမကို ကူလုပ်ခဲ့သော အလေ့အကျင့် ကောင်းများကြောင့် ၀န်ထမ်းဘ၀ ရောက်သည့် နေရာ၌ သန့်သန့်ရှင်းရှင်း နေတတ်သည်။ တစ်နိုင်တစ်ပိုင် ချက်ပြုတ် စားတတ်သည်။ အထက်တန်းပြ အင်္ဂလိပ် ဆရာမကြီး ဒေါ်သောင်းခင်က အင်္ဂလိပ်စာတတ်အောင် သင်ပေးသည်။ နုတ်တိုက် သင်ပေးပြီး သင်ခန်းစာ တစ်ခုကြေမှ တစ်ခုပေးတတ်သည်။ ရေးကျက်ခိုင်းသည်။ ရေးဖြေခိုင်းသည်။ စိတ်ရှည်လက်ရှည် ဖြေကြား၊ သင်ကြား ပေးခဲ့သော အလေ့အကျင့် ကောင်းများသည် တက္ကသိုလ် ရောက်သည်အထိ ရေးကျက် ရေးဖြေခဲ့ရသည့် အကျင့်ကောင်း စွဲကျန်ရစ်သည်။ စာမေးပွဲ အောင်ရုံမက ရုံးဝန်ထမ်း ဖြစ်လာသောအခါ အထောက်အပံ့ ဖြစ်ခဲ့သည်။ ရုံးလုပ်ငန်းနှင့် ပတ်သက်၍ ရေးမှတ်သော အကျင့်ရလာပြီး ဒိုင်ယာရီ ထားတတ်ပြီး နှုတ်တစ်ရာ စာတစ်လုံး။
ရုံဝန်ထမ်း ဖြစ်လာသောအခါ ဌာနစိတ်မှူး၊ ဌာနစုမှူး၊ ဌာနခွဲမှူး၊ တိုင်းဦးစီးမှူး၊ လက်ထောက်တိုင်း ဦးစီးမှူး၊ တိုင်းဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး တို့ထံမှ ရုံးလုပ်ငန်းများကို သင်ယူရပြန်သည်။ မိဘ ဆရာများသည် လုပ်ငန်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိသည်။ ကျွမ်းကျင် နှံ့စပ်သည်။ မိမိ ဘာသာရပ်ကို အစဉ်မပြတ် လေ့လာနေသည်။ ၀န်ထမ်းသစ်ကို ခိုင်းသည်။ မှားလျှင် ပြင်ပေးသည်။ တတ်အောင် သင်ပေးသည်။ ပြန်စစ်ဆေး လေ့ရှိသည်။ အချို့ ဆရာများသည် ရုံးလုပ်ငန်း အထောက်အကူပြု ဘေးလုပ်ငန်းများကိုပါ လုပ်တတ်သည်။ အရေးပေါ်ကိစ္စ၊ စီမံချက်ကိစ္စ၊ လေးလဘက်ကိစ္စ၊ နှစ်ပတ်လည် ကိစ္စများ ဆောင်ရွက်စရာ ရှိလာလျှင် အချို့ ဆရာများသည် သူတို့ကိုယ်တိုင် အအိပ်ပျက် အစားပျက်ခံပြီး ဦးဆောင် လုပ်ပြသည်။ ကျွေးမွေးပြီး ၀ိုင်းဝန်း လုပ်ခိုင်းသည်။ တစ်ယောက်အားနှင့် ယူ၍မရ တစ်သောင်း အားနှင့် ယူသောရ၏ ဆိုရိုးစကားအတိုင်းပင်။
အချို့ ဆရာများသည် အကြောင်းအရာ တစ်ခုကို သိချင်၍ တင်ပြခိုင်းလျှင် ပြည့်ပြည့်စုံစုံ ထွက်စရာရှိရင် ဗိုက်ပြည့်အောင်မစား၊ ရေမသောက်၊ အပေါ့အလေးမသွားအောင် ခြိုးခြံရသည် ဟုပြောသည်။ အလေ့ အကျင့်ကောင်း ဖြစ်သည်။
ပြည်သူနှင့် ဆက်ဆံရသော ရုံးဖြစ်သဖြင့် လူရိုသေ၊ ရှင်ရိုသေ ဖြစ်အောင် ဌာန၀တ်စုံ သပ်သပ်ရပ်ရပ် ၀တ်ဖို့ တိုက်တွန်းသည်။ စွတ်ကျယ် လက်ပြက်၊ ဆံပင်စုတ်ဖွား၊ မုတ်ဆိတ်ဗရပြစ်၊ ကွမ်းတပြစ်ပြစ်နှင့် နေထိုင်သည် ကို မကြိုက်။ သေသေသပ်သပ် ၀တ်ဆင်ခိုင်းသည်။ အုပ်ချုပ်သော အရာရှိများပင် သန့်သန့်ပြန့်ပြန့် ၀တ်ဆင် သည်။ ရုံးလုပ်ထုံး လုပ်နည်းများ မသိသော ပြည်သူများကို နားလည် သဘောပေါက်အောင် ဆောင်ရွက် ပေးရမည်မှာ ၀န်ထမ်းတို့၏ အဓိက တာဝန်ဖြစ်ကြောင်း အများကို ကူညီသည့် အကျိုးမေတ္တာ ရမည်။ ရေရှည် ခံမည်။ ညစ်ရင် ရစ်ရင် စေ့ထားရင် သက်တမ်း တိုမည်။ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ကြဖို့ အမြော်အမြင်ကြီးစွာ သင်ကြားပေးသည်။ ၀န်ထမ်းတွေ လိုက်နာမှု ရှိမရှိ တန်ပြန် စစ်ဆေးသည်။ ၀န်ထမ်း များကို ထိန်းပေးထားသည်။ ဆရာနှင့် တပည့်၊ တပည့်နှင့် ဆရာ ကိုယ့်တပည့်ကို ဆုံးမမည်။ သူစိမ်း ထိစရာ မလို ကာကွယ်ပေးသည်။ ဆရာကောင်း ဆရာမြတ်တို့၏ အလေ့အကျင့် ကောင်းများကို မေ့မရနိုင်ပါ။ နောင် တစ်ခေတ် ၀န်ထမ်း မျိုးဆက်သစ် အရာရှိကြီးငယ် ဖြစ်မည့်သူများ၊ အတုခိုးရမည့် အချက်များ ဖြစ်သည်။
ကျွန်တော်သည် သက်ပြည့်နှစ်(၆၀)၊ လုပ်သက်နှစ်(၄၀)ဖြင့် အနားယူ ရတော့မည်။ ရှေ့ဆောင်လမ်းပြ မိခင်၏ အလေ့အကျင့် ကောင်းကြောင့် ပညာသင်စဉ် ကျောင်းသား အရွယ်ကပင် တာဝန်နှင့် ၀တ္တရား စည်းကမ်းများကို နားလည်ခဲ့ရသည်။ အမေထုဆစ် ပျိုးထောင် ပေးသဖြင့် အမေဖြစ်စေချင်သော ၀န်ထမ်း ဖြစ်ခဲ့ပါသည်။ အမေ မြင်မသွားရပါ။ အမေသွန်သင် လေ့ကျင့်မှုများကို လိုက်နာ ဆောင်ရွက်ခဲ့သဖြင့် အစဉ် ပြေစွာ နေထိုင်စားသောက် နိုင်ခဲ့ပါသည်။
မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ၊ ဆရာမများ၏ သွန်သင် လေ့ကျင့်မှုများကြောင့် အလုပ်ခွင် တွင်လည်း အထက်အရာရှိ အဆင့်ဆင့်ကို ရိုသေလေးစားရမှန်း၊ တာဝန်ကို ကြောက်ရမှန်း၊ ဆက်ဆံရေး ပြေပြစ်အောင် ဆောင်ရွက်ရမှန်း သိရှိခဲ့ပါသည်။ သွက်သွက် လက်လက် ရှိသဖြင့် တာဝန် ပေးအပ်သည်ကို ချက်ချင်း လုပ်ပြနိုင်၍ ကြီးကြပ်သူတို့၏ မေတ္တာပေးဝခြေင်း ခံခဲ့ရပါသည်။
ဝန်ထမ်း လုပ်သက်နှစ်(၄၀)တွင် ခေတ်အမျိုးမျိုး ဖြတ်သန်းခဲ့ ရပါသည်။ ကျွန်တော်တို့ အခြေခံ ၀န်ထမ်း ဖြစ်သဖြင့် ဌာနစိတ်မှူး အဆက်ဆက်မှသည် တိုင်းဦးစီးမှူး အဆက်ဆက်ထိ ဆရာများစွာ ရှိခဲ့ပါသည်။ ဆရာများ၍ သားသေမသွားပါ။ ဆရာတိုင်း၌ အရည်အချင်း ကိုယ်စီ ရှိကြသည်။ အချို့ စွယ်စုံတော်သည်။ အချို့လည်း စိတ်သဘောထား ဖြောင့်မတ်သည်၊ ငဲ့သည်၊ ညှာသည်။ ဆရာ တစ်ဦးချင်းထံမှ ကောင်းသော အချက်၊ တော်သောအချက်များကို ရယူကျင့်ကြံအား ထုတ်တတ်ပါက၊ အရည်အသွေး ပြည့်မီသော ၀န်ထမ်း ကောင်းဖြစ်လာပါမည်။ အရပ်သား၊ အရာထမ်းများ၊ တပ်မတော် အရာရှိကြီးငယ်များ၏ လေ့ကျင့် ပျိုးထောင်မှု၊ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိ သဘောပေါက် လိုက်နာမှုကြောင့် နဘယံ ဘေးမသီ ရန်မခ ခဲ့ပါ။ ကျွန်တော် သက်ပြည့်နှစ်(၆၀)၊ လုပ်သက်နှစ်(၄၀) ဘေးအန္တရာယ် ကင်းစင်စွာ လုပ်နိုင်ခဲ့သည်မှာ အမေ၊ ဆရာ၊ အရာရှိ ကြီးငယ် အဆင့်ဆင့်တို့၏ သွန်သင် လေ့ကျင့်မှုများကို သသွေမတိမ်း လိုက်နာခဲ့ခြင်း ကြောင့် ဖြစ်ပါသည်ခင်ဗျား။
အတွဲ(၁)၊ အမှတ်(၁၇) ၂၅.၉.၂၀၀၈ ရက်နေ့ထုတ် ပန်သစ္စာဂျာနယ် မှ ဆောင်းပါးရှင် မေသက်ထွန်း(သရဖူ) ၏ ဆောင်းပါးကို ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

No comments:
Post a Comment