Monday, November 3, 2008

အချစ်ဆိုတာ

အချစ်ဆိုတာ တစ်ဦးကို တစ်ဦး ထာဝရ လိုအပ်နေခြင်းပါ။ တစ်ဦးနဲ့ တစ်ဦး မဖြစ်မနေ လိုအပ်နေခြင်းပါ။ ချစ်သူ နှစ်ဦးဟာ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒတွေ အပြည့် ရှိနေပါတယ်။ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးက နားလည် သိရှိနေခြင်းဟာလည်း အချစ်ပါပဲ။ အချစ်မှာ ယောင်္ကျားလေးတွေက ကြိုးစားပိုင်ခွင့် ရှိပေမယ့် မိန်းကလေးတွေကတော့ မျှော်လင့်ခွင့်ပဲ ရှိပါတယ်။ တန်ဖိုးရှိတဲ့ (ဖြူစင်တဲ့) အချစ်ဆိုတာ ရယူလိုခြင်း မရှိပဲ ချစ်ရုံချစ်နေခြင်းပါပဲ။ အမြဲတမ်း တစ်ဦးပေါ် တစ်ဦး နားလည်ပြီး စွန့်လွှတ်အနစ်နာခံခြင်းပဲ ဖြစ်တယ်။ အချစ်တွေ နက်ရှိုင်းလာတဲ့အခါမှာ မေတ္တာဆိုတာ ဖြစ်လာပါတယ်။ အဲဒီမေတ္တာကို အနက်ရှိုင်းဆုံး အချစ်လို့ သတ်မှတ်ကြပါတယ်။ အဖြူစင်ဆုံး အချစ်စစ်လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် အဲဒီမေတ္တာဟာ သူတို့နှစ်ဦးနဲ့ပဲ ပတ်သက်ပါတယ်။ ဘယ်တော့မှ မပျက်ပြယ်တော့မယ့် မေတ္တာပါပဲ။ လောကမှာ နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတွေ အများကြီး ရှိပါတယ်။ ကိုယ့်မေတ္တာကို သူနားလည်လာတဲ့ အချိန်မှာ မေတ္တာရောင်ပြန် အဖြစ် မေတ္တာ ပြန်ပေးတတ်ပါတယ်။ ကျွန်တော် အရင်က လိုချင်ခဲ့တဲ့ အချစ်က အရူးအမူးအချစ်ပါ။ အခုအချိန်မှာတော့ တစ်ဦးကို တစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ မေတ္တာတရား (အချစ်)ကိုပဲ လိုချင်မိနေပါတယ်။ အရူးအမူး အချစ်ဆိုတာ အမြဲတမ်း ကိုယ့်ကိုယ်ကိုရော သူများကိုပါ ပူလောင်စေပါတယ်။ နားလည်မှု အချစ်ကတော့ ကိုယ်အေးချမ်းသလို သူများကိုလည်း အေးချမ်းစေပါတယ်။ အေးချမ်းစေချင်တဲ့ ဆန္ဒလည်း အပြည့်အ၀ ပါဝင်ပါတယ်။
အချစ်ကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် အချစ်ရဲ့ သဘောမှာ ကိုယ်ချစ်ရသူကို စောင့်ရှောက်ရင်း သူ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရင်း အတူတူ နေလိုခြင်းပဲ ဖြစ်ပါတယ်လို့ ထင်ပါတယ်။ အချစ်ကို ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရပါဘူး။ အချစ်ဆိုတာ ရင်ထဲက အလိုလို ဖြစ်လာလို့ပဲဖြစ်ပါတယ်။ သူ့အလိုလို ပေါက်ဖွားလာမှုကို ဘယ်အရာနဲ့မှ ဖျက်ဆီးလို့ မရပါဘူး။ တားဆီးလို့လည်း မရပါဘူး။ ကိုယ်တိုင် ထိန်းသိမ်းမှပဲ ရပါတယ်။ ကိုယ်က ချစ်ပေမယ့် ပိုင်ရှင်ရှိပြီးသားမို့ လက်လျှော့ပြီး အဝေးကနေ ချစ်နေကြရသူတွေလည်း ရှိပါတယ်။ အချစ်ကြောင့် ရင်နာရသူတွေ၊ အချစ်ကြောင့် ဘ၀ပျက်ကြသူတွေ၊ အချစ်ကြောင့် ရူးသွပ်ခဲ့ရသူတွေ ရှိသလို အချစ်ကြောင့် ပျော်ရွှင် ကြည်နူးရသူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ အချစ်ကို ဘယ်သူမှ ရှောင်ရှားလို့ မရပါဘူး။ အသက်အရွယ်မရွေး ၀င်လာနိုင်တာမို့ သတိနဲ့ ထိန်းထိန်း သိမ်းသိမ်း ချစ်သင့်ပါတယ်။ အိမ်ထောင်ကျပြီးမှ အချစ်နဲ့ တွေ့သူတွေ၊ အိမ်ထောင်ရှိသူများကို ချစ်မိသူတွေ တွေ့ဖူးပါတယ်။ ချစ်မိတဲ့ အချစ်ကို အပြစ်မတင်လိုပေမယ့် ကိုယ့်အချစ်ကို ထုတ်ဖော်လိုက်တာကိုတော့ အပြစ်တင်လိုပါတယ်။ ဗုဒ္ဓဘာသာ အရ၊ လူ့ကျင့်ဝတ်အရ ဘယ်လိုမှ မဖြစ်နိုင်မှုတွေ ရှိလို့ပါ။ အဲဒီလို အချစ်မျိုးကိုတော့ ကိုယ့်ဘာသာကို ထိန်းသိမ်းသင့်ပါတယ်။ လူ့အဖွဲ့အစည်းအနေနဲ့ ပြောရရင် လူ့ကျင့်ဝတ်ချိုးဖောက်သူ၊ သစ္စာမရှိသူအဖြစ် တစ်သက်တာ အပြစ်သား ဖြစ်ပါတယ်။ ကျွန်တော် နားလည်ထားတဲ့ အချစ်ဆိုတာ တစ်ဦးပေါ် တစ်ဦး နားလည်မှုရှိရှိနဲ့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ပေးဆပ်လိုမှုများနဲ့ တစ်ဦးကို တစ်ဦး ယုံကြည်စွာနဲ့ ချစ်ခြင်းလို့ ယုံကြည်ပါတယ်။ ချစ်သောသူတိုင်း ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းရင်း . . .
ဇော်ဖြိုး

1 comment:

My Blog said...

အရမ်းနှစ်သက် ဖို့ကောင်း တဲ့စာလေးတွေပါ.. တန်ဖိုးရှိပါတယ်.. ရင်အေးစေတဲ့ သူငယ်ချင်း အချစ် ကိုတော့ဘယ်လိုမှ မေ့မရလို့ ခံစား၇တယ်.. :)