Thursday, March 26, 2009

အမေ့လက်



မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။
မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။

ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ “အလှ” “အလုပ်”
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။

သက်

ဆက်လက်ဖတ်ရှုပါရန်...

Tuesday, February 24, 2009

လက်တို့ပေးပါ

သူငယ်ချင်း
ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော်ကတော့ အသက် ၂၃နှစ်ပြည့်တာတောင် ရည်းစားမရှိသေးတဲ့ လူတစ်ယောက်ပေါ့။ ရည်းစား မရသေးတာက မရှာလို့တော့ မဟုတ်ဘူး။ ရှာတာမှ ကျွန်တော့်အသက် ၁၆နှစ်ပြည့်ကတည်းက ရည်းစားလိုချင်လို့ လိုက်ရှာနေတာပါ။ အဲဒီနေရာမှာ တစ်ခုတော့ ရှိတယ်။ ကျွန်တော်က ဂျီးများတယ်ဗျ။ ငယ်ငယ်က ဖွါးဖွါးတို့ ပြောပြထားလို့ မိန်းမတို့၏ ကောင်းခြင်း ငါးဖြာကိုသိနေတယ်လေ။ ဒဲဒီတော့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရင် ဖွါးဖွါးပြောတဲ့ ကောင်းခြင်းငါးဖြာနဲ့ ပြည့်မပြည့် ချင့်ချိန်ကြည့်နေတော့ ရတာမလို လိုတာမရ ဖြစ်နေရတာပေါ့ဗျာ။

ကျွန်တော်ရဲ့ သူငယ်ချင်းတွေကို မိန်းမတို့၏ ကောင်းခြင်း ငါးဖြာအကြောင်း ကြုံတုန်း ပြောပြချင်ပါတယ်။ မိန်းမတို့၏ ကောင်းခြင်း ငါးဖြာဆိုတာ ဆံပင်၏ကောင်းခြင်း၊ အသားအရည်၏ ကောင်းခြင်း၊ အရိုး၏ ကောင်းခြင်း၊ အသွေး၏ ကောင်းခြင်း၊ အရွယ်၏ ကောင်းခြင်း တို့ဖြစ်ပါတယ်။ အဲဒါတွေရဲ့ အဓိပ္ပါယ် အကျယ်ဖွင့်လဲ ရှိပါသေးတယ်။ ဆံပင်၏ကောင်းခြင်း ဆိုတာကတော့ မိန်းကလေးတွေရဲ့ ဆံပင်ဟာ ထုံးထားရာမှ ဖြည်လျှော့လိုက်လျှင် ခြေမျက်စိထိ ရှည်လျှားပြီး ဆံပင်ရဲ့ အဖျားဟာကော့လန်ရမှာ ဖြစ်ပါတယ်။ အသားအရည်၏ ကောင်းခြင်း ဆိုတာကတော့ သီချင်းကလေးတောင် ရှိပါသေးတယ် ရွှေမှုံစားပြီး မွှေးဖွါးသလားလို့ မေးရမလောက် ပါပဲတဲ့။ အရိုး၏ ကောင်းခြင်းကတော့ သွားကိုကြည့်ပြီး ဆုံးဖြတ်ကြပါတယ်။ သူရဲ့သွားလေးတွေဟာ ဖြူဖွေးပြီး ပုလဲလုံးညီ ကြိုးနဲ့သီသို့ ညီညီညာညာ ရှိနေရမယ်လို့ ဆိုပါတယ်။ အသွေး၏ ကောင်းခြင်းကတော့ နှုတ်ခမ်းလေးတွေဟာ ရဲရဲနီနေရမယ်၊ နောက် သွားဖုံးလေး တွေကလည်း ရဲရဲနီထွေးနေရပါမယ်။ အရွယ်၏ ကောင်းခြင်းကတော့ ငယ်ရွယ်တဲ့ ဂုဏ်ကိုလည်း ဆိုသလို အသက်အရွယ် တင့်တယ်ခြင်း၊ ကလေးမွေးပြီး သားတောင်မှ အပျိုနဲ့ ခွဲခြားမရလောက်အောင် ပါပဲတဲ့ဗျာ။
အဲဒီတော့ ဖွါးဖွါးပြောတဲ့ ကောင်းခြင်း ငါးဖြာနဲ့ ပြည့်စုံတဲ့ မိန်းကလေးမျိုး ဘယ်မှာများ ရှာရပါ့မလဲ။ ပထမဦးဆုံး ဖြစ်တဲ့ ဆံပင်၏ ကောင်းခြင်းနဲ့ပင် လက်လန်သွားရပြီ မဟုတ်လား။ အခုခေတ် ကောင်းမလေးတွေက ဆံပင်ဆိုရင် ဖြတ်လိုက်၊ ဆက်လိုက်၊ ဖြောင့်လိုက်၊ ကောက်လိုက်နဲ့ တခါခါ သူတို့တွေကို မှတ်တောင် မမှတ်မိလောက် ပါပဲဗျာ။ နောက်ပြီး အသွေး၏ ကောင်းချင်းကို ကြည့်ရအောင်ကလဲ နှုတ်ခမ်းနီ အမြဲဆိုးထားတော့ ဘယ်လိုများ ဆုံးဖြတ်ရမလဲ မသိရတော့ဘူး မဟုတ်လား။ လူတိုင်းလူတိုင်း အကောင်းဆုံးကိုပဲ လိုချင်ကြမှာ သေချာပါတယ်။ အဲဒီတော့ လမ်းကြုံလို့ ကောင်းခြင်း ငါးဖြာနဲ့ ပြည့်ဆုံတဲ့ မိန်းကလေးများ တွေ့ခဲ့ရင် လက်တို့ပြီး သတင်းပေးပါလို့......။
ရွှေသွေး

ဆက်လက်ဖတ်ရှုပါရန်...

ချမ်းသာသုခဘယ်မှာလဲ …

ဘာသာရေးမှာရှိတယ်။ စိတ်ကို အလေ့အကျင့် လုပ်ရာက ရနိုင်တယ်။ တခြားလူတွေကို အကျိုးပြုတာ၊ စိတ်တည်ငြိမ် အေးချမ်းတာတွေက ရနိုင်တယ်။ စိတ်နဲ့ နှလုံးထပ်တူထပ်မျှ ဖြစ်တဲ့အခါ ခန္ဓာကိုယ်တွင်းမှာ ချမ်းသာသုခကို တွေ့ရတယ်။

သက်

ဆက်လက်ဖတ်ရှုပါရန်...

သုခ ရှာပုံတော်

ချမ်းသာသုခကြောင့် ဘ၀မှာ နေပျော်နေကြတာ၊ တကယ်လို့သာ ဆင်းရဲဒုက္ခတွေ အပြည့်ဖြစ်နေမယ်ဆိုရင် ဘ၀မှာ နေရတာ အဓိပ္ပာယ်မရှိဘူး။ လူသားတွေ အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားမှု ကွာခြားပြီး ရည်မှန်းချက်တွေလည်း ခြားနားကြတယ်။ တချို့ လူတွေက ငွေရရင် ချမ်းသာတယ်လို့ဆိုပြီး ငွေတွေ အများကြီး ရချင်ကြတယ်။ ဒါပေမယ့် ငွေတွေ အများကြီး ရလာတဲ့အခါ ပိုပြီး ဒုက္ခရောက်တတ်တယ်။ `ငွေကြောင့် လူတွေ သေရတယ်´ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ။ အဲသလိုဆို ဥစ္စာဓနဟာ ဘယ်မှာ ချမ်းသာ စေလို့လဲ။

တချို့ လူတွေက မိသားစုတွေရှိရင် ချမ်းသာတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် မိသားစုဝင်တွေ တစ်ယောက် နဲ့ တစ်ယောက် အဆင်မပြေဖြစ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်နေကြရင် ဘယ်မှာ ချမ်းသာ နိုင်မလဲ။ တချို့လူတွေက အချစ်ရှိရင် ချမ်းသာတယ်လို့ထင်ပြီး အချစ်နောက်ကို အသည်းအသန် လိုက်ကြတယ်။ ဒါပေမယ့် အချစ်နဲ့ အမုန်းဆိုတာကလည်း အမြွှာဖြစ်နေလေတော့ အချစ်ဟာ အမုန်းအဖြစ် အလွယ်တကူ ပြောင်းလဲသွားတတ်တယ်။ ချစ်လေလေ၊ မုန်းလေလေ ဖြစ်တတ်တယ်။ ချစ်သူတွေ၊ ဇနီး မောင်နှံတွေ ခွာပြဲတဲ့အခါ တစ်ခါတစ်လေကျရင် အဆိုးဆုံး ရန်သူတွေ ဖြစ်လာကြတယ်။ ဒါကြောင့် တစ်ယောက်တည်း သံယောဇဉ် မရှိဘဲနေတာက ပိုကောင်းတယ်။
တချို့ကျတော့လည်း သြဇာအာဏာရအောင် ကြိုးစားကြတယ်။ ဒါပေမယ့် အတော်များများက သြဇာ အာဏာကို အလွဲသုံးစားလုပ်ပြီး ဥပဒေဘောင်ရဲ့ အပြင်ဘက်ကို ရောက်သွားကြတယ်။ အမြင့်တက်လေ အကျနာလေပဲ။ ရာထူးတွေ၊ သြဇာအာဏာတွေ ဆိုတာကလည်း ချမ်းသာသုခကို အမြဲတမ်း ဖြစ်စေတဲ့ အကြောင်းတရားတွေ မဟုတ်ကြဘူး။
တချို့လူတွေက အလုပ်ခွင်မှာ ချမ်းသာမှုကို ရှာကြတယ်။ ဒီနားမှာ စက်ရုံလေးဖွင့်လိုက်၊ ဟိုနားမှာ ကုမ္ပဏီ လေးထောင်လိုက်၊ ပြည်တွင်းမှာ ဖက်စပ်လုပ်ငန်းကြီး တစ်ခုထောင်လိုက်၊ ပြည်ပမှာ တစ်ခုထောင်လိုက်နဲ့ လုပ်တတ်တယ်။ စာရင်းတွေ၊ လက်ကျန် ရှင်းတမ်းတွေနဲ့ အလုပ်ရှုပ်။ ဖောက်သည်တွေ၊ ပစ္စည်းသွင်းသူတွေ၊ ၀န်ထမ်းတွေနဲ့ ဗျာများရင်း တာဝန်ကြီးကြီးတွေ ထမ်းနေကြတယ်။ သူတို့က ဆင်းရဲတဲ့ ချမ်းသာသူတွေ ဖြစ်လာကြတယ်။ ဘယ်မှာလဲ ချမ်းသာသုခ၊ တချို့လူတွေက တောထဲ၊ တောင်ထဲမှာ ချမ်းသာသုခကို ရှာဖွေ ကြတယ်။ သူတို့အတွက် လေပြည်လေညှင်းတွေနဲ့ ပြည့်ပြည့်ဝန်းဝန်း လမင်းကြီးက ချမ်းသာသုခပဲ။ တချို့က ရိုးစင်းတဲ့ ဘ၀မှာ နေကြတယ်။ ရသမျှနဲ့၊ ကျေနပ်ကြ၊ ရောင့်ရဲကြ၊ တင်းတိမ်ကြတယ်။ တချို့က စာအုပ်တွေဖတ်၊ စာသမုဒ္ဒရာထဲမှာ နစ်မြှုပ်ပြီး စိတ်ကိုအခြေချလို့ ဉာဏ်ပညာရဲ့ အရင်းအမြစ်တွေကို လိုက်ရှာ ကြတယ်။ ဘ၀မှာ ချမ်းသာသုခကို ရှာဖွေကြတယ်။
ချမ်းသာသုခဆိုတာ ငြိမ်းချမ်းမှု၊ ကြင်နာမှု၊ အနှောင်အဖွဲ့ လွတ်ကင်းမှု၊ ရောင့်ရဲမှုပါပဲ။ တကယ်တော့ ချမ်းသာ သုခကို အပြင်မှာ လိုက်ရှာနေပေမယ့် နှလုံးသားထဲမှာပဲ ရှိပါတယ်။ ငှက်တစ်ကောင်ကို ဘာဖြစ်လို့ ကောင်းကင်မှာ ပျံရသလဲမေးရင် ကောင်းကင်မှာ ချမ်းသာသုခရှိလို့ ပေါ့လို့ဖြေမယ်။ ငါးတစ်ကောင်ကို ဘာလို့ ရေကူးနေရသလဲလို့မေးရင် ရေထဲမှာ ချမ်းသာသုခရှိလို့ ပေါ့လို့ဖြေမယ်။ လူတွေက ဘာလို့ ဟိုပြေးဒီပြေး လုပ်နေကြသလဲလို့မေးရင် လောကကြီးထဲမှာ အဆက်အသွယ် ကျယ်ကျယ်ပြန့်ပြန့် ရအောင်လုပ်ရင်း လူ့ အဖွဲ့အစည်းကို အကျိုးပြုရင်းနဲ့ ချမ်းသာသုခကို ရနိုင်လို့လို့ ဖြေမယ်။
သက်

ဆက်လက်ဖတ်ရှုပါရန်...

Monday, February 2, 2009

အလွမ်းည သံသရာ

အချစ်မရှိခင်က

ညစဉ်မှာ

လ မျက်နှာ ရှု့စား

ရေနွေးကြမ်း တစ်ကရားနဲ့

အငြင်းပွားကြတယ်

အပေါင်းအသင်းများနဲ့။

ချစ်သူနဲ့တွေ့တော့

အားလုံးကိုမေ့

အလွမ်းတွေတစ်ပွေ့နဲ့

နေ့ညသံသရာ

အလွမ်းကဗျာ

ပေစာအထပ်ထပ်

ရေးစပ်လျက်သာ

ညမျက်နှာမှာ

သာယာကြည်နူး အပြုံးများနဲ့။

ချစ်သူသက်လယ်

ဖယ်ခွာအဝေး

ရှောင်ပြေးလေတော့

ရင်မှာဆွေးပြီ

နေခြည်မှေးစက်

ညဥ့်နက်မှာပင်

ရင်တမမ

နွမ်းလျလျနဲ့

အလွမ်းည သံသရာ

မခံသာနိုင်ပြီ

အာရုံမိုးသောက် အမြန်ရောက်ပါစေ။


(ကျွန်တော့်အစ်ကိုကြီး စူးချစ်ရဲ့ ကဗျာကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။ အစ်ကိုကြီး ပျော်ရွှင်ပါစေ)

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

Sunday, January 11, 2009

နှလုံးအေးတဲ့ဆေး

လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်
ပြောတိုင်းမရ ဒေါမထနှင့်
ကြံတိုင်းမမြောက် စိတ်မပေါက်နှင့်
ဆင်းရဲကြုံမှု မညည်းညူနှင့်
ပျက်စီးတိုင်းလျှင် မပူပင်နှင့်
အာရုံဟူသမျှ မတောင့်တနှင့်
အရာရာမျိုး စိတ်မဆိုးနှင့်
သိဥာဏ်မလိုက် သင်မိုက်နှင့်
ဗုဒ္ဓတရား မေ့မထားနှင့်
ဆုံးမတိုင်းသာ ကျင့်ကြံပါက
ဘယ်မှာနိဗ္ဗာန် ဝေးမည်နည်း

ဆက်လက်ဖတ်ရှုပါရန်...

Friday, December 19, 2008

ဆင်းရဲခြင်း

ကျဉ်းမြောင်းလှစွာ ထိုနေရာ

မစင်အတိ ပြီးသောအခါ

နေရသူမှာ ဆင်းရဲလှ

ဒုက္ခ ကြုံပေရ။

ထို့ထက်မက ဆင်းရဲတာ

မချစ်သူနှင့် အတူသာ

နေပါလေရ ဆင်းရဲစွ

ချမ်းသာ ကင်းမဲ့လှ။

ထိုမှဆက်၍ တွေးပါမူ

ကျေးဇူး မသိတတ်သောသူ

ထိုသူနှင့်သာ နေပါရ

ဆင်းရဲပို၍ ကြီးပေစွ။

သက်

ဆက်လက်ဖတ်ရှုပါရန်...

Friday, December 12, 2008

မိခင်တို့ အောင်ပွဲ

ဗိုက်ကလေးတဲ့ ပုံပုံရယ်ပူ

ပြုံးတုံလှယ်သူပျော်မိ။


သားကောင်းစံနေတာလား

သမီးအလိမ္မာခိုနေတာလား

ရင်များတောင်လှိုက်ဖို၏

မိခင်ပီတိ။


သေမင်းနှင့်ရင်ဆိုင်

အောင်နိုင်ရန်အံခဲ။


အူဝဲသံစာညံတော့

နွမ်းဖျော့ကာ

မိန်းမောသမျှတွေလည်း

လေထဲမှာ လွင့်ပါးသွားသလိုပေါ့

ခေါင်းမော့ကာမျက်လွှာပင့်

မိခင်အောင်ပွဲ။


(မေမေဂျယ်လီမှ ပြုလုပ်သော “မိခင်မေတ္တာ” ကဗျာပြိုင်ပွဲတွင် ပထမဆုရ နန္ဒာသိန်း (ဘုတလင်)၏ ကဗျာအား ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

မေတ္တာများဖြင့်ခရီးဆက်ပါ

ဒီကမ္ဘာကြီးမှာ အလိုအပ်ဆုံးအရာဟာ ဘာလဲလို့မေးရင် မေတ္တာပဲလို့ ကောက်ခါငင်ကာ ဖြေလိုက်ချင်ပါတယ်။ မေတ္တာဟာ အလျားအနံ မရှိပေမဲ့ အသွားအပြန်တော့ ရှိတယ်လို့ ဆိုကြတယ်လေ။ မေတ္တာရဲ့ သဘောဟာ အေးမြခြင်း၊ သူတစ်ပါး အကျိုးကို လိုလားခြင်း၊ တပ်မက်မှု ကင်းမဲ့ခြင်း လို့လည်း ဆိုနိုင်တယ်လေ။
ဒီနေ့ ကမ္ဘာကြီးမှာ မေတ္တာ တရားခေါင်းပါး လာတယ်လို့ပြောရင် မှားမယ်မထင်ဘူး။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာ ဆိုတာတွေကို လက်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေ အတော်လေးကို နဲပါးလာကြတယ်။ ၀မ်းနဲစရာပဲ။ သက်ရှိတို့ အတွက် ရေတို့ လေတို့ မရှိမဖြစ်လိုအပ်သလို မေတ္တာဟာလည်း လိုအပ်တာပဲလေ။ မြတ်ဗုဒ္ဓဟူးဟာ ရန်သူတွေကို မေတ္တာတရားနဲ့ အောင်မြင်တော်မူခဲ့တယ်။ မေတ္တာနဲ့ပေးတဲ့ဆေးဟာအစွမ်းထက်တယ်။ မေတ္တာနဲ့ပြောတဲ့စကားဟာ တန်ခိုးကြီးတယ်။ မြတ်စွာဘုရားရဲ့ ဦးခေါင်းတော် ထက်က ဖြာထွက်နေတဲ့ ရောင်ခြည်တော်တွေဟာ မေတ္တာရဲ့ရောင်ခြည်တော်တွေပဲ။

သူကောင်းမှ ကိုယ်ကောင်း မယ်ဆိုရင် ကိုယ်လည်းမကောင်းတဲ့ အထဲပါသွားလိမ့်မယ်။ သူမကောင်းလည် ကိုယ်ကောင်းလိုက်ပါ။ သူမကောင်းတိုင် ကိုယ်မကောင်းဘူးဆိုရင် ကမ္ဘာကြီး လည်နေတာ ရပ်သွားလိမ့်မယ်။ ကမ္ဘာကြီး ဆက်လည်ပတ် လို့ရအောင် မေတ္တာထားစမ်းပါလို့ တိုက်တွန်းချင်တယ်။ ရက်စက်မှုတွေ၊ ကောက်ကျစ်မှု တွေနှင့်သာပြည့် နေသော ဒီကမ္ဘကြီးမှာ မေတ္တာများဖြင့် ခရီးဆက်ပါဟု ပြောသာပြောရသည်။ အားတော့မရှိလှပါ။ မလွယ်လှပါ။ ထိုမလွယ်သော အလုပ်ကို လုပ်နိုင်သူသည် ပညာရှိ သူတော်ကောင်းဖြစ်သည်။ သူငယ်ချင်းကို ပညာရှိ သူတော်ကောင်းကြီး ဖြစ်စေချင်သည်။ မေတ္တာများဖြင့် ဘ၀ခရီးကိုဆက်ပါ။

ကျော်နိုင်တင့်


ဆက်လက်ဖတ်ရှုပါရန်...

Thursday, December 11, 2008

သူငယ်ချင်းသို့

သူငယ်ချင်းရေ . . .

ဘ၀ဟာ ကော်ဖီခါးတစ်ခွက်ဆိုရင်

တစ်ယောက်တစ်ဝက်ခွဲဝေ

အတူသောက်ကြမယ်လေ . . . ။

အခက်အခဲတွေ ဘယ်လောက်ရှိရှိ

မကြောက်သည့်ဇွဲနဲ့

လက်တွဲဖြေရှင်းကြမယ်နော် . . . ။

ပျော်စရာလည်း အတူတူ . . .

စိတ်ညစ်စရာ ဟူသမျှလည်း

မဖုံးကွယ်ကြေး . . .

နွေးထွေးတဲ့ သံယောဇဉ်ဖြူတွေနဲ့

ထာဝရရင်းနှီးကြရအောင် . . .။

ဒီဇင်ဘာ ၁၄ရက်မှာ ကျရောက်မယ့် သူငယ်ချင်းများနေ့ အထိမ်းအမှတ်အတွက်ပေါ့။ သူငယ်ချင်းများ အားလုံးလည်း ကိုယ့်နဲ့အတူ ကောင်းတူဆိုးဖက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက် သူငယ်ချင်းများနဲ့ ထာဝရလက်တွဲပြီး ပျော်ရွှင်စွာနေသွားနိုင်ပါစေလို့ သက်ဆုတောင်းပေးပါတယ်။

သက်

ဆက်လက်ဖတ်ရှုပါရန်...

Wednesday, December 10, 2008

ကျွန်တော်မဟုတ်တဲ့ ကျွန်တော်

ကျွန်တော် မဟုတ်ပေမယ့်လို့ ကျွန်တော့်အစား ကျွန်တော် ခံစားရသကဲ့သို့ နာကျင်နေသူ နှစ်ယောက် ရှိပါတယ်။ ကျွန်တော်မှာ့ တင်မဟုတ်ပါဘူး။ လူသားအားလုံး၊ သက်ရှိအားလုံးလို့ ပြောရင် ပိုပြည့်စုံပါလိမ့်မယ်။ ပိုပြည့်စုံအောင် ပြောရရင် ကျွန်တော်တို့ရဲ့ မိဘနှစ်ပါးပါပဲ။ မိဘနှစ်ပါးမှာမှ ကျွန်တော် အမေ့အကြောင်း ပြောချင်ပါတယ်။ ကျွန်တော့် အမေဟာ ကျွန်တော် တစ်ခုခု ခံစားရတာနဲ့ သူခံစားရသလိုပါပဲ။ တစ်ခါတစ်ရံ ကျွန်တော့် ထက်တောင် ပိုမလားပဲ။ ကျွန်တော် ပျော်ရွှင်နေရင် သူပျော်ရွှင်နေပါတယ်။ ကျွန်တော့် အကြောင်းကို ကျွန်တော့်ထက် သိတဲ့ သူဆိုရင်လည်း မမှားပါဘူး။ ပိုလွန်းတယ်လို့လည်း မထင်စေချင်ပါဘူး။ ကျွန်တော့် အတွက် အရာရာကို ရင်ဆိုင်ပါတယ်။ ကျွန်တော်အတွက် လူဆိုးကြီးဖြစ်ရလည်း ဖြစ်တာပဲ။ ကျွန်တော့်အတွက် ဘာမဆို သူ ဖြစ်နိုင်ပါတယ်/ ဖြစ်ရဲပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော် သူ့ကို ပြောဖူးပါတယ်။ အမေဖြစ်တာမှ မဟုတ်တာ ကျွန်တော့် ဘာသာ ဘာဖြစ်ဖြစ်ပေါ့။ သူများတကာကို ဘာမှ သွားမပြောပါနဲ့ပေါ့။ အမေကတော့ ဘာမှ ပြန်မပြောပါဘူး။ ပြုံးပြီး ကျွန်တော့်ကို တစ်ချိန် ဒီနေရာကို နင်ရောက်လာတဲ့ တစ်နေ့ကျရင် နင့်သားသမီးက နင့်ကို ဒီလို မပြောပါစေနဲ့လို့ပဲ ငါဆုတောင်းပါတယ်၊ နင်လည်း ဆုတောင်းပါတဲ့။ ကျွန်တော့် သူငယ်ချင်းတွေကလည်း မင်းအမေက လွန်လွန်းပါတယ်ကွာ ငါတို့အမေဆိုရင် ဒီလို မဖြစ်ပါဘူးတဲ့။ ဟုတ်မှာပါ၊ လူတစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူသလို အမေတစ်ယောက်ရဲ့ အတ္တချင်းလည်း တူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သားသမီးတွေ အတွက်၊ သားသမီးတွေ အရေးက သူ့အရေးထက် ပိုအရေးကြီးကြတာချင်းတော့ တူကြမှာပါ။ သူတို့ရဲ့ တုနှိုင်းလို့ မရတဲ့ မေတ္တာတရားတွေတော့ တူကြမှာပါ။ သူတို့ အသက်ထက်ကို ပိုတန်ဖိုးထား ကြတာချင်းလည်း တူကြမှာပါ။ အမေဟာ ကျွန်တော်တို့ကို စပြီး သန္ဓေရှိစဉ်ကတည်းက ကျွန်တော်တို့ဟာ သူရဲ့ ဒုတိယမြောက် အသက်ရူခြင်းနဲ့ ဒုတိယ အသက်ရှင်ခြင်း/ ဒုတိယအသက်အဖြစ် သတ်မှတ်ခဲ့တာပါ။ ကျွန်တော် ဆက်ရေးမယ်ဆိုလည်း သူ့ရဲ့ ကျွန်တော့်အပေါ်ထားတဲ့/ ကျွန်တော်တို့ အပေါ်ထားတဲ့ မေတ္တာတရားတွေ၊ ချစ်ခြင်းတွေကို ပြောလို့ ကုန်မယ် မထင်ပါဘူး။ လူဖြစ်စေ၊ တိရိစ္ဆာန်ဖြစ်စေ ကျွန်တော် မဟုတ်တဲ့ ကျွန်တော်ဖြစ်တဲ့ အမေတွေရဲ့ ချစ်ခြင်းတွေက အားလုံး တထပ်တည်းပါပဲ။ အသိဉာဏ် ကွာဟမှုသာ ရှိပြီး မေတ္တာ တရားအားလုံးကတော့ အတူတူ ဖြစ်မှာပါ။ သူကတော့ ကျွန်တော့်အပေါ် ဒီလောက် ချစ်သလောက်၊ ဒီလောက် လုပ်ပေး သလောက် ကျွန်တော်ကရော သူ့အတွက် ဘာတွေ လုပ်ပေးခဲ့ဖူးသလဲ၊ သူ့အစား ဘယ်လောက် ခံစားပေးဖူးသလဲ စဉ်းစားကြည့်မိတော့ အရာထင်လောက်အောင် ဘာမှမလုပ်ပေးခဲ့ဖူးသလို၊ ဘာမှလည်း သူ့အစား မခံစားပေးခဲ့ဖူးပါဘူး။ သူငယ်ချင်းတွေရော ကျွန်တော် မဟုတ်တဲ့ ကျွန်တော်၊ ကျွန်တော်တို့ မဟုတ်တဲ့ ကျွန်တော်တို့ကို ဘာတွေများ နားလည်ပေးဖူးသလဲ၊ ကျွန်တော်ကတော့ သူ့အပေါ် ဘာမှ နားမလည်ပေးခဲ့ဖူးပါဘူး။ ဒါပေမယ့် ဒီကနေ့ကစပြီး ကျွန်တော် မဟုတ်တဲ့ ကျွန်တော်ဖြစ်တဲ့ အမေ့ကို တန်ဖိုးထား လေးစားစွာ ချစ်သွားမယ်လို့ ဖွင့်ဟ ၀န်ခံရင်း . . .

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

Tuesday, December 9, 2008

အလှကိုယ်စီ

ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်

မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အဆွယ်နှင့်

စံပယ်ဖူးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်

ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်

မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်

စမ်းချောင်းတွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်

မည်သည့်အရာ မဆိုသာတည့် သူ့မှာကိုယ့်မှာ အလှသာတည့်။

သဘာဝလျှင် အလှကိုယ်စီ စွမ်းရည်ကိုယ်ငှ လက်ဆောင်ငှ၏

အလှပန်းတို့ မငြင်ငြိုနှင့် ၀န်တိုမှုသာ မလှရာ၏

သူ့ဂုဏ် သူ့သိန် သူ့အရှိန်နှင့် အချိန်အခါ နေရာဒေသ

ဌာနအလျောက် အရေးရောက်သည် စွမ်းနိုင်လောက်သူ

ချည်းပါတကား။

ဆရာတင်မိုး၏ ကဗျာအား ခံစားမျှဝေပေးပါသည်။

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

Monday, December 8, 2008

လိုချင်ရင် . . . ပေးပါ

ဘ၀မှာ၊ လောကမှာ ကိုယ်လိုချင်တာ တစ်ခု ရဖို့အတွက် တစ်ခုတော့ ပေးရတယ်ဆိုတာ ဘယ်တော့မှ လက်မခံလို့ မရတဲ့ အမှန်တရား တစ်ခုပါ။ ချစ်ခြင်း မေတ္တာရဖို့အတွက် ကိုယ့်ဆီက ချစ်ခြင်း မေတ္တာကို ပေးရသလို၊ ကိုယ်ရဲ့ လိုချင်မှုတစ်ခုအတွက် ထိုက်တန်တဲ့ အရာတစ်ခုကိုတော့ ပေးကြရမှာပါ။ လူအများရဲ့ ချစ်ခင်မှုကို လိုချင်ပေမယ့် ကိုယ့်ဆီမှာ လူအများကို ချစ်ခင်တဲ့ စိတ်လေးထားဖို့တောင် ၀န်လေးနေမယ် ဆိုရင် ဘယ်တော့မှ အဲဒီ ချစ်ခင်မှုကို ရမှာ မဟုတ်ပါဘူး။ အပြန်အလှန် ဆိုတဲ့ သဘောပါပဲ။ စစ်မှန်တဲ့ ကြင်နာမှုကို ရရှိဖို့ ကိုယ့်ဆီက စစ်မှန်တဲ့ ကြင်နာမှုကို အရင်ဆုံးပေးပါ။ တူညီတဲ့ တုန့်ပြန်မှုကို ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ကို အများတကာက မုန်းနေတယ် ဆိုရင် ကိုယ်က အဲဒီ အများကို မုန်းနေလို့ ဖြစ်မှာပါလို့ ယုံကြည်ပါတယ်။ ကိုယ့်ကို အများတကာက မုန်းနေတယ် ဆိုပေမယ့် သူတို့ကို ပြန်မမုန်းဘဲ မေတ္တာထားမယ် ဆိုရင် တစ်ချိန်မှာ ကိုယ့်ကို ပြန်လည် မေတ္တာထား လာလိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ခက်ခဲမယ်၊ စိတ်မရှည်စရာ ဆိုပေမယ့် ကိုယ်လိုချင်တဲ့ အရာအတွက် ပေးသင့်တယ်လို့ ထင်ပါတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတာ ကျွန်တော် မပြောလည်း သိပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ လောကကြီးထဲမှာ စစ်မှန်တဲ့ ကြင်နာမှုထက် အမုန်း အာဃာတတွေ၊ မာနတွေ၊ မောဟတွေနဲ့ တစ်ဦးနဲ့ တစ်ဦး ထိုးနှက်မှုတွေက ပိုများနေပါတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် စစ်မှန်တဲ့ ကြင်နာမှု မေတ္တာတွေ အများအပြား လိုအပ်ပါတယ်။ ဒါကြောင့် အများနဲ့ တစ်ယောက် ဆိုပေမယ့်လည်း ကိုယ်လိုချင်တဲ့ စစ်မှန်တဲ့ ကြင်နာမှု ရရှိဖို့အတွက် စစ်မှန်တဲ့ ကြင်နာမှုများ ပေးနိုင်ပါစေလို့ တောင်းဆု ပြုရင်း . . .

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

သင်သေသွားသော်

သြော် . . . လူပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့် ။

သို့ပြီးတကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း။

ဇော်ဂျီ
အိုးဝေမဂ္ဂဇင်း၊ အတွဲ-၅၊ အမှတ်-၁၊ ဒီဇင်ဘာ ၁၉၃၅။

ဆက်လက်ဖတ်ရှုပါရန်...

Friday, December 5, 2008

ဒေါသတွေထိန်းချုပ် လျှော့ဖို့ . . .

လူပဲ . . . ဒေါသနဲ့တော့ ဘယ်ကင်းပါ့မလဲနော်။ ဖြစ်သင့်တဲ့ အချိန်မှာ၊ ထွက်သင့်တဲ့ လူအပေါ် ထွက်မိရင်တော့ တော်သေးတာ ပေါ့။ ဒါပေမယ့် ဒေသနောက် အမှားပါ တတ်တာမို့ ထိန်းနိုင်ရင် အကောင်းဆုံး ပါပဲလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်တိုင်က တိုက်တွန်းပေမယ့် အခုချိန်ထိတော့ ကျွန်မလည်း ဒီဒေါသကို ထိန်းမနိုင်သေးပါဘူး။ ဒေါသကြောင့် အမှားလုပ်မိတာ၊ အမှား ပြောမိတာ တွေကိုတော့ အနည်းဆုံး ရှောင်ရှားနေပါတယ်။ ဒါကြောင့် သူငယ်ချင်းများလည်း ဒေါသထွက် လာတဲ့အခါမှာ ဒီလို နည်းလမ်းလေးတွေနဲ့ ဖြေလျော့ကြည့်ပေါ့။
၁။ အလကားနေ ဒေါသထွက် တတ်ရင်တော့ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု ရှာသင့်ပါပြီ။ အားရပါးရ ပေါက်ကွဲဖို့ပေါ့။ ကိုယ် မကျေနပ်တဲ့ လူနဲ့ အကြောင်းအရာကို အဲဒီမှာ ပြေပျောက်တဲ့အထိ စိတ်ကြိုက်အော်ပြီး ဒေါသတွေ လျှော့ပါ။
၂။ သင်အရမ်း ဒေါသထွက်နေပြီ။ ဒါဆို စိတ်ရောကိုယ်ပါ ငြိမ်သက်သွားစေဖို့ အသက်ကို ပြင်းပြင်းရှုရှုပေးပါ။ စိတ်ထဲက တင်းကျပ် နေတာတွေ နည်းနည်းတော့ လျော့သွားမှာပါ။
၃။ တစ်ကနေ ၁၀အထိ ရေကြည့်မယ်။ တစ် . . . နှစ် . . . သုံး . . .။ ဒါလည်း ထိရောက်တဲ့ နည်းလမ်းပါပဲ။ နံပါတ်တွေကို တစ်ခုချင်း ရေရင်းနဲ့ သင့်ရဲ့လက်ရှိ တင်းကျပ်မှုတွေကို မေ့သွားပါလိမ့်မယ်။
၎။ လမ်းထလျှောက်လိုက်။ ပျော်စရာ သီချင်းလေးတွေကို လေချွန်ရင်း ရင်ထဲက မကျေလည်မှုတွေကို ဖြေလျော့တာလည်း ပြေရာ ပြေကြောင်း တစ်ခုပါပဲ။
၅။ ငြိမ်ငြိမ် သက်သက်လေး နေလိုက်ပြီး ကိုယ်ဘာကြောင့် ဒေါသထွက် နေရလဲ။ ဘာကိုလဲ။ သေသေချာချာ စဉ်းစား အဖြေ ရှာကြည့်ပါ။ တစ်ခုခုကို မလုပ်ခင် သေချာဆန်းစစ် ကြည့်တဲ့ အနေအထားမျိုးနဲ့ သင့်ရဲ့ ဒေါသကို သုံးသပ်ကြည့်ပါ။ ဘာကြောင့်လဲ ဆိုတာသိရင် ဖြေရှင်းဖို့ အတွက်လည်း သိလာမှာပေါ့။
၆။ တချို့ လူတွေကတော့ ဒေါသထွက်ရင် ဖြေရှင်းတဲ့ နည်းလမ်းကတော့ ရိုးရိုးလေးပါပဲ။ သီချင်းနားထောင်တာတဲ့။ ကိုယ်ကြိုက်တဲ့ သီချင်း၊ တေးသွားမှာ နစ်မျော နေတာကလည်း ဒေါသတွေ မေ့ပျောက်သွားစေမယ့် နည်းလမ်းတစ်ခုပါပဲ။
ကျွန်မကတော့ အခု ရေးသားဖော်ပြခဲ့တဲ့ ဒေါသတွေထိန်းချုပ်ဖို့ နည်းလမ်း ၆သွယ်ထဲက နံပါတ် ၆ဆိုတဲ့ နည်းလမ်းနဲ့ပဲ အခုချိန်ထိ ဖြေရှုင်းနေပါတယ်။ ဒါပေမယ့် မလွယ်တော့ မလွယ်ပါဘူး။ ဒေါသထွက်အောင် လုပ်ထားတဲ့ လူကို မြင်နေတာနဲ့ အလိုလို စိတ်က ဒေါသတွေ ထွက်နေတာပဲ။ အမြန် မေ့ပျောက်ဖို့ ဆိုတာ ခက်ခဲပါတယ်။
လူဆိုတာကလည်း အတ္တ၊ မာန တွေနဲ့ တည်ဆောက် ထားတဲ့ သူတွေဆိုတော့ ကိုယ့်ကိုနည်းနည်းလေး စိတ်တိုအောင် ပြောမိလုပ်မိရင် သည်းညည်းခံတဲ့ လူတွေမှ မဟုတ်တာ။ အဲဒီတော့ ခက်နေတာပေါ့။ သူငယ်ချင်း တို့တွေလည်း ကျွန်မလိုမျိုး မဖြစ်အောင် ဆင်ခြင်ပြီးနေနော်။
ဒေါသထွက်တယ်ဆိုတာ မကောင်းပါဘူးလို့ သိပေမယ့် အမြဲတမ်း ဒေါသထွက်နေရင်တော့ မကောင်းဘူးပေါ့။ ထွက်သင့်တဲ့ အခါမှ ဒေါသထွက်ပါလို့ တိုက်တွန်းရင်း ကျွန်မလည်း ဒေါသတွေကို ခဏခဏ မထွက်မိအောင် ကြိုးစားပြီး နေထိုင်သွားမှာပါလို့ ပြောချင်ပါတယ်။
သက်

ဆက်လက်ဖတ်ရှုပါရန်...

Thursday, December 4, 2008

သူ့ကြောင့်ပဲ

လောကတွင် အချစ်ဆိုသည့် အရာသည် အလွန်နက်နဲ ရှုပ်ထွေးပြီး လျှို့ဝှက်ချက် များသည့် အရာဟု ကျွန်တော် ထင်မိပါသည်။ တစ်ခါတစ်ရံ အလွန်နူးညံ့သကဲ့သို့ တစ်ခါတစ်ရံ အလွန် ခက်ထန် မာကြောတတ်ပါသည်။ အချစ်သည် လူတွေကို ရုပ်သေးရုပ် သဖွယ် အသက်အရွယ် မရွေး၊ အချိန်အခါ မရွေး၊ နေရာ မရွေး ငိုစေ၊ ရယ်စေ၊ ၀မ်းနည်းစေ၊ ပျော်ရွှင်စေ၊ ကြည်နူးစေပါသည်။ ဘ၀မှာ အံ့သြဖွယ်တွေ ဖန်တီးတတ်တဲ့ အရာဟာ ခြွင်းချက်အနေနဲ့ အချစ်လို့ပဲ ပြောချင်ပါတယ်။ သူ့ကြောင့်ပဲ ၀မ်းနည်းရ၊ သူ့ကြောင့်ပဲ ပျော်ရွှင်ရပြီး သူ့ကြောင့်ပဲ ခံစားရကာ သူ့ကြောင့်ပဲ သေချင်နေရာကနေ လူတစ်ယောက် အဖြစ် ဆက်လက် ရှင်သန်ချင် လာရပါတယ်။ အချစ်ဆိုတဲ့ အရာကြောင့် စိတ်ကူးထဲမှာရော၊ လက်တွေ့မှာရော ခံစားမှု အမျိုးမျိုးကို ပေးစွမ်းနိုင်ပါတယ်။ အချစ်ဟာ ပကတိ ရိုးသားပြီး ဖြူစင်ပါတယ်။ သူနဲ့သာဆိုရင် တဲအိုပျက်မှာ နေရ နေရ၊ ထမင်းရည်ပဲ အတူလျှက်ရ လျှက်ရ ဆိုတဲ့ အချစ်ကို ဖွဲ့နွဲ့ထားတဲ့ စာသားတွေဟာ တကယ့် လူ့ဘ၀ကို ရင်မဆိုင်ပဲ အချစ်ကိုပဲ ဦးတည် စဉ်းစားမယ် ဆိုရင် အဲဒီစာသားဟာ မှန်ပါတယ်။ အချစ်ဆိုတဲ့ အရာ လူတစ်ယောက် ရင်ထဲကို ရောက်လာပြီဆိုရင် ဘာမဆိုကို ရင်ဆိုင်ဖို့ ၀န်မလေးတတ်သလို ချစ်သူအတွက် သူရဲကောင်း ဖြစ်ချင်လာကြပါတယ်။ ချစ်သူအတွက် ကလေးဆိုးလည်း ဖြစ်လာချင် ပါတယ်။ အချစ်ကြောင့် တစ်ခါတစ်ရံမှာ ပန်းပွင့်လေးလို နူးညံ့လာသလို တစ်ခါတစ်ရံမှာ ဓါးလိုပဲ ထက်မြက် လာတတ်ပါတယ်။ သိမ်မွေ့ပြီး ထိရောက်တဲ့ လူသတ် လက်နက်တွေထဲမှာ အချစ်ပါသလို သိမ်မွေ့ ထိရောက်တဲ့ အားဆေးတွေထဲမှာ အချစ်လည်း ပါပါတယ်။ အချစ်ကြောင့် လူသတ်သမား ဖြစ်လာတတ်သလို အချစ်ကြောင့် အားအင် အပြည့်နဲ့ မထင်မှတ်ထားတဲ့ အရာတွေကို စွမ်းဆောင် လာစေပါတယ်။ အချစ်ကို ဦးတည် တန်ဖိုးထားသူတွေ အတွက် အတားအဆီး ဆိုတာ မရှိပါဘူး။ အတားအဆီး အားလုံးကို အချစ်က ပယ်ရှားစေပါတယ်။ အချစ်ကို ဘယ်လိုပဲ အဓိပ္ပါယ်တွေ ဖွင့်ဆိုပါစေ သူ့ရဲ့ မမြင်နိုင်တဲ့ စွမ်းအားတွေကို ဘယ်အရာကမှ လိုက်မီမှာ မဟုတ်ပါဘူး။ တစ်ချို့ဆိုရင် အချစ်အတွက်ပဲ အသက်ရှင်နေရသလို အရူးအမူး ခံစားနေသူတွေကို တွေ့ဖူးပါတယ်။ ကျွန်တော်က အချစ်ကို အကောင်းဘက်က အများဆုံး ရေးထားပေမယ့် အချစ်ကြောင့်ပဲ ဘ၀ပျက် မတတ် ခံစားနေရသူတွေ ဘ၀ဆုံးသွားသူတွေ အများကြီးလည်း ရှိပါတယ်။ အချစ်ရဲ့ နူးညံ့သိမ်မွေ့မှုအပေါ် ခံစားလွန်းပြီး ထိန်းသိမ်းနိုင်မှုတွေ လျော့ရဲပြီး ဘ၀ကို ဆောက်တည်ရာ မရ ဖြစ်ခဲ့ရသူတွေလည်း အများကြီး ရှိပါတယ်။ ဒါကြောင့် သူ့ကြောင့်ပဲ ၀မ်းနည်းရ၊ သူ့ကြောင့်ပဲ ပျော်ရွှင်ရ၊ သူ့ကြောင့်ပဲ ခံစားရ၊ သူ့ကြောင့်ပဲ လူတစ်ယောက် အဖြစ် ဆက်လက် ရှင်သန်ချင်စိတ်တွေ ဖြစ်စေတဲ့ သိမ့်မွေ့နူးညံ့တဲ့ အချစ်ကို တန်ဖိုးထား မြတ်နိုးစွာနဲ့ ထိန်းထိန်း သိမ်းသိမ်း ချစ်တတ်ကြဖို့ တိုက်တွန်းရင်း . . .

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

Monday, December 1, 2008

စကားနှစ်ခွန်း

လွန်ခဲ့သည့် ရက်က ကျွန်တော် ကြည့်မိသော ကိုရီးယားဇာတ်လမ်း တစ်ခုတွင် အိမ်ထောင်ရေး အဆင်ပြေစေဖို့ “တောင်းပန်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ချစ်တယ်” ဆိုတဲ့ စကားသုံးခွန်းတည်းနှင့် အိမ်ထောင်ရေး အဆင်ပြေအောင် လုပ်လို့ရတယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော်လည်း ဒါကို စဉ်းစား ကြည့်မိတော့ မှန်သည်ဟု ထင်ပါသည်။ အိမ်ထောင်ရေးအတွက်တော့ မဟုတ်ပါ။ အခြားကိစ္စရပ်များတွင် “တောင်းပန်ပါတယ်၊ ကျေးဇူးတင်ပါတယ်” ဆိုသည့် စကားနှစ်ခွန်း ပြောရုံနှင့် ကိစ္စ အတော်များများ အဆင်ပြေသည်ဟု ကျွန်တော် ထင်မိပါသည်။ လောကမှာ လူတိုင်း (လူတော်တော် များများ)သည် ကိစ္စအားလုံးတွင် ကျေးဇူးတင်ဖို့နှင့် တောင်းပန် စကားပြောဖို့ အလွန် ၀န်လေးကြသည်။ ကျွန်တော် ဆိုရင်လည်း ကိစ္စတစ်ခု မှားသွားလို့ တောင်းပန်ရမှာကို ဘာကို ၀န်လေးမှန်းမသိ ၀န်လေး နေတတ်သည်။ သူများ ကူညီလို့ ကျေးဇူးတင်ရမှာကိုလည်း ဘယ်လိုမှန်းမသိ ၀န်လေးနေမိပြန်သည်။ ကိုယ်ကသာ သူများကို တောင်းပန်ရမှာ၊ ကျေးဇူးတင်ရမှာကို ၀န်လေးနေတတ်ပေမယ့် သူများက ကိုယ့်ကို တောင်းပန်ရမှာ၊ ကျေးဇူးတင်ရမှာ ၀န်လေး နေတတ်တာကို အပြစ်မြင်မိသည်။ လူတိုင်းဟာ အထူးသဖြင့် ကျေးဇူးတင်ရမှာထက် တောင်းပန်ရမှာကို ပိုပြီး ၀န်လေးတတ်ပါတယ်။ ကိုယ့်ထက် ငယ်တဲ့သူအပေါ်၊ ကိုယ့်ငယ်သားအပေါ်၊ ကိုယ့်ထက် နိမ့်ကျသူ (လူတစ်ချို့၏ သတ်မှတ်မှု)အပေါ် အမှားပြုလုပ်မိလို့ မှားမှန်းသိတဲ့အခါ တောင်းပန်ဖို့ ပိုပြီး ၀န်လေး နေတတ်ပါတယ်။ တစ်ချို့ဆိုရင် ကိုယ့် ငယ်သား ထောက်ပြတဲ့ ကိုယ့်အမှားကို မှားမှန်းသိပေမယ့် မှားတယ်လို့ ၀န်ခံလိုက်ရင် သိက္ခာကျမှာ စိုးတာနဲ့ ကိုယ်လုပ်တာ မှန်တယ်ဆိုပြီး မရမက တင်းခံထားတတ်ပါတယ်။ တော်ရုံ ကိစ္စမျိုးမှာ အရေးမကြီးပေမယ့် အားလုံး ဒုက္ခရောက်မယ့် ကိစ္စမျိုးမှာတော့ သူ့ရဲ့ တင်းခံထားမှုကြောင့် အဖွဲ့အစည်းဟာ ပျက်စီးသွား တတ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းမှာ တစ်ဦးကို တစ်ဦး လေးစားမှု အပြန်အလှန်ထားပြီး ကိုယ်က သူများအပေါ် အမှားလုပ်မိရင် တောင်းပန်လို့၊ ကိုယ်အပေါ် သူများက ကူညီပေးတဲ့အခါ အပြန်အလှန် ကျေးဇူးတင်လို့ နှစ်ခွန်းတည်းသော စကားလေးကို လက်ကိုင်ပြုရင်း သာယာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြပါစို့လို့ တိုက်တွန်းရင်း . . .

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

ကျေးလက်ရဲ့ ညနေခင်းပန်းချီကား

သနပ်ခါး ပါးကွက်ကြားနဲ့

ယဉ်သလိုလို အမူပိုတဲ့

အမျိုးကျက်သရေဆောင်

ကျေးတောသူများ

နေ၀င်လို့ ဆည်းဆာရောက်ရင်

ရေအိုးကလေး ကိုယ်စီ…ကိုယ်စီ

ရေခပ်ဆင်းလာပြီ။

ရွာလယ်ကရေတွင်း

မြှားနတ်မောင် ကျူးပစ်အလား

စုံတွဲများစွာ သူစွံစေသား

ကိုယ်ရွှေကာလသားများ

ရေတွင်းနား ရစ်သီသီ

အပျိုချောများကို

အပြောချိုချို ပိုးကြသည်….။

ရေငင်ကာတစ်ဖုံ

အိုးပင့်ကာတစ်လှည့်

ပိုးကြသည့် ကိုလူပျိုတို့အား

မူရိုးဖြူပန်း ဆံနွယ်ထက်

လှိုင်းထပေသော အပျိုချောတို့သည်

ပြုံးတုံ့တုံ့ အပြုံးတုံ့တုံ့နှင့်

ဟန်မူရာပိုနေကြသည်

ဒါတွေဟာ

ကျေးလက်ညနေခင်းရဲ့

မရိုးနိုင်သော ပန်းချီကားတစ်ချပ်လား………။

ယု

ဆက်လက်ဖတ်ရှုပါရန်...

အချစ်က ကိုယ့်ကို ငြင်းပယ်တယ်ဆိုရင်

အချစ်က ကိုယ့်ကို ငြင်းပယ်တယ်ဆိုရင်

နံနက်ခင်းက သူ့နှလုံးသားကို

ဘာကြောင့် သီချင်းတွေနဲ့ ဖွင့်ဆိုရတာလဲ

တောင်အရပ်က လေကလည်း

ရွက်နုသစ်တွေ ကြားထဲက

ဒီလို တီးတိုးစကားတွေကို

ဘာကြောင့် ကြဲဖြန့်ပေးနေရတာလဲ

အချစ်က ကိုယ့်ကို ငြင်းပယ်တယ်ဆိုရင်

သန်းခေါင်ယံက

ကြယ်ပွင့်တွေရဲ့ ဝေဒနာတွေကို

ဘာကြောင့် လွမ်းဆွတ်တိတ်ဆိတ်မှုနဲ့

ကြိတ်မှိတ်ခံစားနေရတာလဲ

ပြီးတော့ . . . . .

ရူးမိုက်တဲ့ ဒီနှလုံးသားက

အဆုံးမသိနိုင်တဲ့ ဒီပင်လယ်ပြင်ကြီးပေါ်မှာ

သူ့ရဲ့ မျှော်လင့်ချက်တွေကို

ဘာကြောင့် အရမ်းကာရော

လွှတ်လိုက်ရတာလဲ . . . ။

သက်

ဆက်လက်ဖတ်ရှုပါရန်...

လောကကိုအကျိုးပြုတဲ့သူ

ကိုယ့်ကိုယ်ကို လေးစားအောင် နေရမယ်။ ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို လေးစားအောင် နေရမယ်။ ဘယ်သူ ဘယ်လိုထင်ထင် ဂရုမစိုက်ဘူး ဆိုပြီးတော့ နေချင်သလို နေလို့မရဘူး။ အများနဲ့ နေကြရတဲ့ လောကကြီးမှာ ကိုယ့်အတွက်ကော၊ အများအတွက်ပါ အမြဲတမ်း တွဲပြီးတော့ စဉ်းစားရမယ်။
ကိုယ့်ကိုယ်ကို လေးစားနိုင်တဲ့သူ၊ သူတစ်ပါးကိုလည်း လေးစားတဲ့သူ၊ သူတစ်ပါးရဲ့ လေးစားမှုကိုလည်း ထိုက်ထိုက်တန်တန် ခံရတဲ့ သူဟာ လောကကို အကျိုးပြုတဲ့သူ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုလည်း လေးစားမှု ရှိအောင် ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကလည်း ကိုယ့်ကို လေးစားလာအောင် လူတိုင်း ကြိုးစားပြီးနေရင် ဒီလောကကြီးဟာ ပျော်စရာကောင်းတဲ့ လောကကြီးဖြစ်မယ်။
နားလည်စေချင်တာကတော့ ဘ၀မှာ ဒီလို အခြေခံကျတဲ့ အချက်ကလေးတွေက အရေးအကြီးဆုံး ဆိုတာပဲ၊ အိမ်ရဲ့ အုတ်မြစ်လိုပဲ၊ သူမရှိရင် ကျန်တာ ဘာမှလုပ်လို့ မဖြစ်ဘူး။ ဘယ်လောက်ပဲ ပညာတတ်နေ တတ်နေ၊ စိတ်ထားမကောင်းဘူး၊ အကျင့်စာရိတ္တ မကောင်းဘူး၊ ခန္ဓာကိုယ် မသန့်ရှင်းဘူး၊ နေထိုင်တဲ့ ပတ်ဝန်းကျင်လည်း မသန့်ရှင်းဘူးဆိုရင် လူ့တန်ဖိုးလို့ ပြောလို့မရဘူး။
တချို့ပညာ သိပ်မတတ်ပါဘူး။ ဘာဘွဲ့မှ မရှိပါဘူး။ ဒါပေမယ့် စိတ်ထား ကောင်းတယ်၊ အကျင့်စာရိတ္တ ကောင်းတယ်။ နေတာ၊ ထိုင်တာ သပ်ရပ်တယ်၊ သန့်ရှင်းတယ်။ အဲဒီလို လူကို လေးစားပါတယ်။
လုံ့လ ၀ီရိယရှိဖို့ သိပ်အရေးကြီးတယ်။ ကိုယ် တကယ် တတ်နိုင်တာကို လုပ်နေရင်းနဲ့ ပိုကောင်းအောင် လုပ်သွားရမယ်။ ကိုယ့်ကိုယ်ကို ``ငါ လူပျင်း´´လို့ တွေးမိရင် ဘယ်လို ခံစားရမလဲ၊ ကိုယ့်ကိုယ်ကို လေးစားလို့ရမှာ မဟုတ်တော့ဘူး။ ပြီးတော့လည်း မရတော့ဘူးနော်။ ပတ်ဝန်းကျင်ကရော ``ဒီလူဟာ လူပျင်းပါကွာ´´လို့ ပြောလိုက်တဲ့အခါ အဲဒီလို အတွေးမျိုး တွေးတယ်ဆိုရင်ပဲ လေးစားမှု မရှိတော့လို့ တွေးတာပဲ။ ပျင်းတာဟာ လောကကြီးကို ဖျက်ဆီးတဲ့ အရာတစ်ခု ဖြစ်တယ်။
ကိုယ့်မှာ ခန္ဓာကိုယ် အင်အားတွေ ရှိတယ်။ စိတ်ဓာတ်အင်အားတွေ ရှိတယ်။ အသိဉာဏ် အင်အားတွေ ရှိတယ်။ အဲဒီ အင်အားတွေကို ကောင်းတဲ့နေရာမှာ အပြည့်အ၀ သုံးနေရမယ်။ သုံးနေရင် ထွက်နေမယ်။ မသုံးဘဲထားရင် ကြာရင် မထွက်တော့ ဘူး။ လုပ်နိုင်သလောက် အစွမ်းကုန်လုပ်မှ တကယ်ကျေနပ်မှု ရမယ်။ လုပ်နိုင်သလောက် မလုပ်ဘဲ လျှော့လုပ်ရင် ကြာရင် တဖြည်းဖြည်းနဲ့ လုပ်နိုင်တဲ့ စွမ်းရည်တွေ လျော့သွားမယ်။
ကောင်းတယ်၊ လုပ်သင့်တယ်၊ အကျိုးရှိတယ်လို့ သိထားရင် လုပ်နေမှ ဖြစ်မယ်၊ ကောင်းတယ်၊ အကျိုးရှိတယ်၊ လုပ်သင့်တယ်လို့ သိလျက်နဲ့ မလုပ်ရင် ကိုယ့်ကိုယ်ကို လေးစားမှု နည်းသွားမယ်၊ ပတ်ဝန်းကျင်ကလည်း သိပ်မလေးစားဘူး။
လုပ်သင့်တာတွေကို သိကြပါတယ်။ သိသလောက်ကို ဖြစ်အောင်လုပ်မယ် ဆိုရင်ပဲ တော်တော် တိုးတက်မှာပါ။ သိသလောက်ကို တောင် တကယ် မလုပ်ကြဘူး။ သက်သာအောင် နေကြတယ်။ အခု သက်သာအောင်နေရင် ရေရှည်မှာ မသက်သာဘူး။ အပျော် အပါးကို ဦးစားပေးပြီးတော့ ရေရှည်မှာ အကျိုးရှိမယ့် အလုပ်ကို မလုပ်တဲ့သူဟာ ရေရှည်မှာ မပျော်နိုင်တော့ဘူး။ ပူပင်သောက များမယ်။
သိတော့ သိတယ်။ ဘာဖြစ်လို့ မလုပ်တာလဲ၊ အဲဒါ စဉ်းစားဖို့ ကောင်းတယ်။ အရေးမကြီးဘူး ထင်လို့လား။ ကိုယ့်ကိုယ်ကို လေးစားမှုရှိအောင် နေဖို့ဟာ အရေးအကြီးဆုံး အလုပ်ဖြစ်တယ် ဆိုတာကို အားလုံးနားလည် သဘောပေါက်စေချင်ပါတယ်။ သူငယ်ချင်းများအားလုံးလည်း ကိုယ့်ကိုယ်ကို လေးစားအောင်နေနိုင်မယ်ဆိုရင် လောကကို အကျိုးပြုတဲ့သူတွေ ဖြစ်လာမှာပါလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
သက်

ဆက်လက်ဖတ်ရှုပါရန်...