Monday, December 1, 2008

လောကကိုအကျိုးပြုတဲ့သူ

ကိုယ့်ကိုယ်ကို လေးစားအောင် နေရမယ်။ ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို လေးစားအောင် နေရမယ်။ ဘယ်သူ ဘယ်လိုထင်ထင် ဂရုမစိုက်ဘူး ဆိုပြီးတော့ နေချင်သလို နေလို့မရဘူး။ အများနဲ့ နေကြရတဲ့ လောကကြီးမှာ ကိုယ့်အတွက်ကော၊ အများအတွက်ပါ အမြဲတမ်း တွဲပြီးတော့ စဉ်းစားရမယ်။
ကိုယ့်ကိုယ်ကို လေးစားနိုင်တဲ့သူ၊ သူတစ်ပါးကိုလည်း လေးစားတဲ့သူ၊ သူတစ်ပါးရဲ့ လေးစားမှုကိုလည်း ထိုက်ထိုက်တန်တန် ခံရတဲ့ သူဟာ လောကကို အကျိုးပြုတဲ့သူ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုလည်း လေးစားမှု ရှိအောင် ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကလည်း ကိုယ့်ကို လေးစားလာအောင် လူတိုင်း ကြိုးစားပြီးနေရင် ဒီလောကကြီးဟာ ပျော်စရာကောင်းတဲ့ လောကကြီးဖြစ်မယ်။
နားလည်စေချင်တာကတော့ ဘ၀မှာ ဒီလို အခြေခံကျတဲ့ အချက်ကလေးတွေက အရေးအကြီးဆုံး ဆိုတာပဲ၊ အိမ်ရဲ့ အုတ်မြစ်လိုပဲ၊ သူမရှိရင် ကျန်တာ ဘာမှလုပ်လို့ မဖြစ်ဘူး။ ဘယ်လောက်ပဲ ပညာတတ်နေ တတ်နေ၊ စိတ်ထားမကောင်းဘူး၊ အကျင့်စာရိတ္တ မကောင်းဘူး၊ ခန္ဓာကိုယ် မသန့်ရှင်းဘူး၊ နေထိုင်တဲ့ ပတ်ဝန်းကျင်လည်း မသန့်ရှင်းဘူးဆိုရင် လူ့တန်ဖိုးလို့ ပြောလို့မရဘူး။
တချို့ပညာ သိပ်မတတ်ပါဘူး။ ဘာဘွဲ့မှ မရှိပါဘူး။ ဒါပေမယ့် စိတ်ထား ကောင်းတယ်၊ အကျင့်စာရိတ္တ ကောင်းတယ်။ နေတာ၊ ထိုင်တာ သပ်ရပ်တယ်၊ သန့်ရှင်းတယ်။ အဲဒီလို လူကို လေးစားပါတယ်။
လုံ့လ ၀ီရိယရှိဖို့ သိပ်အရေးကြီးတယ်။ ကိုယ် တကယ် တတ်နိုင်တာကို လုပ်နေရင်းနဲ့ ပိုကောင်းအောင် လုပ်သွားရမယ်။ ကိုယ့်ကိုယ်ကို ``ငါ လူပျင်း´´လို့ တွေးမိရင် ဘယ်လို ခံစားရမလဲ၊ ကိုယ့်ကိုယ်ကို လေးစားလို့ရမှာ မဟုတ်တော့ဘူး။ ပြီးတော့လည်း မရတော့ဘူးနော်။ ပတ်ဝန်းကျင်ကရော ``ဒီလူဟာ လူပျင်းပါကွာ´´လို့ ပြောလိုက်တဲ့အခါ အဲဒီလို အတွေးမျိုး တွေးတယ်ဆိုရင်ပဲ လေးစားမှု မရှိတော့လို့ တွေးတာပဲ။ ပျင်းတာဟာ လောကကြီးကို ဖျက်ဆီးတဲ့ အရာတစ်ခု ဖြစ်တယ်။
ကိုယ့်မှာ ခန္ဓာကိုယ် အင်အားတွေ ရှိတယ်။ စိတ်ဓာတ်အင်အားတွေ ရှိတယ်။ အသိဉာဏ် အင်အားတွေ ရှိတယ်။ အဲဒီ အင်အားတွေကို ကောင်းတဲ့နေရာမှာ အပြည့်အ၀ သုံးနေရမယ်။ သုံးနေရင် ထွက်နေမယ်။ မသုံးဘဲထားရင် ကြာရင် မထွက်တော့ ဘူး။ လုပ်နိုင်သလောက် အစွမ်းကုန်လုပ်မှ တကယ်ကျေနပ်မှု ရမယ်။ လုပ်နိုင်သလောက် မလုပ်ဘဲ လျှော့လုပ်ရင် ကြာရင် တဖြည်းဖြည်းနဲ့ လုပ်နိုင်တဲ့ စွမ်းရည်တွေ လျော့သွားမယ်။
ကောင်းတယ်၊ လုပ်သင့်တယ်၊ အကျိုးရှိတယ်လို့ သိထားရင် လုပ်နေမှ ဖြစ်မယ်၊ ကောင်းတယ်၊ အကျိုးရှိတယ်၊ လုပ်သင့်တယ်လို့ သိလျက်နဲ့ မလုပ်ရင် ကိုယ့်ကိုယ်ကို လေးစားမှု နည်းသွားမယ်၊ ပတ်ဝန်းကျင်ကလည်း သိပ်မလေးစားဘူး။
လုပ်သင့်တာတွေကို သိကြပါတယ်။ သိသလောက်ကို ဖြစ်အောင်လုပ်မယ် ဆိုရင်ပဲ တော်တော် တိုးတက်မှာပါ။ သိသလောက်ကို တောင် တကယ် မလုပ်ကြဘူး။ သက်သာအောင် နေကြတယ်။ အခု သက်သာအောင်နေရင် ရေရှည်မှာ မသက်သာဘူး။ အပျော် အပါးကို ဦးစားပေးပြီးတော့ ရေရှည်မှာ အကျိုးရှိမယ့် အလုပ်ကို မလုပ်တဲ့သူဟာ ရေရှည်မှာ မပျော်နိုင်တော့ဘူး။ ပူပင်သောက များမယ်။
သိတော့ သိတယ်။ ဘာဖြစ်လို့ မလုပ်တာလဲ၊ အဲဒါ စဉ်းစားဖို့ ကောင်းတယ်။ အရေးမကြီးဘူး ထင်လို့လား။ ကိုယ့်ကိုယ်ကို လေးစားမှုရှိအောင် နေဖို့ဟာ အရေးအကြီးဆုံး အလုပ်ဖြစ်တယ် ဆိုတာကို အားလုံးနားလည် သဘောပေါက်စေချင်ပါတယ်။ သူငယ်ချင်းများအားလုံးလည်း ကိုယ့်ကိုယ်ကို လေးစားအောင်နေနိုင်မယ်ဆိုရင် လောကကို အကျိုးပြုတဲ့သူတွေ ဖြစ်လာမှာပါလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
သက်

No comments: