Monday, November 3, 2008

တွေးမိတာလေးများ

ပြီးခဲ့တဲ့ တစ်ရက်က ကျွန်တော်တို့ အဆောင်ရှေ့လမ်းပေါ်မှာ ယောက်ျားလေး တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် ရင်းရင်းနှီးနှီးပုံစံနဲ့ လမ်းလျှောက်ရင်း စကားပြောသွားကြတာကို မြင်လိုက်ရတယ်။ သူတို့ ကြည့်ရတာ သမီးရည်းစားတွေ ဖြစ်ပုံရတယ်။ တကယ်လို့ သမီးရည်းစားဆိုရင်လည်း ချစ်ကြိုက်ခါစ သမီးရည်းစားတွေ ဖြစ်ရမယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေ ဆိုရင်လည်း မကြာခင် သမီးရည်းစား ဖြစ်မယ် ပုံပါ။
ဟိုရှေးတုန်းက ကျွန်တော်တို့ရဲ့ ဘိုးဘွားကြီးတွေက သူတို့ရဲ့ ချွေးမလောင်းကို ရွေးတော့မယ်ဆိုရင် ငရုပ်သီး ထောင်းခိုင်းကြတယ်။ မျက်စိထဲ ငရုပ်သီး ၀င်တယ်ဆိုရင်တော့ အဲဒီချွေးမလောင်းဟာ ရေးဖြေရော၊ နှုတ်ဖြေ စာမေးပွဲရော ကျပါရောတဲ့ဗျာ။
ဒီနေ့ခေတ်မှာတော့ ပညာခေတ်ဆိုတော့ ငရုပ်သီးထောင်းတာတွေ၊ ယက်ကန်းရက်တာတွေ ဘေးချိတ်လို့ သမီးက ဘာဘွဲ့ရထားတာလဲ? သမီးအဖေနဲ့ အမေက ဘာလုပ်သလဲ? စသဖြင့် မေးကြမယ် ထင်ပါရဲ့။

ကျော်

ဆက်လက်ဖတ်ရှုပါရန်...

Friday, October 31, 2008

တစ်ခါက သူငယ်ချင်းသို့

သူငယ်ချင်း
ဘ၀တစ်ကွေ့မှာ မင်းပျော်ပါစေလို့
ငါဆုတောင်းနေပါတယ်
တို့တွေရဲ့ ငယ်ဘ၀ကို
မင်းအမြဲတမ်း သတိရမနေဘူးဆိုရင်တောင်
တစ်ခဏဖြစ်ဖြစ် မင်းသတိရပေးပါ
တို့လျှောက်ခဲ့တဲ့ လမ်းတွေ
တို့ထိုင်ခဲ့တဲ့ ခုံတန်းတွေ
တို့နေခဲ့ရတဲ့ အခန်းတွေ
တို့တွေ့ခဲ့ရတဲ့ ဆရာတွေ
တို့သင်ခဲ့တဲ့ စာတွေ
တို့ပျော်ခဲ့တဲ့ ကာလတွေ
ဒါတွေ အားလုံး မမှတ်မိရင်တောင်
ငါ့ကိုတော့ မှတ်မိပေးပါ
ငါစိတ်ညစ်တဲ့အခါ မင်းနှစ်သိမ့်လို့
မင်းလဲကျတဲ့အခါ ငါထူလို့
တို့တွေ အတွဲညီခဲ့တာ
ငါဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး
ထပ်တူစွာ မင်းလည်း ငါ့ကို မမေ့စေဖို့
မျှော်လင့်ရင်း . . .

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

အမေများ၏ မေတ္တာရေကြည်

`အမေ၊ မေမေ၊ အမေကြီး´ စသဖြင့် သားသမီးများ၏ ရင်ထဲ၊ အသည်းနှလုံးထဲမှ အားကိုးတကြီး လှိုက်လှဲစွာထွက်ပေါ် လာသောအသံများဖြင့် မိခင်များကို ခေါ်ဆိုသောအသံများသည် နေ့စဉ်နှင့်အမျှ ကြားနေရပါသည်။ သားသမီးများက လည်း အမေ့ရင်နို့သောက်စို့ခဲ့သူများဖြစ်သဖြင့် အမေ့ရင်ခွင်ရိပ်တွင် ခိုလှုံမ၀၊ အမေ့မျက်နှာကို အားကိုးအားထားအပြည့် ဖြင့် အေးမြသည့် ဖိုးလမင်းကြီးပမာ ကြည့်မ၀၊ ရှုမ၀ ဖြစ်ကြရသည်မှာ သားသမီးတိုင်း ဖြစ်ပါသည်။ အမေ့မေတ္တာကြီးမား ပုံ၊ စမ်းရေပမာ အေးမြပုံတို့ကိုလည်း ဖတ်ဖူး၊ ကြားဖူး၊ သိဖူးကြပါသည်။ ရေး၍မကုန်၊ ပြော၍မကုန်အောင်ပင် ဖြစ်ပါ သည်။
သို့သော်လည်း အမေများထဲမှ အမေတစ်ဦး၏ မဆန်းသော ဖြစ်ရိုးဖြစ်စဉ်လေးတစ်ခုကို လမ်းသွားရင်း အမှတ်မထင် ကြုံတွေ့လိုက်ရသဖြင့် တင်ပြလိုက်ပါသည်။ ကျွန်မခွင့်(၁၀)ရက်ရ၍ မွေးရပ်မြေသို့ ရထားဖြင့်ပြန်စဉ်က ရထားသည် လမ်းခရီးတစ်ဝက်တွင်ရှိသော မြို့ကလေး(၁)မြို့၏ ဘူတာတွင် စက်ချို့ယွင်းသွားသဖြင့် (၂)နာရီခန့်ကြာအောင် ရပ်ထားပါသည်။ ကျွန်မလည်း ပျင်းပျင်းရှိတာနဲ့ ရထားပေါ်မှ ဘူတာရုံကို ကြည့်နေမိပါသည်။ ထိုစဉ် ကျွန်မတွေ့မြင်လိုက် ရသော မြင်းကွင်းတစ်ခုကို စိတ်ဝင်စားစွာ ကြည့်လိုက်ပါသည်။ ထိုမြင်ကွင်းမှာ ဘူတာရုံတွင် ရပ်နေသော အ၀တ်အစား ခပ်နွမ်းနွမ်း ၀တ်ဆင်ထားသည့် သားအမိ(၄)ဦး၏ မြင်ကွင်းဖြစ်ပါသည်။ ဘူတာရုံတွင် မုန့်ပဲသရေစာဈေးသည်များ ပြောင်းဖူးသည်များကလည်း အစီအရီရှိနေပါသည်။ ကလေးများမှာ ဆာလောင်မွတ်သိပ်နေပုံ ရပါသည်။ ပြောင်းဖူးသည် အား တစ်ချိန်လုံးကြည့်၍ စားချင်နေကြသည်ဟု ကျွန်မထင်ပါသည်။ သို့သော် ကလေးများက မိခင်ဖြစ်သူ ပိုက်ဆံမရှိ သည်ကိုသိ၍ ဆာလောင်မွတ်သိပ်မှုကို အောင့်ခံထားပုံဖြင့် မိခင်ဖြစ်သူအား ကြည့်နေသည်မှာ သနားစရာကောင်းလှပါ သည်။ မိခင်ဖြစ်သူက သားသမီးများအားကြည့်ပြီး ပြောင်းဖူးပြုတ် စားမလားဟုမေးသံကို ကြားနေရပါသည်။ သို့သော် ကလေးငယ်များက မိခင်ဖြစ်သူအား မ၀ယ်ပါနှင့် မစားဘူးဟု ပြန်ဖြေကြသော်လည်း မျက်လုံးများသည် ပြောင်းဖူးသည် ထံသို ဝှေ့ယမ်းကြည့်နေပါသည်။ ဤသည်ကို မိခင်ဖြစ်သူကတွေ့၍ ပြောင်းဖူးပြုတ်တစ်ရာဖိုး (၃)ဖူးဝယ်ပြီး ကလေးများ အား တစ်ယောက်တစ်ဖူးစီ ပေးလိုက်ပါသည်။ သားသမီးများ အငမ်းမရစားနေသည်ကိုကြည့်ပြီး အမေဖြစ်သူက တံတွေး မြိုချနေသည်ကို မြင်တွေ့နေရပါသည်။ ကျွန်မထိုဖြစ်ရပ်အားကြည့်ပြီး ဆင်ခြင်မိပါသည်။
သားသမီးများအတွက်ဆိုလျှင် မိခင်များသည် အခြားသူများ မပြုသောအရာများအားလုံးကို ပြုနိုင်ကြပါသည်။ အသက်ကို လည်း စွန့်နိုင်ကြပါသည်။ သားသမီးများ ဒုက္ခရောက်မည်ကို မည်သည့်အမေများမှ ကြည့်နေနိုင်မည် မဟုတ်ပေ။ ဆင်းရဲ ပေမယ့်လည်း အမေများထဲက အမေတစ်ဦး၏ မေတ္တာရေကြည်များသည် `စိမ့်စမ်းရေပမာ တသွင်သွင်စီးဆင်း၍ မကုန် ခမ်းနိုင်´ဆိုသည့် အသိကို ကျွန်မရရှိခဲ့ပါသည်။ ထိုအသိနှင့်အတူ နောင်တတရားကိုပါ ဆင့်ပွားခံစားလိုက်ရပါသည်။ ကျွန်မအမေ၏ ပုံရိပ်ကိုလည်း မြင်ယောင်မိပါသည်။ ကျွန်မအမေ၏ မေတ္တာရေကြည်သည်လည်း ကျွန်မအပေါ် အနှိုင်းမဲ့ တသွင်သွင်စီဆင်းခဲ့ပါသည်။ ကျွန်မအခုမှ အမေ၏မေတ္တာရေကြည်နှင့် နွေးထွေးစွာ ပြုစုခဲ့ပုံ၊ ဆင်းရဲဒုက္ခအမျိုးမျိုး ခံစားခဲ့ ရပုံ၊ အလိုလိုက်ခဲ့ပုံများကို ပြန်လည်စဉ်းစားရင်း မျက်ရည်လည်ခဲ့ပါသည်။ ကျွန်မ၏အမေသည် ကျွန်မအား သိပ်ချစ်သလို ဖြစ်စေချင်သည့် ဆန္ဒများသည်လည်း အများကြီး ရှိခဲ့ပါသည်။ သို့သော်လည်း ကျွန်မသည် အမေဖြစ်စေချင်သော ဆန္ဒ များအား မဖြည့်ဆည်းနိုင်ခဲ့ပါ။ ယခုမှ ကျွန်မနောင်တများစွာ ရခဲ့မိပါသည်။ ယခုကျွန်မ အိမ်သို့ရောက်လျှင် ကျွန်မအား အကောင်းဆုံးနှင့် အနွေးထွေးဆုံးပေးခဲ့သော အမေ၏မေတ္တာများကို လမ်းတွင်အမှတ်တမဲ့တွေ့လိုက်ရသော ဖြစ်ရပ် ကလေးဖြင့် သင်ခန်းစာရရှိခဲ့ပုံကို ပြန်လည်ပြောပြပြီး ကျွန်မပြုလုပ်ခဲ့သော အမှားများကို ခွင့်လွှတ်ပေးရန် ၀န်ချ တောင်းပန်မည်ဟု စိတ်ထဲတွင် တွေးလိုက်ပါသည်။
မိဘများအားလုံးသည် သားသမီးများ အရွယ်ရောက်လာ၍ မိဘကျေးဇူးကို သိတတ်သည်ဖြစ်စေ၊ မသိတတ်သည်ဖြစ်စေ မိဘတို့၏ မေတ္တာရာခိုင်နှုန်းများက လျှော့သွားမည်ဟူ၍ မရှိပါ။ `တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိသည် သားဆိုး သမီးဆိုးပစ်ရိုးထုံးစံမရှိ´ ဟုဆိုသည့် စကားအတိုင်း ဆင်းရဲသောအမေဖြစ်ပါစေ၊ ချမ်းသာသောအမေဖြစ်ပါစေ မိခင်တိုင်း ၏မေတ္တာသည် စံနှုန်းအတူတူပင် ဖြစ်ပါသည်။ လျော့သွားသည်ဟူ၍ မရှိပါ။ မိခင်တို့၏မေတ္တာသည် မြင်းမိုရ်တောင်ထက် မြင့်သည်ဟု တင်စားခဲ့သည့် စကားပုံကို ပြန်လည်ကြားယောင် သုံးသပ်ရင်း အမှတ်မထင် ကြုံတွေ့ခဲ့ရသော အမေများထဲ မှ အမေတစ်ယောက်၏ မေတ္တာရေကြည်အကြောင်းကို တင်ပြလိုက်ရင်း ကျွန်မလည်း ဘ၀သင်ခန်းစာ အများကြီး ရရှိခဲ့ပုံ ကို ရေးသားတင်ပြလိုက်ပါသည်။ သားသမီးတိုင်း မိခင်ကျေးဇူးကို သိတတ်၍ မိခင်၏ကျေးဇူးကို ဆပ်နိုင်သူများ ဖြစ်ကြပါ စေလို့ ဆုတောင်းရင်းဖြင့်။
ယု

ဆက်လက်ဖတ်ရှုပါရန်...

ရေတွင်းထဲက မြည်း

သူငယ်ချင်းများအားလုံး အခက်အခဲဒုက္ခများနှင့် ကြုံတွေ့နေရသည့်အချိန်တွင် ဒီစာလေးအား ဖတ်မိပြီး ဒုက္ခမျိုးစုံကို ကျော်လွှား နိုင်ကြပါစေ။
တစ်နေ့မှာ လယ်သမား တစ်ယောက်ရဲ့မြည်းဟာ ရေတွင်းထဲကို ကျသွားပါတယ်။ လယ်သမားက ဘာလုပ်ရမလဲလို့ ကြိုးစား အဖြေရှာနေတုန်း မြည်းကတော့ နာရီများစွာ သနားစဖွယ် အော်ငိုနေတော့ တာပါပဲ။
နောက်ဆုံးတော့ လယ်သမားက မြည်းဟာ အသက်လည်းကြီးပြီ ရေတွင်းကလည်း ဘယ်နည်းနဲ့မဆို ဖို့ပစ်ဖို့ လိုအပ်နေပြီမို့ မြည်းကို ပြန်မရယူ သင့်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် လယ်သမားက အိမ်နီးချင်းတွေကို လာကူဖို့ ဖိတ်ခေါ်လိုက် ပါတယ်။ သူတို့အားလုံးဟာ ဂေါ်ပြားတွေကိုကိုင်ပြီး မြေကြီးတွေကို ရေတွင်းထဲကို ယက်ထည့်ကြပါတော့တယ်။
ဒီအခြင်းအရာကြောင့် လယ်ယာမြေထဲက တခြားတိရစ္ဆာန် အားလုံးဟာ အလွန်ပဲ ချောက်ချားသွားခဲ့ကြတယ်။ အကြောင်း ကတော့ မြည်းဟာ သူတို့ရဲ့ သူငယ်ချင်း ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် သူတို့က သူ့ကို ဘာမှမကူညီနိုင်တာကို သိထားခဲ့ကြတယ်။ မြည်းဟာ ပထမတော့ ဘာဖြစ်နေတယ်ဆိုတာကို သဘောပေါက်သွားပြီး ထိတ်လန့်တကြား အော်ဟစ်ငိုယိုပါတယ်။ အဲဒီနောက် သူက ငြိမ်ငြိမ်သက်သက် နေပြလို့ အားလုံးက အံ့အားသင့် သွားကြတယ်။ ဂေါ်ပြားနဲ့ မြေကြီးအနည်းငယ် ထည့်ပြီးတဲ့ အချိန်မှာ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့်မိလိုက်တယ်။ ကြည့်ပြီးတော့ အံ့အားသင့်သွားပါတယ်။
မြည်းဟာ သူ့ကျောကုန်းပေါ် မြေကြီးတွေ ကျလာတိုင်း အံ့ဖွယ်တစ်စုံတစ်ခုကို ပြုလုပ်နေပါတော့တယ်။ သူဟာ မြေကြီးတွေကို ခါချတယ်။ ပြီးတော့ အဲဒီမြေကြီးတွေပေါ် ခြေထောက်နဲ့ နင်းတက်ပြီး မြေဖို့ပါတယ်။ လယ်သမားရဲ့ အိမ်နီးချင်းတွေက မြေကြီးတွေ ကို သူ့ကိုယ်ပေါ် ဆက်လက်ယက်ချနေတာကြောင့် သူကလည်း အဲဒါတွေကို ခါချပြီး ခြေထောက်နဲ့ နင်းဖို့နေလိုက်တယ်။ သိပ်မကြာခင်မှာပဲ မြည်းဟာ ရေတွင်းနှုတ်ခမ်းဘောင်ပေါ် ခြေထောက်နဲ့ နင်းတက်ပြီး ခက်သွက်သွက် လျှောက်သွား ပါတော့ တယ်။
သင်ခန်းစာ- ဘ၀က ဂေါ်ပြားဖြင့် မြေကြီးမှန်သမျှကို သင့်အပေးယက်ချပါလိမ့်မည်။ သို့သော် ဒုက္ခအသီးသီးဟာ အပေါ်သို့ တက်ရာ အဆင့်တဆင့် ဖြစ်နိုင်၏။ သင်တွေ့ကြုံရသော အဖြစ်အပျက်များအပေါ် သင်ဘယ်လို တုံ့ပြန်မည် ဆိုသည်က အရေး မကြီးပါ။ ဇွဲလုံ့လမလျှော့ပဲ အနက်ရှိုင်းဆုံးရေတွင်းထဲက သူငယ်ချင်းများ အားလုံးထွက်လာ နိုင်ပါစေလို့ ဆုတောင်းပေး နေမိပါတယ်။
သက်

ဆက်လက်ဖတ်ရှုပါရန်...

Thursday, October 30, 2008

အချစ်သဘော

အချစ်ရဲ့ သဘောအမှန်

မသိသော်လည်း

ပိုင်ဆိုင်လိုခြင်း

ချစ်ခြင်းပင်ဟု

ငါထင်မှတ်သည်

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

Monday, October 27, 2008

ပုစ္ဆာ

နှလုံးသားကိုတည်
အချစ်နဲ့စား
အကြွင်းဒဏ်ရာ
ဝေဒနာ ရလဒ်
အဖြေမှတ်။

ကျော်

ဆက်လက်ဖတ်ရှုပါရန်...

လွယ်အိတ်

ရှေ့မှာ ထားထား
နောက်မှာ ထားထား
ရင်ခွင်မှာ ပိုက်ထွေး
မင်းရဲ့ လွယ်အိတ်ကလေး
ဖြစ်ပါရစေ။

ကျော်

ဆက်လက်ဖတ်ရှုပါရန်...

ကောလိပ်တောသား

တက္ကသီလာ မြကျွန်းသာဝယ်
ပညာနို့ချို သောက်စို့လို၍
ရောက်ခဲ့ရပြီ အို တက္ကသိုလ်
စတက်ရက်ဝယ် ဟိုမေးဒီမေး
တငေးငေးနှင့်
ရက်မှ လပြောင်း နှစ်တွေ ညောင်းလည်း
စည်းဖျက်ကျောင်းသား မဖြစ်ဖို့ကာ
ကောလိပ်တောသား ငါ့တာဝန်ပါတကား။

ကျော်

ဆက်လက်ဖတ်ရှုပါရန်...

Wednesday, October 15, 2008

မေ့မရ

တနေ့ရယ်အကူး နေခြည်ဦးမှာ

အသစ်ဖူးလာ နှင်းဆီပန်းလေး

ရုန်းကြွနေသလို

တရက်ကုန်လွန် လမင်းချိန်တွင်

ဒို့ရဲ့အသက် တိုးမြှင့်စေရန်

ဖြစ်ပေါ်နေသလို

`ဒို့ရဲ့ချစ်သူ´

တိုးတိတ်ညင်သာ ပျောက်ကွယ်ခဲ့လည်း

တနေ့အကူး တရက်ကုန်လွန်

အချိန်များနှင့် ဆုံဆည်းခဲ့သော်

မင်းအပေါ်ချစ်ခဲ့

ဒို့ရဲ့အချစ်က

တနေ့မှမေ့မရနိုင်ပါလား……… ``ချစ်သူရယ်´´

ယု

ဆက်လက်ဖတ်ရှုပါရန်...

နိယာမ

ပန်းကလေးတွေ
ဆင်းရွှေလှပ၊ လန်းဆန်းကြလျှင်
ခူးကြချူကြ ပန်းဆင်ကြနှင့်
ပန်းဝတ်ထုံလွှာ၊ ကြိုင်လှိုင်စွာဖြင့်
လေမှာဆောင်ကြဉ်း၊ နံ့သာသင်း၍
သတင်းဂုဏ်လျှမ်း၊ ထူးသစ်ဆန်းလျှင်
နမ်းချင်သူနှင့် မွှေးသူနှင့်။
ပန်းတို့ဖူးပွင့်၊ အရွယ်ရင့်၍
ပွင့်လွှာကြွေကျ၊ ညှိုးနွမ်းရလျှင်
စွန့်ကြပစ်ခွာ၊ မကြင်နာဘဲ
နံ့သာကုန်ဆုံး၊ ၀တ်ရည်တုံးမှ
မက်လုံးမထား၊ ကျောခိုင်းသွားကြ
စိမ်းကားရက်စက် လှတကား။

ယု

ဆက်လက်ဖတ်ရှုပါရန်...

Friday, October 10, 2008

အမေသင်ပေးသော အလေ့အကျင့်ကောင်းများ

ကျွန်တော့ အမေသည် ဆန်၊ ဆီ အခြေခံ စားကုန်ရောင်းပြီး ကျွန်တော်တို့ မောင်နှမများကို ကျောင်းထား ပေးခဲ့သည်။ အမေက ဘာသာတရားကို ကိုင်းရှိုင်းသည်။ နေထိုင်မကောင်း ဖြစ်ချိန်ကလွဲရင် နံနက်စောစော ထပြီး ပန်း၊ ရေချမ်း၊ ဆီမီး ပူဇော်သည်။ ငါးပါးသီလခံပြီး၊ ပုတီးစိပ်၊ မေတ္တာပို့သည်။ အမျှအတမ်း ဝေသည်။ ဘုရားဝတ်တတ် ပြီးမှ ကျွန်တော်တို့ ကျောင်းသွားချိန် အမီချက်ပြုတ် ကျွေးမွေးလိုခြင်း ဖြစ်ပါ၏။
ချက်ပြုတ်ပြီး သန့်ရှင်းရေး လုပ်သည်။ အမေ ကိုယ်တိုင်လည်း သန့်သန့်ပြန့်ပြန့် နေတတ်၍ သနပ်ခါး ခြေဆုံး ခေါင်းဆုံးလိမ်းလို့ မွှေးကြိုင်နေသည်။ ကျွန်တော်တို့ကိုလည်း အချိန်နှင့်ထခိုင်းသည်။ ရေချိုးခိုင်းသည်။ စားခိုင်းသည်။ အိပ်ခိုင်းသည်။ ကျွန်တော်တို့ ကျောင်းသွားတော့ အမေ ညနေဈေး၌ လက်လီ ပြန်ရောင်းချ သည်။ အရောင်းသွက်က အမေပျော်သည်။ မောရမှန်း မသိ။ ကျောင်းဆင်းတော့ အမေ့ သွားကူရသည်။ ညနေစောင်းမှ ဈေးရောင်းသိမ်းသည်။
အိမ်ပြန်ရောက်တော့ နားလေ့မရှိ။ ချက်ပြုတ် ကျွေးမွေးသည်။ ကျွန်တော်တို့ ၀ိုင်းကူရသည်။ စားသောက် ဆေးကြောပြီးမှ စာကျက်ရသည်။ အမေသည် မိသားစုအတွက် အိမ်ထောင်ဦးစီးကောင်း ဖြစ်ခဲ့သည်။ အများ နည်းတူ ၀အောင်ကျွေးမွေး၍ လှအောင် ဆင်ခဲ့သည်။ အမေက အားလျှင် အလကား မနေတတ် ဆန်ရွေးနေ လေ့ရှိသည်။ အစ်မများကို အချက်အပြုတ် သင်သည်။ သန့်ရှင်းရေး လုပ်ခိုင်းသည်။ စားသောက်သည့် ပုဂံ ခွက်ယောက် ၀င်းလက်နေမှ ကြိုက်သည်။ ရေအိမ်မှဆင်းပြီး သောက်ရေအိုးသွား သောက်တာမကြိုက်၊ လက်ဆေး ကြောပြီးမှ သောက်ခိုင်းသည်။ ထမင်းစားခန်း စကားပြောတာ မကြိုက်၊ ရန်ဖြစ်တာ မကြိုက်၊ နေ့နေ့ညည သတ်မှတ်ချိန် ထမင်းစားခိုင်းသည်။ အိမ်လည်တာ မကြိုက်။ အချက်မပြုတ်၊ အချုပ်အလုပ်၊ သန့်ရှင်းရေး လုပ်တတ်မှ မိန်းမပီသသည်၊ အိမ်ထောင် ထိန်းသိမ်းနိုင်သည်ဟု ဆိုသည်။ အမေနီတိ ဖြစ်သည်။
ကျွန်တော်တို့ကို ၁၀တန်းအောင် ဘွဲ့ရအောင် ကြိုးစားခိုင်းသည်။ ဈေးသည်ဘ၀က၊ နေ့စဉ်စားဖို့မပူရ၊။ လူတောထဲတိုးရန် အမှုထမ်း၊ အရာထမ်းဖြစ်အောင် အားထုတ်ဖို့ ဆုံးမသည်။ သားသမီးများ ရှေ့ရေးအတွက် အမေအမြော် အမြင်ရှိစွာ လမ်းပြပေးသည်။ အသုံးနှင့်အဖြုန်း ခွဲခြားတတ်ဖို့မှာသည်။ ပုံမှန်ငွေရှိအောင် ရိုးသားစွာ ရှာဖို့မှာသည်။ ဆင်ခြင်များတာ လိမ်တာ မကြိုက် ချက်ချင်းထလုပ်မှ ကြိုက်သည်။
အစ်မ ၁၀ တန်းအောင်ပြီး စာရေးဝင်လုပ်သည်။ ၀န်ထမ်းလုပ်သက်ရ၍ အထက်တန်း စာရေးဖြစ်လာ သောအခါ အမေ ဈေးရောင်းသည့် အလုပ်နားလိုက်သည်။ အမေ ကျွန်တော်တို့ မောင်နှမတွေ ကျောင်းသွား ရုံးသွားအမီ ထမင်းချိုင့် ထည့်ပေးသည်။ ကျွန်တော်တို့ ကျောင်းဆင်းလာရင် နေ့စဉ် ချက်ပြုတ်ပြီးပြီ။ တာဝန် သိသော အမေ စိတ်ဓာတ်ကို ကျွန်တော်တို့ လေးစားမိသည်။ အလုပ်မရှိရင် သတင်းစာ ဖတ်နေပြီ၊ ရှေး သတင်းစာများတွင် ဆောင်းပါးကောင်း၊ ၀တ္တုကောင်းများ ပါသဖြင့် ရွှေဥဒေါင်း၏ ရတနာပုံ သံခေါင်းစွပ် မင်းသား၊ သခင်နု၏ ရက်စက်ပါပေ့ကွယ်၊ ဓူဝံ၏ စုံထောက် ၀တ္တုအကြောင်းများကို နေ့စဉ် အိပ်ရာဝင်ချိန် ပြောပြလေ့ရှိသည်။ အမေ ရေဒီယို ကြိုက်သည်။ ရွှေမန်းတင်မောင်၊ စိန်အောင်မင်းတို့၏ အသံလွှင့် ဇာတ်ထုတ်များ ဗုဒ္ဓ၀င် ဇာတ်ထုတ်များ ဇာတ်လမ်းပမာ နားဆင်စရာများကို နားထောင်လေ့ရှိ၏။ ကျွန်တော် တို့ နားမထောင်ဖြစ်လျှင် ပြန်ပြောလေ့ရှိသည်။ အမေ့ ကျေးဇူးကြောင့် စာပိုးဝင်ခဲ့ရသည်။ သားသမီးများကို ယဉ်ကျေးစိတ်ရှိအောင် ပုံသွင်းခဲ့သည်။
ကျွန်တော် ၁၀ တန်းအောင်ပြီး အစ်မရုံးအုပ် ဖြစ်ချိန်၌ အမေ သွေးတိုးရောဂါဖြင့် ကွယ်လွန် သွားရှာခဲ့သည်။ အမေ သေခါနီး နှစ်လအလိုအထိ ချက်ပြုတ် ကျွေးမွေးခဲ့သည်။ အစ်မ ရုံးဆင်းလာပြီး မီးဖိုချောင် အလုပ်ဝင် လုပ်သည်။ အမေကို နားနားနေနေ နေခိုင်းသည်။ အမေက ညည်းတို့ တနေ့လုံး ရုံးမှာ ပင်ပန်းလာကြတာ ငါ ချက်ပြုတ်ပေးတာ မပင်ပန်းပါဘူးဟု ငြင်းရှာသည်။ တာဝန်သိသော အမေသည် လုပ်ကိုင်နိုင်တုံးက အိမ်ထောင်ဦးစီးတာဝန်၊ အိမ်မှုကိစ္စတာဝန် ကျေပွန်ခဲ့သည်။ အသက် (၆၀)ကျော် စီးပွားမရှာနိုင်သည့်အခါ သေသည်အထိ ချက်ပြုတ်ရေးတာဝန်၊ အိမ်မှုကိစ္စ တာဝန်များ၊ ကျေပွန်အောင် ဆောင်ရွက်သွားသည်။ အမေ ထမ်းရွက်ခဲ့သော တာဝန်ဝတ္တရားများသည် ကျွန်တော်တို့ကို လုပ်တတ်အောင် လုပ်ချင်အောင် သင်ပေး သွားသည်။ အလေ့အကျင့်ကောင်းများ အမွေ ပေးသွားသည်။
မူလတန်းကျောင်း နေစဉ်က ဆရာမ ဒေါ်တင်ရွှေက လက်ရေးလှအောင် လေးကြောင်းမျဉ်း စာအုပ်ဖြင့် သင်ခဲ့သည်။ ပြီးစလွယ်ရေးကာ ရိုက်ပြီးပြင်ပေးသည်။ ဆရာမ၏ သွန်သင် ဆုံးမမှု ကောင်းသောကြောင့် ကျွန်တော် လက်ရေး သပ်သပ်ရပ်ရပ် ရှိသည်။ ရုံးဝန်ထမ်း ဖြစ်လာသောအခါ တာဝန်အရ ဖတ်ရသော ၀န်ထမ်းများ၏ အစီရင်ခံစာ လက်ရေးများသည် ဖတ်မရတာ ရှိသည်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဝေဖန်သောအခါ ဆရာမ၏ ကျေးဇူးကို မမေ့နိုင်ပါ။
အလယ်တန်းပြ ဆရာမ ဒေါ်စောခင် အိမ်၌ စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် အင်္ဂလိပ်စာ အချိန်ပို သင်ပေး သည်။ သန့်ရှင်းရေး လုပ်ခိုင်းသည်။ ချက်ပြုတ်ရာတွင် ကူခိုင်းသည်။ အမေကို ကူလုပ်ခဲ့သော၊ ဆရာမကို ကူလုပ်ခဲ့သော အလေ့အကျင့် ကောင်းများကြောင့် ၀န်ထမ်းဘ၀ ရောက်သည့် နေရာ၌ သန့်သန့်ရှင်းရှင်း နေတတ်သည်။ တစ်နိုင်တစ်ပိုင် ချက်ပြုတ် စားတတ်သည်။ အထက်တန်းပြ အင်္ဂလိပ် ဆရာမကြီး ဒေါ်သောင်းခင်က အင်္ဂလိပ်စာတတ်အောင် သင်ပေးသည်။ နုတ်တိုက် သင်ပေးပြီး သင်ခန်းစာ တစ်ခုကြေမှ တစ်ခုပေးတတ်သည်။ ရေးကျက်ခိုင်းသည်။ ရေးဖြေခိုင်းသည်။ စိတ်ရှည်လက်ရှည် ဖြေကြား၊ သင်ကြား ပေးခဲ့သော အလေ့အကျင့် ကောင်းများသည် တက္ကသိုလ် ရောက်သည်အထိ ရေးကျက် ရေးဖြေခဲ့ရသည့် အကျင့်ကောင်း စွဲကျန်ရစ်သည်။ စာမေးပွဲ အောင်ရုံမက ရုံးဝန်ထမ်း ဖြစ်လာသောအခါ အထောက်အပံ့ ဖြစ်ခဲ့သည်။ ရုံးလုပ်ငန်းနှင့် ပတ်သက်၍ ရေးမှတ်သော အကျင့်ရလာပြီး ဒိုင်ယာရီ ထားတတ်ပြီး နှုတ်တစ်ရာ စာတစ်လုံး။
ရုံဝန်ထမ်း ဖြစ်လာသောအခါ ဌာနစိတ်မှူး၊ ဌာနစုမှူး၊ ဌာနခွဲမှူး၊ တိုင်းဦးစီးမှူး၊ လက်ထောက်တိုင်း ဦးစီးမှူး၊ တိုင်းဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး တို့ထံမှ ရုံးလုပ်ငန်းများကို သင်ယူရပြန်သည်။ မိဘ ဆရာများသည် လုပ်ငန်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိသည်။ ကျွမ်းကျင် နှံ့စပ်သည်။ မိမိ ဘာသာရပ်ကို အစဉ်မပြတ် လေ့လာနေသည်။ ၀န်ထမ်းသစ်ကို ခိုင်းသည်။ မှားလျှင် ပြင်ပေးသည်။ တတ်အောင် သင်ပေးသည်။ ပြန်စစ်ဆေး လေ့ရှိသည်။ အချို့ ဆရာများသည် ရုံးလုပ်ငန်း အထောက်အကူပြု ဘေးလုပ်ငန်းများကိုပါ လုပ်တတ်သည်။ အရေးပေါ်ကိစ္စ၊ စီမံချက်ကိစ္စ၊ လေးလဘက်ကိစ္စ၊ နှစ်ပတ်လည် ကိစ္စများ ဆောင်ရွက်စရာ ရှိလာလျှင် အချို့ ဆရာများသည် သူတို့ကိုယ်တိုင် အအိပ်ပျက် အစားပျက်ခံပြီး ဦးဆောင် လုပ်ပြသည်။ ကျွေးမွေးပြီး ၀ိုင်းဝန်း လုပ်ခိုင်းသည်။ တစ်ယောက်အားနှင့် ယူ၍မရ တစ်သောင်း အားနှင့် ယူသောရ၏ ဆိုရိုးစကားအတိုင်းပင်။
အချို့ ဆရာများသည် အကြောင်းအရာ တစ်ခုကို သိချင်၍ တင်ပြခိုင်းလျှင် ပြည့်ပြည့်စုံစုံ ထွက်စရာရှိရင် ဗိုက်ပြည့်အောင်မစား၊ ရေမသောက်၊ အပေါ့အလေးမသွားအောင် ခြိုးခြံရသည် ဟုပြောသည်။ အလေ့ အကျင့်ကောင်း ဖြစ်သည်။
ပြည်သူနှင့် ဆက်ဆံရသော ရုံးဖြစ်သဖြင့် လူရိုသေ၊ ရှင်ရိုသေ ဖြစ်အောင် ဌာန၀တ်စုံ သပ်သပ်ရပ်ရပ် ၀တ်ဖို့ တိုက်တွန်းသည်။ စွတ်ကျယ် လက်ပြက်၊ ဆံပင်စုတ်ဖွား၊ မုတ်ဆိတ်ဗရပြစ်၊ ကွမ်းတပြစ်ပြစ်နှင့် နေထိုင်သည် ကို မကြိုက်။ သေသေသပ်သပ် ၀တ်ဆင်ခိုင်းသည်။ အုပ်ချုပ်သော အရာရှိများပင် သန့်သန့်ပြန့်ပြန့် ၀တ်ဆင် သည်။ ရုံးလုပ်ထုံး လုပ်နည်းများ မသိသော ပြည်သူများကို နားလည် သဘောပေါက်အောင် ဆောင်ရွက် ပေးရမည်မှာ ၀န်ထမ်းတို့၏ အဓိက တာဝန်ဖြစ်ကြောင်း အများကို ကူညီသည့် အကျိုးမေတ္တာ ရမည်။ ရေရှည် ခံမည်။ ညစ်ရင် ရစ်ရင် စေ့ထားရင် သက်တမ်း တိုမည်။ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ကြဖို့ အမြော်အမြင်ကြီးစွာ သင်ကြားပေးသည်။ ၀န်ထမ်းတွေ လိုက်နာမှု ရှိမရှိ တန်ပြန် စစ်ဆေးသည်။ ၀န်ထမ်း များကို ထိန်းပေးထားသည်။ ဆရာနှင့် တပည့်၊ တပည့်နှင့် ဆရာ ကိုယ့်တပည့်ကို ဆုံးမမည်။ သူစိမ်း ထိစရာ မလို ကာကွယ်ပေးသည်။ ဆရာကောင်း ဆရာမြတ်တို့၏ အလေ့အကျင့် ကောင်းများကို မေ့မရနိုင်ပါ။ နောင် တစ်ခေတ် ၀န်ထမ်း မျိုးဆက်သစ် အရာရှိကြီးငယ် ဖြစ်မည့်သူများ၊ အတုခိုးရမည့် အချက်များ ဖြစ်သည်။
ကျွန်တော်သည် သက်ပြည့်နှစ်(၆၀)၊ လုပ်သက်နှစ်(၄၀)ဖြင့် အနားယူ ရတော့မည်။ ရှေ့ဆောင်လမ်းပြ မိခင်၏ အလေ့အကျင့် ကောင်းကြောင့် ပညာသင်စဉ် ကျောင်းသား အရွယ်ကပင် တာဝန်နှင့် ၀တ္တရား စည်းကမ်းများကို နားလည်ခဲ့ရသည်။ အမေထုဆစ် ပျိုးထောင် ပေးသဖြင့် အမေဖြစ်စေချင်သော ၀န်ထမ်း ဖြစ်ခဲ့ပါသည်။ အမေ မြင်မသွားရပါ။ အမေသွန်သင် လေ့ကျင့်မှုများကို လိုက်နာ ဆောင်ရွက်ခဲ့သဖြင့် အစဉ် ပြေစွာ နေထိုင်စားသောက် နိုင်ခဲ့ပါသည်။
မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ၊ ဆရာမများ၏ သွန်သင် လေ့ကျင့်မှုများကြောင့် အလုပ်ခွင် တွင်လည်း အထက်အရာရှိ အဆင့်ဆင့်ကို ရိုသေလေးစားရမှန်း၊ တာဝန်ကို ကြောက်ရမှန်း၊ ဆက်ဆံရေး ပြေပြစ်အောင် ဆောင်ရွက်ရမှန်း သိရှိခဲ့ပါသည်။ သွက်သွက် လက်လက် ရှိသဖြင့် တာဝန် ပေးအပ်သည်ကို ချက်ချင်း လုပ်ပြနိုင်၍ ကြီးကြပ်သူတို့၏ မေတ္တာပေးဝခြေင်း ခံခဲ့ရပါသည်။
ဝန်ထမ်း လုပ်သက်နှစ်(၄၀)တွင် ခေတ်အမျိုးမျိုး ဖြတ်သန်းခဲ့ ရပါသည်။ ကျွန်တော်တို့ အခြေခံ ၀န်ထမ်း ဖြစ်သဖြင့် ဌာနစိတ်မှူး အဆက်ဆက်မှသည် တိုင်းဦးစီးမှူး အဆက်ဆက်ထိ ဆရာများစွာ ရှိခဲ့ပါသည်။ ဆရာများ၍ သားသေမသွားပါ။ ဆရာတိုင်း၌ အရည်အချင်း ကိုယ်စီ ရှိကြသည်။ အချို့ စွယ်စုံတော်သည်။ အချို့လည်း စိတ်သဘောထား ဖြောင့်မတ်သည်၊ ငဲ့သည်၊ ညှာသည်။ ဆရာ တစ်ဦးချင်းထံမှ ကောင်းသော အချက်၊ တော်သောအချက်များကို ရယူကျင့်ကြံအား ထုတ်တတ်ပါက၊ အရည်အသွေး ပြည့်မီသော ၀န်ထမ်း ကောင်းဖြစ်လာပါမည်။ အရပ်သား၊ အရာထမ်းများ၊ တပ်မတော် အရာရှိကြီးငယ်များ၏ လေ့ကျင့် ပျိုးထောင်မှု၊ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိ သဘောပေါက် လိုက်နာမှုကြောင့် နဘယံ ဘေးမသီ ရန်မခ ခဲ့ပါ။ ကျွန်တော် သက်ပြည့်နှစ်(၆၀)၊ လုပ်သက်နှစ်(၄၀) ဘေးအန္တရာယ် ကင်းစင်စွာ လုပ်နိုင်ခဲ့သည်မှာ အမေ၊ ဆရာ၊ အရာရှိ ကြီးငယ် အဆင့်ဆင့်တို့၏ သွန်သင် လေ့ကျင့်မှုများကို သသွေမတိမ်း လိုက်နာခဲ့ခြင်း ကြောင့် ဖြစ်ပါသည်ခင်ဗျား။
အတွဲ(၁)၊ အမှတ်(၁၇) ၂၅.၉.၂၀၀၈ ရက်နေ့ထုတ် ပန်သစ္စာဂျာနယ် မှ ဆောင်းပါးရှင် မေသက်ထွန်း(သရဖူ) ၏ ဆောင်းပါးကို ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုပါရန်...

စိုးရိမ်သောကများ ဖယ်ရှားလိုက်ပါ

စိုးရိမ်သောကတွေက တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညမျိုးမှာ ပိုပြီးကြီးမား နေသလိုလို မကြာခဏ ဖြစ်တတ် ပါတယ်။ ဒီစိုးရိမ်ပူပန်မှု တွေကို ကိုယ်တွယ် ဖြေရှင်းလိုက်ခြင်းက သင့်ကိုကောင်းမွန်စွာ အိပ်ပျော်နိုင်စေမှာ ဖြစ်ပါတယ်။ ခေါင်းအုံးပေါ် ခေါင်းမချခင် စိုးရိမ်ပူပန်မှုတွေ၊ အချိန်ကိုက် လုပ်ဆောင်ရမယ့် ကိစ္စတွေ၊ ဆောင်ရွက်ရန် ကိစ္စတွေကို စာရွက်ပေါ် ချရေးထားလိုက်ခြင်းက စိုးရိမ်သောက ဖြစ်နေတာတွေကို ပိုမို ထိန်းသိမ်းရ လွယ်ကူနိုင်စေမယ့် ခံစားမှုမျိုး ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
သင့်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အထောက်အကူပေးမယ့် အရာမှန်သမျှကို လုပ်ဆောင်လိုက်ပါ။ သင့်ရဲ့ အဖော်ဖြစ်သူကို နင်းနှိပ်ခိုင်းပါ၊ ဒါမှမဟုတ် သူနဲ့အတူ ပျော်ပါးလိုက်ပါ။ အလွန်အကျူး အားအင်စိုက် ထုတ်ခြင်းမျိုး မဖြစ်ပါစေနှင့်။ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းညွတ်ခြင်းမျိုး ရိုးရှင်းလွယ်ကူတဲ့ ယောဂ လေ့ကျင့် ခန်းတွေကို လုပ်ဆောင်ဖို့ ကြိုးစားပါ။ သင့်ရဲ့ တင်ပါး အနေအထား အကွာအဝေးအလိုက် ခြေထောက် နှစ်ချောင်းကို ချဲထားပြီး မတ်မတ်ရပ်ပါ။ ခါးကို ကိုင်းညွတ်ပြီး လည်ပင်းနဲ့ ပခုံးသား တင်းမာမှုတွေကို ဖြေလျော့ထားစဉ် လက်နှစ်ဖက်နဲ့ ဦးခေါင်းကို အောက်သို့ တွဲလောင်းကျနေပါစေ။ ဒါမှမဟုတ် ပက်လက် လှန်ပြီး လှဲနေစဉ် ကြွက်သားတွေကို သက်သောင့် သက်သာဖြစ်စေကာ ဖြည်းဖြည်းချင်း တင်းမာမှုတွေကို ဖြေလျှော့ပစ်ပါ။ ပြီးတော့ ခြေဖျားကနေ နဖူးအထိ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို ဖြည်းဖြည်းချင်း လျှော့ချပစ်လိုက်ပါ။
သင်ဟာ အဆတ်မပြတ် သမ်းဝေခြင်းမျိုး ဖြစ်နေပြီလား၊ ကျွမ်းကျင်သူအချို့ကတော့ ဒါဟာ ဦးနှောက်ဆီကို အောက်ဆီဂျင်ဓာတ် လုံလုံလောက်လောက် မရောက်ရှိခြင်းနဲ့ ဆက်နွယ်မှု ရှိတယ်လို့ ဆိုကြတယ်။ ၀မ်းဗိုက်နဲ့ အသက်တ၀ရှုသွင်းခြင်းအပေါ် အာရုံစူးစိုက်ပြီး အသက်ပြင်းပြင်း ရှုသွင်းထုတ်တဲ့ လေ့ကျင့်ခန်းက (သမ်းဝေခြင်း အပါအ၀င်) မဖော်ပြနိုင်တဲ့ တင်းမာမှုတွေကို လျှော့ကျသွားစေဖို့ အထောက်အကူဖြစ်စေ ပါလိမ့်မယ်။
No .(112) , October ,2008 The Best English စာအုပ်ထဲမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုပါရန်...

Tuesday, October 7, 2008

အင်တာနက်အညွှန်း

ကြော်ငြာမေးလ်မ၀င်ရန်

အီးမေးလ် ဖွင့်ကြည့်လိုက်တိုင်း မလိုချင်ဘဲ ရောက်နေတဲ့ကြော်ငြာ အပါအ၀င် စပန်း(span) မေးလ်တွေကို ရှင်းရတာ တစ်ဒုက္ခပါ။ စပန်းမေးလ်တွေ စုပုံလာတဲ့အခါ အီးမေးလ်ဘောက်စ် တစ်ခုလုံး ပြုတ်ကျတဲ့အထိ အန္တရာယ်ကြီး ပါတယ်။ သည်တော့ စပန်းတွေကို ဘယ်လို တားဆီးမလဲ။ www.email.about.com/od/spamfightingtipsde က စပန်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို ပြောပြထားပါတယ်။ စပန်း တားဆီးနည်း၊ တစ်ခါသုံး အီးမေးလ်လိပ်စာ၊ စပန်းလက်ခံမိတဲ့အခါ ဘယ်သူ့ဆီ တိုင်ကြားမလဲ၊ ဘယ်လို တိုင်မလဲဆိုတာတွေကို ဒီမှာ ပြည့်ပြည့်စုံစုံ တွေ့ရပါမယ်။ ကိုယ့် inbox ထဲ စပန်းမ၀င်နိုင်အောင် လိုက်နာသင့် တဲ့ အချက်တွေကို တွေ့နိုင်တယ်။ စပန်းပိတ်ဆိုတဲ့ tool တွေကိုပါ ချိတ်ဆက် ပေးထားပါတယ်။ မသိမသာနဲ့ အနှောင့်အယှက်ပေးတဲ့ စပန်းတွေကို ဟန့်တားနိုင်တဲ့ အကြံဉာဏ်တွေ ရရှိရာ ဆိုက်ပါပဲ။

အင်္ဂလိပ်စာစွယ်စုံတော်ဖို့

အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော၊ အကြားလေးခုလုံး ကျွမ်းကျင်ဖို့အတွက် ပြည့်စုံတဲ့ ဆိုက်တစ်ခုကို ဖော်ပြချင်ပါတယ်။ သည်ဆိုက်မှာ ကျွမ်းကျင်မှု လေးမျိုးအတွက် လေ့ကျင့်စရာ ကဏ္ဍအမျိုးမျိုး ရှိပါတယ်။ Native speaker တွေနဲ့ တိုက်ရိုက် စကားပြောတဲ့ကဏ္ဍ၊ အင်္ဂလိပ်သဒ္ဒါ အခြေခံနဲ့ အဆင့်မြင့် သင်ပေးတဲ့ ကဏ္ဍ၊ နားမလည်တာကို မေးမြန်းနိုင်တဲ့ ဖိုရမ်ကဏ္ဍ စသဖြင့် စုံလင်စွာ တွေ့ရမှာပါ။ ဘာသာပြန်ရာမှာ အကူ အညီပေးမယ့် အချက်တွေ၊ အတွေ့ရများတဲ့ အမှားတွေကို လေ့လာနိုင်တဲ့အပြင် အဖတ်စွမ်းရည်တိုးဖို့ အပတ်စဉ် လစဉ်ထုတ် Ezine တွေကို ရယူနိုင်ပါတယ်။ အင်္ဂလိပ်ဘာသာ ရပ်ဆိုင်ရာ ဂိမ်းတွေ၊ ဉာဏ်စမ်းတွေ ကိုလည်း အပျင်းပြေ ကစားနိုင်တာမို့ အချိန်တိုအတွင်း ကျွမ်းကျင်မှု တိုးတက်လာမှာပါ။ ၀က်ဘ်ဆိုက် လိပ်စာက www.learnenglish.de ပါ။

ခပ်ကြီးကြီးပို့ချင်တယ်ဆိုရင်

ဖိုင်မျှဝေ ပို့ဆောင်တဲ့ဆိုက်တွေ အများကြီးရှိပေမယ့် ဖိုင်ဆိုက်ကန့်သတ်ချက်ကြောင့် ပို့ချင်တိုင်းပို့လို့ မရတဲ့ အခက်အခဲတွေ ဖြစ်တတ်ပါတယ်။ သီချင်း၊ ဗီဒီယိုစတဲ့ ဖိုင်အကြီးကြီးကိုမှ ပို့ချင်ရင် အဆင်ပြေစေတာက www.Bigupload.com။ ဖိုင်ပို့ဖို့ ရီဂျစ်စတာ လုပ်စရာမလိုတဲ့ ဆိုက်ဖြစ်ပြီး 2MG အထိ သိမ်းထား နိုင်ပါတယ်။ ဖိုင်အမျိုးအစား မရွေးပို့နိုင်တဲ့ ဆိုက်လည်း ဖြစ်ပါတယ်။ ပို့လိုက်တဲ့ ဖိုင်အတွက် MySpace, Friendster, MSN နဲ့ အခြားဝက်ဘ်ဆိုက် တွေအတွက် code ထုတ်ပေးလိုသည့် ဖိုင်ကို ဘယ်နေရာမှာ ထည့်သုံးသုံး အဆင်ပြေ ပါတယ်။ ဖိုင်ကို ၀က်ဘ်ဆိုက်ပေါ်မှာ ရက်၃၀အထိ သိမ်းပေးပြီး မန်ဘာကြေးသွင်း၊ ရီဂျစ်စတာ လုပ်ထားရင် ရက်အကန့်အသတ် မရှိ သိမ်းလို့ရမှာပါ။ ဖိုင်ခပ်ကြီးကြီးတွေကို မြန်မြန်လေးပို့ချင်ရင် အသုံးဝင်မယ့် ဆိုက် ဖြစ်ပါတယ်။

လေဒီဂိမ်းမာတို့ပျော်ရာ

ဂိမ်းကစားသူက ယောက်ျားလေးတွေချည်းပဲလို့ သင်ထင်ပါသလား။ www.king.com က သင့်ထင်မြင် ချက်ကို ပြောင်းပေးပါလိမ့်မယ်။ သည်ဆိုက်မှာ ပါဝင်ကစားသူ ၇၀ရာခိုင်နှုန်းကျော်ဟာ မိန်းကလေးတွေလို့ ဆိုပါတယ်။ ၀က်ဘ်ဆိုက်မှာ ပေါ့ပေါ့ပါးပါး ကစားလို့ရတဲ့ ဂိမ်း ၈၀ခန့်ရှိပြီး လူသန်းရာချီပြီး ကစားနေကြတယ်။ ဂိမ်းတွေကို အခမဲ့ကစားနိုင်ပြီး ဂိမ်းတစ်ဆင့်အောင်လို့ နောက်တစ်ဆင့်တက်ဖို့၊ multi-player ကစားဖို့ဆိုရင် တော့ ရီဂျစ်စတာ လုပ်ရပါလိမ့်မယ်။ ဂိမ်းတစ်ခါနိုင်တဲ့အခါ ဆုရပြီး အရင်ကမရှိတဲ့ feature တွေကို ရရှိစေ ပါတယ်။ စိတ်အပန်းဖြေဖို့ သင့်တော်တဲ့ ဆိုက်တစ်ခုပါပဲ။

ဂျာနယ်တစ်စောင်မှ ကူးယူဖော်ပြသည်။

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

Friday, October 3, 2008

ချစ်မိတဲ့အခါ

အရင်တုန်းက…

ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့

အခု…

ဘာပဲဖြစ်နေဖြစ်နေ

ခွင့်လွှတ်ခြင်းနဲ့

ဆက်ချစ်နေမယ်

အချစ်စစ်နဲ့ ချစ်မိခဲ့တဲ့

ချစ်သူရယ်……။

ယု

ဆက်လက်ဖတ်ရှုပါရန်...

ချစ်သူ

ငှက်ကလေးတွေလို ပျံသန်းခွင့်ရမယ်ဆိုရင်

မင်းဆီကို အရောက်ပျံသန်းလာမယ်။

ဒို့ဟာ ငှက်ကလေးမဟုတ်တော့

ပျံသန်းခွင့်မရှိပေမဲ့

ဒို့ရဲ့စိတ်ကတော့

မင်းရဲ့အနီးဆုံးမှာ အမြဲထာဝရ

ရှိနေမှာပါ ချစ်သူရယ်။

ယု

ဆက်လက်ဖတ်ရှုပါရန်...

ပေးဆပ်ခြင်း

မဖြစ်နိုင်မှန်း သိနေလို့

ဆန္ဒကို မြိုသိပ်

မျှော်လင့်ချက်ကို

ရင်ဘတ်ထဲသိမ်းဆည်းထားတာတောင်

အမှတ်မရှိတဲ့ နှလုံးသားနဲ့

မင်းရှေ့မှောက်

ဒူးထောက်ခဲ့ရတာ အကြိမ်ကြိမ်။

ရှိပါစေတော့လေ

မျက်ဝန်းက ငါ့မျက်ရည်

မင်းနှလုံးသားကို

အေးမြစေမယ်ဆိုရင်

ငါ တိတ်တခိုး ငိုကြွေးနေပါ့မယ်။

သက်

ဆက်လက်ဖတ်ရှုပါရန်...

အချစ်ရဲ့ နေရာ

သူငယ်ချင်း…..

အချစ်ဆိုတာ ဘယ်နေရာမှာတည်ရှိနေသလဲ

မျက်ဝန်းထဲမှာလား။

နှုတ်ခမ်းဖျားမှာလား။

ဒါမှမဟုတ်

အနက်ရှိုင်းဆုံးသော နှလုံးသားထဲမှာလား။

ယု

ဆက်လက်ဖတ်ရှုပါရန်...

Perfect Worker

(၁) မည်သည့်အရာများ လုပ်ဆောင်သင့်သည်ကို ရှာဖွေကြံဆလုပ်ဆောင်တတ်သူ၊

(၂) လွတ်လပ်စွာ တွေးခေါ်ပြီး အလုပ်ကို ကျားကုတ်ကျားခဲ လုပ်တတ်သူ၊

(၃) လုပ်ဖော်ကိုင်ဖက်များနှင့် ဟေးလေးဟားလား နေထိုင်အချိန်ဖြုန်းလေ့မရှိသူ၊

(၄) လုပ်ဖော်ကိုင်ဖက်များကို အလုပ်နှင့် ပတ်သက်၍ မည်သို့ ၀ိုင်းဝန်း

ကူညီပေးရလျှင်ကောင်းမည်လဲဟု စဉ်းစားလုပ်ဆောင်လေ့ရှိသူ၊

(၅) ပေးအပ်သမျှ လုပ်ငန်းတာဝန်ကို အချိန်မီပြီးအောင် ဆောင်ရွက်တတ်သူ၊

(၆) အချန်မီရန်သာမက ပြည့်စုံမှုရှိရန်ပါ ဦးစားပေးဆောင်ရွက်တတ်သူ၊

(၇) အလုပ်နှင့် ပတ်သတ်လာလျှင် ခေါင်းခါလေ့မရှိသူ၊

(၈) အလုပ်နှင့် ပတ်သက်၍ မာနကြီးသူ၊

(၉) အလုပ်နှင့် ပတ်သက်၍ ကျွမ်းကျင်နှံ့စပ်မှုရှိသူ၊

(၁၀) `စံ´မီ အရည်အသွေးများဖြင့် တာဝန်ခံဆောင်ရွက်နိုင်စွမ်းရှိသူ၊

(၁၁) လုပ်ဖော်ကိုင်ဖက်များကို အပြန်အလှန်လေးစားသမှုရှိသူ၊

(၁၂) အလုပ်ကို စီမံခန့်ခွဲတတ်သူ၊

(၁၃) တတ်စွမ်းသမျှနှင့် အကောင်းဆုံးဖြစ်အောင် အားထုတ်လုပ်ကိုင်လေ့ရှိသူ၊

(၁၄) မိမိအတွက် အကျိုးအမြတ်မမျှော်ကိုးဘဲ အလုပ်လုပ်တတ်သူ၊

ဂျာနယ်တစ်စောင်မှ ကူးယူဖော်ပြသည်

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

Internet မြန်နှုန်း မြှင့်တင်နည်း

သူငယ်ချင်းတို့ အင်တာနက် အသုံးပြုရာတွင် လွယ်ကူမြန်ဆန်စေရန် ရည်ရွယ်၍ ကျွန်တော်တို့ အဖွဲ့မှ အသုံးပြုနေသော အင်တာနက် မြန်နှုန်း မြှင့်တင်နည်းကို မျှဝေပေးလိုက်ပါသည်။
  • ပထမဆုံး Firebox ကိုဖွင့်ပါ။ address bar တွင် about:config ကိုရိုက်ထည့်ပါ။
  • အောက်က Search bar တွင် pipelining ဟု ရိုက်ထည့်ပါ။
  • Search bar အောက်တွင် network.http.pipelining & network.http.pipelining.maxrequests & network.http.proxy.pipelining ဆိုပြီး ၃ ခု ပေါ်လာသည်ကို တွေ့ရမည် ဖြစ်သည်။
  • အပေါ်ဆုံးနှင့် အောက်ဆုံး နှစ်ခုကို double click ပေးလျှင် true ဖြစ်သွားမည် ဖြစ်ပါသည်။
  • အလယ်မှာ ရှိသော pipelining.maxrequests ကိုတော့ မိမိစိတ်ကြိုက် ပြောင်းနိုင်ပါတယ်။
သူငယ်ချင်းတို့၏ စက်များ အင်တာနက် အသုံးပြုရာတွင် မြန်ဆန် လွယ်ကူလာပါလိမ့်မည်။ သူငယ်ချင်းတို့ အသုံးဝင်ပါစေ ရည်ရွယ်၍ . . .
ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

Friday, September 26, 2008

ပိုင်ဆိုင်ခွင့်

နေ့ရက်တွေ

အချိန်တွေကိုသာ

ပိုင်ဆိုင်ခွင့်

ရုံးတော်မှာ

လျှောက်ထားခွင့်

ရမယ်ဆိုရင်

မင်းနဲ့ ပျော်ခဲ့ရတဲ့

အချိန်တွေ နေ့ရက်တွေကို

ဘယ်ရုံးတော်ဖြစ်ဖြစ်

လျှောက်ထားချင်ပါရဲ့။

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

အတွေးများ

(၁) သားအဖနှစ်ဦး လမ်းထွက်လျောက်ကြရင်း ကြယ်ငါးပွင့် ဟိုတယ်ရှေ့တွင် နောက်ဆုံးပေါ် ကားတစ်စီး ရပ်ထား သည်ကို တွေ့လိုက်သည်။
သား...."ဒီလို ကားမျိုး စီးတဲ့ လူက ဗိုက်ထဲမှာ အသိပညာမရှိတဲ့ လူပဲဖြစ်ရမယ်"
ဖခင်...."ဒီလို စကားပြောတဲ့ လူက အိတ်ထဲမှာ ပိုက်ဆံမရှိတဲ့ လူပဲဖြစ်ရမယ်"

အရာဝတ္ထု တစ်ခုပေါ် ကြည့်တဲ့ ကိုယ့်အမြင်ဟာ ကိုယ့်ရဲ့အတွင်းစိတ် သဘောထား အမှန်ကို ဖော်ပြ နေပြီလား...

(၂) ညနေစာ စားပြီးနောက် အမေနှင့်သမီးဖြစ်သူက နောက်ဖေးတွင် ပန်းကန်များကို ဆေးကြောနေခဲ့ပြီး သားအဖနှစ်ဦးက ဧည့်ခန်းတွင် တီဗွီထိုင်ကြည့်နေသည်။ ရုတ်တရက် နောက်ဖေးမှ ပန်းကန်ကျကွဲသံကို ကြားလိုက်ရပြီး ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
သား....."မေမေကြောင့် ကျကွဲတာဖြစ်ရမယ်"
ဖခင်....."သားက ဘယ်လိုလုပ် သိလဲ"
သား.... "ဆဲသံ မကြားလို့ ဖေဖေ"

တချို့လူတွေက မတူညီတဲ့ စံထားနဲ့ ကြည့်တဲ့ အမြင်တွေ ကွဲပြား တတ်ကြတယ်။ တစ်ခြားလူ လုပ်ရင် အပြစ် ရှိတယ်.... ကိုယ်လုပ် ရင်တော့ အပြစ်မရှိဘူး။

(၃) တစ်ခါက ဂျပန်နိုင်ငံရှိ ကျွန်းတစ်ကျွန်းသို့ ခရီးသည်များ သွားရောက် လည်ပတ်ကြသည်။ ထိုကျွန်းရှိ လမ်းများမှာ အလွန်ဆိုးပြီး ချိုင့်ခွက်များဖြင့် မညီမညာဖြစ်နေသည်။ လမ်းပြတစ်ဦးက ခရီးသည်များကို လမ်းမှာ ကျောက်ပေါက်နေသူနှင့် တူသည်ဟု ပြောဆို တောင်းပန်ခဲ့သည်။ အခြားလမ်းပြ တစ်ဦးကမူ "ကျွန်တော်တို့ အခုလျောက်နေတဲ့ လမ်းကတော့ ဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးတဲ့ ပါးချိုင့်လမ်းလေးပေါ့" ဟု ကဗျာဆန်ဆန် ပြောခဲ့သည်။

တူညီတဲ့ အဖြစ်အပျက်မှာ မတူညီတဲ့ အမြင်ကြောင့် ကွဲပြားတဲ့ ရလဒ်ကို ခံစားကြရတယ်။ အတွေး ဆိုတာ ထူးဆန်းတဲ့ အရာတစ်မျိုးပါ။ ကိုယ်ဘယ်လို တွေးရင် ဘယ်လို ခံစားရပါတယ်။ အကောင်း တွေးရင် စိတ်ချမ်းသာရပြီး အဆိုးတွေးရင် ကိုယ်ပဲ ခံစားရပါတယ်။

(၄) အပေါ်က ပုံပြင်နှင့် ခပ်ဆင်ဆင်တူသော ပုံပြင်တစ်ပုဒ်မှာ ၃တန်းကျောင်းသား ကလေးများကို ဆရာမက ကိုယ့်ဆန္ဒ ဟုသော စာစီစာကုံး တစ်ပုဒ်ကို ရေးခိုင်းခဲ့သည်။ ကျောင်းသား တစ်ယောက်က သူ၏ဆန္ဒမှာ မိန်းကလေးတစ်ယောက်ဖြစ်ရန်ဟု ရေးထားသည်။ ထိုအဖြေကို အရှေ့တိုင်းရှိ ဆရာမက ဤသို့ပြောခဲ့သည်။
"ဒီကျောင်းသားဟာ ကြီးပွားမယ့်လူ မဟုတ်ဘူး"
သို့သော် အနောက်တိုင်းရှိ ဆရာမ တစ်ဦးက "ဒီကျောင်းသားဟာ တစ်ကမ္ဘာလုံးကို အပြုံးတွေ ဖြန့်မယ့် သူဖြစ်တယ်"

တချို့လူတွေက အားပေးမှုကို လိုလားသော်လည်း အောင်မြင်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို အကျယ် မဖွင့်ဆိုချင်ကြဘူး။

(၅) သူတောင်းစား "၁၀ ကျပ်လောက် စွန့်ခဲ့ပါခင်ဗျာ"
လမ်းလျောက်သူ "ငါးကျပ်ပဲ ပါတယ်ခင်ဗျာ"
သူတောင်းစား "ငါးကျပ်ကို အကြွေးမှတ်ထားလိုက်မယ်"

တချို့လူတွေက ရတာနဲ့တင် မရောင့်ရဲတတ်ကြဘဲ လောဘစိတ်က ကျေးဇူးတင် စိတ်ကို လွှမ်းမိုး သွားတတ်ကြတယ်။

(၆) ဇနီးမောင်နှံနှစ်ဦး ရှေးဟောင်းပြတိုက် တစ်ခုသို့ သွားရောက်လည်ပတ်ကြသည်။
မိန်းမဖြစ်သူက ယောက်ျားအား "အော်...တစ်လမ်းလုံး ငေးလာလို့ လမ်းလျောက်တာ အဲလောက်နှေးနေ တာကိုး"

တချို့လူတွေက ဘ၀လမ်းကြောင်းပေါ်မှာ ပြေးနေဖို့ပဲ သိပြီး လမ်းဘေး ၀ဲယာက လှပတဲ့ အရာတွေကို ခဏလောက်ရပ်ပြီး ခံစားဖို့ မေ့နေတတ်ကြတယ်။

(၇) မိန်းမဖြစ်သူက မီးဖိုချောင်ထဲတွင် ကြော်လှော်ချက်ပြုတ်နေသည်။
ယောက်ျားဖြစ်သူက ဘေးမှနေ၍ မိန်းမဖြစ်သူအား "ဖြေးဖြေးလုပ်...ဆားထည့်ဦး... ဆီများသွားပြီ... မီးပြင်းပြန်ပြီ..ငါးကို လှန်လိုက်...ဟော်...တူးပြန်ပြီ....ဟာ...အိုး စောင်းသွားပြီ" စသည်ဖြင့် ဆရာလုပ်နေသည်။
"ရှင်တော်တော့...ကျွန်မထက် ရှင်ဟင်းချက်တတ်လို့လား"
"မောင်ထက် ရှင်မက ဟင်းချက်ပိုတော်ပါတယ်... မောင် ကားမောင်းနေတဲ့ အချိန်မှာ ရှင်မလည်း မောင့်ဘေး ကနေ အဲလို တတွတ်တွတ် ရွတ်နေလို့ ကိုယ်ချင်းစာတတ်အောင် တမင်ပြောနေတာပါ"

သူ့နေရာမှာ ၀င်ခံစားကြည့်မယ်။ သူ့ရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင် တစ်ခြားလူကို ကိုယ်ချင်းစာ တတ်ဖို့ ဆိုတာ မခက်ပါဘူး။

ဆက်လက်ဖတ်ရှုပါရန်...

Tuesday, September 23, 2008

မိဘကျေးဇူးမြင်းမိုရ်ဦး

မြင်းမိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးကြီးမား မိဘနှစ်ပါးတို့သည် မြင်းမိုရ်တောင်ပုံ တမျှကဲ့သို့ ဂုဏ်အင်ကြီးမား ကြပေကုန်၏။ သို့ဖြစ်၍ လောကကြီးမှာရှိတဲ့ တောင်အပေါင်းတို့တွင် မြင်းမိုရ်တောင်ဟာ အကြီးဆုံးဖြစ်ပါတယ်။
အဲဒီလိုပဲ ကျေးဇူးတကာ ကျေးဇူးတို့တွင် မိဘကျေးဇူးဟာလည်း အကြီးဆုံးပဲ၊ ဘာကြောင့်လဲဆိုတော့ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထ၀ီ မြေကြီးသည် ရံခါမီးကြောင့် ပျက်စီးရတယ်၊ ရံခါရေကြောင့် ပျက်စီးရတယ်၊ ရံခါလေကြောင့် ပျက်စီးရတယ်၊ ဒီတော့ ကမ္ဘာကြီးမှာ ဘယ်ဟာအား အကောင်းဆုံးလဲလို့ မေးရင် မီး၊ ရေ၊ လေ ဒီသုံးခုလို့ပဲ ဖြေရပါလိမ့်မယ်။ ဒီအားကြီးတွေနှင့် မိဘနှစ်ပါးက သားသမီးကို မချစ်အောင် တားလို့မရပါဘူး။ မိဘမေတ္တာကပဲ အနိုင်ရမှာပါ။ ဒါ့ကြောင့် ``မာတာပိတုဂုဏောအနန္တော´´ လို့ ဘုရားက ဟောခဲ့တာပေါ့။
မိဘ၏ မေတ္တာအားဟာ ဘယ်လောက် ကောင်းသလဲဆိုတော့ အလွန်တရာ နီမြန်းတဲ့သွေးဟာ မေတ္တာအားကြောင့် ဖြူပြီးနို့ရည် ဖြစ်လာရတယ်။ မချိုတဲ့သွေးဟာ ချိုလာတယ်။ မွေးပြီးလို့ ပစ်သာထားမယ်ဆိုရင် ဒီကလေးက အသက်ရှင်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒီတော့ အသက်၊ အသွေး၊ အသားတွေဟာ ဘယ်သူ့ကြောင့် ကြီးပွားလာရတာလဲဆိုရင် မိဘကြောင့် ကြီးပွားလာရတာပါ။ ဒီအသက်၊ အသွေး၊ အသားတွေကို ဘယ်သူကပိုင်သလဲ မိဘကသာ ပိုင်ဆိုင်ခြင်း ဖြစ်ပါတယ်။
ကလေးတစ်ယောက် သူ့အိုး၊ သူ့အိမ်နှင့် နေနိုင်သည်အထိ စောင့်ရှောက် မွေးမြူလာရတဲ့ ဒုက္ခတွေက မသေးပါဘူး။ နို့စို့တဲ့ အရွယ်တုန်းကလည်း သားကလေး၊ သမီးကလေး ဒုက္ခဖြစ်မှာစိုးလို့ ရှောင်လိုက်ရတဲ့ အစားအစာ၊ မပြောပါနှင့်တော့ အမေဟာ ပိန်သွားတာပဲ၊ အ၀တ်အစား ၀တ်တဲ့အရွယ် ရောက်တော့လည်း သူတို့နှင့် တော်တဲ့ အ၀တ်ကလေး တွေချုပ်ပြီး ၀တ်ပေးရတယ်၊ စားစရာအမျိုးမျိုး ၀ယ်ကျွေးရတယ်၊ ကျောင်းထားတဲ့ အရွယ်ရောက်တော့လည်း ပိုက်ဆံကုန်ကျခံပြီး ကျောင်းထားပေးရတယ်။
လူပျိုတက်စ၊ အပျိုတက်စ အရွယ် အလွန်လှချင်တဲ့ အရွယ်ကျပြန်တော့လည်း သူများနည်းတူ အဖိုးတန် အ၀တ်တန်ဆာများကို ၀ယ်ပြီးပေးရတယ်။ အိမ်ထောင်ပြုတဲ့ အရွယ်ကျ ပြန်တော့လည်း ပိုက်ဆံ အကုန်အကျခံပြီး မင်္ဂလာဆောင် ပေးရတယ်။ သူတို့တွေ ကလေးမွေး ပြန်တော့လည်း သူတို့ ဒုက္ခကို ကူညီပြီး ဆောင်ရွက်ပေးရတယ်။ သူတို့ကလေးကို ထိန်းသိမ်း စောင့်ရှောက်ပေးရတယ်။ အဲဒီဒုက္ခတွေဟာ သေးငယ် တာမဟုတ်၊ အင်မတန်ကြီးလေးတဲ့ ဒုက္ခ၀န်ထုပ်ကြီးပဲ။ အဲဒီဒုက္ခ၀န်ထုပ်ကြီးကို ထမ်းရွက်ရတာ သားသမီး အပေါ်မှာ ကြီးမားတဲ့ မေတ္တာရှိလို့သာ ထမ်းရွက်နိုင်တာပဲ ဖြစ်ပါတယ်။
ပိုက်ဆံပေးပြီးသာ ခိုင်းမယ်ဆိုရင် ဘယ်သူက ထမ်းရွက်မှာလဲ၊ ဘယ်သူမှထမ်းနိုင်မယ် မထင်ပါဘူး။ ဒုက္ခ၀န်ထုပ်ကြီးကို ထမ်းရွက်နေရတဲ့ ကျေးဇူးဟာ အင်မတန်ကြီးမားလွန်းလို့ `` မာတာပိတုဂုဏော အနန္တော´´လို့ မြတ်စွာဘုရား ဟောတော်မူထားပါတယ်။
မိခင်ဟာ မိမိကလေးအပေါ်မှာ ဘယ်လောက် ချစ်သလဲဆိုတော့ ကလေးကို ပုခက်ပေါ်မှာ သိပ်ထားပြီး မိမိ၏ အလုပ်ကိုလုပ်နေပေမယ့် ကလေးငိုသံကိုသာ နားအမြဲစွင့်ပြီးနေတယ်။ အဝေးကို မသွားနိုင်ဘူး၊ ကလေးငိုသံကြားတာနဲ့ တပြိုင်နက် အလုပ်ကိုပစ်ထားပြီး ကလေးထံ ပြေးသွားတာပါပဲ၊ ကိုယ်ကောင်ကွဲပေမယ့် စိတ်ဟာတစ်ခုတည်းလိုပဲ၊ နှစ်ကိုယ့်တစ်စိတ် ဖြစ်နေတယ်။
ကလေး၏ ကိုယ်ကာယဟာ မိမိ၏ ကိုယ်ကာယဖြစ်သလို မိမိ၏ ရင်ခွင်ပေါ်၌ မစင်အညစ်အကြေး စွန့်သော်လည်း ရွံ့စရာလို့ မအောက်မေ့နိုင်ဘူး၊ နှပ်တို့ တံတွေးတို့ အရိအရွဲတို့ ထွက်သော်လည်း မရွံမရှာ သုတ်သင်ပေးတယ်။ ဒီလိုကလေးရဲ့ အညစ်အကြေးတွေကို သုတ်သင်နေရတာဟာ တစ်လနှစ်လ မဟုတ်ဘူး။ သူတို့ ခန္ဓာကို သူတို့နိုင်သည်အထိ သုတ်သင်နေရတာဖြစ်တယ်။ ဒီဒုက္ခတွေကို သည်းခံနိုင်တာ ဟာ အင်မတန်ကောင်းတဲ့ မေတ္တာကြောင့်သာ သည်းခံနိုင်တာပဲ ဖြစ်ပါတယ်။
ကလေးပြုံးလိုက်ရင် အမေဟာ ၀မ်းသာလိုက်တာ သိန်းထီပေါက်တဲ့လူလိုပဲ၊ သားလေး၊ သမီးလေးကို အရိပ်ကြည့်လို့ အားမရဘူး။ အလုပ်ကိုကောင်းကောင်းလုပ်ရတယ်မရှိတော့ဘူး။ ကလေးကို အမြဲတမ်း ကြောင့်ကြစိုက် နေရတယ်။ ကမ္မဋ္ဌာန်း စီးမြန်းတဲ့ ယောဂီရဟန်းများလို သားကမ္မဋ္ဌာန်း စီးမြန်းပြီး နေရတာဟာနည်းတဲ့ မေတ္တာမဟုတ်ပါလား။ သို့ပေမယ့် မြတ်စွာဘုရားက သတ္တ၀ါများကို သနားချစ်ခင်တဲ့ မေတ္တာသည် ချိန်ခွင်ပေါ်မှာတင်ပြီး ချိန်လျှင်အတူတူပဲ ညီမျှပါတယ်။ ဒါကြောင့် ဘုရားနှင့် နှိုင်းတစ်ဂိုဏ်းတည်းလို့ ပြောကြ တာပေါ့။ ဒီလိုကြီးမားတဲ့ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးလျှင် နတ်များ ကြည်ညို၍ ချီးမွမ်းကြောင်းကို ``သုဝဏသာမ´´ဇာတ်မှာ မြတ်စွာဘုရား ဟောကြားတော် မူထားတာတွေ့ရမှာပါ။ ဒါကြောင့် ပုထုဇဉ်လူသား အားလုံးလဲ မိဘကျေးဇူးအထူးသိတတ်ပြီး မိဘကို လုပ်ကျွေးတဲ့ သားကောင်း၊ သမီးကောင်းများ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။
အရှင်ဉာဏ (မဟာယနက၊ တိုက်အုပ်ဆရာတော်) ရေးဖွဲ့ထားတဲ့ ဒေသနာပန်းခိုင် စာအုပ်ထဲမှ ကိုးကား၍ ပြန်လည်ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။
အဖြူရောင်မိန်းကလေး

ဆက်လက်ဖတ်ရှုပါရန်...

Wednesday, September 17, 2008

အမှားကိုသိလျှင် အမှန်ကိုပြုပြင်လိုက်ပါ….

လောကကြီးမှာ အမှားတစ်ခုကို အမှားလို့သိပြီး အသိမှန်၊ အမြင်မှန်ရကာ ပြောင်းလဲသွားခြင်းသည် လူသားတိုင်း ၏ စိတ်ဓာတ်တိုးတက်မှု ဖြစ်ပါသည်။ ဘယ်လိုဘဲဖြစ်ဖြစ် မဖြစ်နိုင်တာကို ဖြစ်နိုင်တယ်၊ မဟုတ်တာကို ဟုတ်တယ်လို့ထင်ပြီး အမှားကို အမှန်လို့ ယုံကြည်နေသူဟာ မိမိဘ၀အတွက် နစ်နာမှုကို ဖြစ်စေပါသည်။ ဘယ်လိုအမှန်တရားဘဲဖြစ်ဖြစ် အမှန်တရားမှန်သမျှဟာ တန်ဖိုးရှိပါတယ်။
စကားပုံတစ်ခု ကြားဖူးပါတယ်။ ``မာနဟာကျဆုံးမှုရဲ့ ရှေ့တော်ပြေး´´ဖြစ်တယ်တဲ့။ ဒါကြောင့် အမှန်တရားကို ရှာဖွေရင် အတ္တစွဲနဲ့ မာန်မာနကင်းကင်း ရိုးရိုးသားသား ရှာဖွေရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။ လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အမှားဟာ မိမိကိုယ်တိုင်၊ မိမိ၏မိသားစုနှင့် မိမိ၏ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာစေပါသည်။
လူတိုင်းသည် မိမိ၏လုပ်ရပ်ကို အမှန်ဘဲလို့ ထင်ကြသူတွေ ဖြစ်ပါသည်။ မိမိ၏လုပ်ရပ် မှားသွားမလားဆိုတဲ့ အတွေးများ ၀င်လာပေမယ့် ထိုအတွေးကိုဖျောက်ပြီး အဲဒီလုပ်ရပ်အမှားကိုဘဲ ဆက်လုပ်မိကြပါတယ်။ အမှန်တစ်ကယ် မှားသွားပြီး ဆိုသည့်အခါမှ နောင်တတရား ရင်ဝယ်ပိုက်ရင်း ၀မ်းနည်းမှု ဖြစ်ကြရပါသည်။ နောင်တမရခင် အချိန်တွင်မူ မိမိ၏ လုပ်ရပ်များ မှားနေသည်ဟုထင်လျှင် အမှန်ဖြစ်နိုင်အောင် ကြိုးစားကြည့်ကြ ပါ။ ဒါမှမဟုတ် ထိုကိစ္စအား ဆက်မလုပ်မိစေရန် မိမိ၏ စိတ်ကိုထိန်းထားလိုက်ပါ။ ဒါဟာ အကောင်းဆုံး လုပ်ရပ် ဖြစ်ပါသည်။ အများအားဖြင့် လူတိုင်းလူတိုင်း ဒေါသကြောင့် အများပေါင်းများစွာ ပြုမိကြပါသည်။ ဒေါသကို ရှေ့တန်းတင်၍ မကောင်းပါ။ ဒေါသဟာ အမှားကိုဖြစ်အောင် အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးတဲ့ စိတ်၏ ရှေ့ပြေးဖြစ်ပါသည်။ ဒေါသကြောင့် လူအများ ရန်ပွဲပေါင်းများစွာ ဖြစ်ကြရပါသည်။ အလုပ်လုပ်ရာတွင်လည်း ဆုံးဖြတ်ချက်ကို မြန်မြန်မချမိကြပါစေနှင့်။ ဆုံးဖြတ်ချက် မြန်မြန်ချလျှင် အမှားများများ ဖြစ်စေနိုင်ပါသည်။ မိမိ၏ စိတ်ကိုအေးအေးထားပြီး ခေါင်းအေးအေးနှင့် ဆုံးဖြတ်ချက်ချနိုင်လျှင် အမှားကင်းစင်နိုင်ပါသည်။
မိမိ၏ အမှားကိုသိလျှင် အမှန်သို့ရောက်အောင် ပြင်စေလိုပါသည်။ လူတိုင်းရဲ့ ဘ၀တစ်လျှောက်လုံးမှာတော့ အမှားကိုယ်စီ လုပ်မိကြဖူးပါသည်။ အမှားတစ်ခု လုပ်မိပြီးလျှင် နောက်ထပ်အမှားတစ်ခု ထပ်မလုပ်မိစေရန် မိမိ၏ စိတ်ကို စောင့်ထိန်းရပါမည်။ အမှားတစ်ခုကို လုပ်မိပြီးသွားတောင်မှ မိမိ၏အမှားကို နောင်တမရဘဲ နောက်ထပ် အမှားပေါင်းများစွာ ကျူးလွန်နေသူသည် လူပီသသူ မဟုတ်တော့ပါ။ ထိုကဲ့သို့သောသူကို လူအများစုက ဝေးဝေး ရှောင်ကြမည်သာ ဖြစ်ပါသည်။ အမှားကိုသိပြီး အမှန်ပြင်သောသူသာလျှင် စိတ်ဓာတ်ကောင်း၊ အကျင့်ကောင်း ရှိသောသူ ဖြစ်ပါသည်။
လူတစ်ယောက်အတွက် အမှားကိုသိ၍ အမှန်ပြုပြင်ခြင်းမှာ ခဲယဉ်းသောအလုပ် မဟုတ်ပါဘူး။ မိမိဆောင်ရွက် မည့်ကိစ္စကို မှားလား မှန်လား အရင်သိသင့်ပါသည်။ မှားမှန်သိလျှင် ပြုလုပ်မည့်ကိစ္စကို ရပ်ဆိုင်းသင့်ပါသည်။ သူငယ်ချင်းတို့လည်း အမှားကိုသိလျှင် အမှန်ကို ပြုပြင်စေလိုပါသည်။ ဒါဟာ မိမိဘ၀ ကောင်းကျိုးအတွက် ဖြစ်ပါ သည်။ အမှားဆိုတဲ့ချောက်ကြီးထဲမှ အမှန်ဆိုတဲ့ လမ်းမှန်ပေါ်ကို လူတိုင်းကိုယ်စီ လျှောက်လှမ်းနိုင်ကြပါစေ။
ယု

ဆက်လက်ဖတ်ရှုပါရန်...

Tuesday, September 16, 2008

ယုံကြည်မှုတွေ၊ သစ္စာတရားတွေ
ချစ်ခြင်းမေတ္တာတွေ
တစ်ခုမှ ငါ့မှာ မရှိပါ။

ကမ္ဘာမြေကြီးကို ပိုင်ပိုင် ဆုပ်ကိုင်နိုင်ပြီ
ထင်ခဲ့ပေမယ့်
ငါ့လက်ကို ဖြန့်ကြည့်လိုက်တော့
ပြာမှုန့်တွေပဲ ဖြစ်နေတယ်။


ငါပိုင်ဆိုင်သမျှဟာ
ငါဖန်တီးနိုင်ခဲ့တာ တစ်ခုမှ မရှိပါ။

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

Wednesday, September 10, 2008

စောင့်ထိန်းခြင်း

သီလဆိုတာ စောင့်ထိန်းခြင်းဟု ကျွန်တော် နားလည်ပါသည်။ ကျွန်တော် ငယ်ငယ်က ဘိုးဘွားမိဘများက ငါးပါးသီလ လုံအောင် စောင့်ထိန်းရမည်ဟု ပြောကြပါသည်။ ကျွန်တော် စဉ်းစားကြည့်မိသည်။ သူများ အသတ် သတ်မိသလား . . . မသတ်ဖူးပါ (မသတ်မိပါ)၊ ဒါကြောင့် တစ်ပါးလုံပြီဟု တွေးလိုက်မိသည်။ သူများ ပစ္စည်း ခိုးမိသလား . . . မခိုးဖူးပါ (မခိုးဖူးပါ)၊ နောက်တစ်ပါးလုံပြန်ပြီ၊ လိမ်ပြောဖူးသလား . . . ဒါကတော့ တစ်ခါတစ်လေ လိမ်ပြောရသည့် ကိစ္စတွေရှိသည်။ သူများအကျိုး၊ ကိုယ့်အကျိုးအတွက် (ကိုယ့်အတွက်ကတော့ အဓိကပါ)။ ဒါကတော့ မလုံဘူးပေါ့၊ သူများ သားမယား ပစ်မှားဖူးသလား . . . ဒါလည်း လုံသည်ဟု ယူဆသည်။ အရက်သေစာ သောက်စားဖူးသလား . . . ဒါကတော့ လူငယ်ပီပီ မကင်းနိုင်ပါ။ ဒါကတော့ လုံမှာမဟုတ်။ ဒါဆို ဘယ်နှစ်ပါး လုံသလဲဟု တွေးကြည့်တော့ ငါးပါးမှာ သုံးပါးလုံသည်ဟု ယူဆခဲ့သည်။ တဖြည်းဖြည်း ကြီးလာတော့ သီလဆိုတာ စောင့်ထိန်းခြင်းပဲ၊ စောင့်ထိန်းခြင်းဆိုတာ သေသေချာချာ စောင့်ပြီး ထိန်းတယ်လို့ ခံယူမိလာတယ်။ သူငယ်ချင်းတို့ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့က သားသတ်သမားတွေ မဟုတ်တဲ့အတွက် သူ့အသတ်သတ်ခြင်း ဆိုတဲ့ သီလကို ထိန်းပြီးသားလို့ တွေးလို့ရပါတယ်။ ကျွန်တော်ကတော့ အဲဒီလို မယူဆပါဘူး။ ဥပမာ- မခံနိုင်လောက်အောင် ခြင်ကိုက်ခံရပါက ကျွန်တော်တို့ ဒေါသထွက်ပီး သတ်ပစ်လိုက်ကြသည်။ ဒေါသထွက်လောက်အောင် ပုရွက်ဆိတ် အများကြီး အကိုက်ခံရပါက ဒေါသထွက်ပီး သတ်ပစ်မိကြသည်။ ဒါဆို သီလမလုံ (ကျိုး)သည်ပေါ့။ အဲဒီလို အချိန်မျိုးမှာ မသတ်မိအောင် ဒေါသကို မျိုသိပ်(ထိန်းချုပ်)ပြီး စောင့်ထိန်းလိုက်ခြင်းမှသာ သီလလုံမည်ဟု ယူဆပါသည်။ အခြားသီလများလည်း ဒီလိုပါပဲ အခက်အခဲတွေနဲ့ ကြုံလည်း လုံအောင် စောင့်ပြီး ထိန်းမှ သီလ(စောင့်ထိန်းခြင်း) ဆိုတာ ပြည့်စုံမည်ဟု ယူဆပါသည်။ သူငယ်ချင်းတို့၏ အယူအဆများကိုလည်း ပြောနိုင်ပါသည်။
ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

နွေးထွေးသောမေတ္တာရိပ်

ကျွန်မတို့ ဒီမြေကမ္ဘာလောကကြီး၌ လူရယ်လို့ဖြစ်လာဖို့အတွက် မိဘများက မွေးဖွားပေးခဲ့ကြပါသည်။ လူတစ်လုံး၊ သူတစ်လုံး ဖြစ်လာအောင် ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ကြ ရပါသည်။ ငယ်စဉ်တောင်ကျေး၊ ကလေး ဘ၀ကမှစ၍ ယခုအချိန်ထိ ပညာတတ်ကြီးများဖြစ်အောင် တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည့်းပံ့ပိုးပေးခဲ့ ကြပါသည်။ ယဉ်ကျေးလိမ္မာအောင်၊ လူကြီးသူမကို ရိုသေတတ်အောင်၊ ကူညီရိုင်းပင်းတတ်အောင် ပဲ့ပြင်ဆုံးမခဲ့ပါသည်။ မိဘများသည် သူတို့တွင် မပြည့်စုံလင့်ကစား သားသမီးများကို ပတ်ဝန်းကျင်တွင် မျက်နှာမငယ် ရအောင်၊ အများနှင့်တန်းတူ ထားနိုင်အောင် တတ်နိုင်သည်ဘက်မှ ထောက်ပံ့ နိုင်အောင် ကြိုးစားရှာဖွေကြပါသည်။ သူတို့၏ ဘ၀တွေ ဘယ်လောက်ပင် ကြမ်းတမ်းခက်ခဲနေပါစေ သားသမီးများကို လုံးဝမျက်နှာတစ်ချက် အငြိုးမခံစေဘဲ သားသမီးများ၏ လိုအင်ကို မရရအောင်ဖြည့်ဆည်း ပေးတတ်ကြပါသည်။
အဲဒီလိုမျိုးဖြည့်ဆည်းပေးနိုင်ဖို့ ရန်အတွက် နေ့မနား၊ ညမအား အလုပ်များကို ပင်ပန်းဆင်းရဲစွာ လုပ်ဆောင် ကြရပါသည်။ သားသမီးများ အပေါ်၌လည်း အလွန်ကို မျှော်လင့်ချက်ကြီးစွာ ထားတတ်ကြပြီး သားသမီးများကို အများနှင့်တန်းတူ ပညာတတ်ကြီး များဖြစ်စေချင်ကြသည့်အတွက် မိမိတို့၏ ပတ်ဝန်းကျင်တွင် မိမိတို့၏ မိသားစုများထက် အနည်းငယ် ဆင်းရဲနုံချာသော မိသားစုများ၏ဘ၀နှင့် နှိုင်းယှဉ်ပြသပြီး ကျွန်မတို့တွေ နားလည်စာနာပြီး လူ့ပတ်ဝန်းကျင်တွင် ပညာတတ်ပါမှ လူတန်းစေ့နေနိုင်မည်ဖြစ်ပြီး မိမိတို့ ဘ၀ကိုလည်း မိမိတို့ စိတ်ကြိုက်ပုံဖော်နိုင်မည်ဖြစ်ကြောင်းကို ဘယ်လိုရည်ရွယ်ချက်၊ ရည်မှန်းချက်ထားရှိရမည်ဟု သားသမီးများ အပေါ် အလွန်စေတနာ၊ မေတ္တာ၊ ဂရုဏာများထားပြီး နားလည်အောင် သွန်သင်ပြသခဲ့ပါသည်။
ကျွန်မတို့မှာ မိသားစုလေးယောက်ရှိပါသည်။ ဖေဖေ၊ မေမေ၊ ကျွန်မအပါအ၀င် ကျွန်မရဲ့ အချစ်ဆုံးညီမလေး တစ်ယောက် လည်းရှိပါသည်။ ကျွန်မ၏ ဖေဖေသည် အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပါသည်။ ယခုလက်ရှိလည်း တာဝန် ထမ်းဆောင်နေလျက်ရှိပါသည်။ မေမေ ကတော့ ကျွန်မတို့ သားအဖ သုံးယောက်ရဲ့ တာဝန်ကိုယူရင်း အိမ်မှုကိစ္စများကို နေ့စဉ် ပြုလုပ်နေရပါသည်။ ကျွန်မတို့ ညီအစ်မနှစ်ယောက်ကို မေမေက နေ့စဉ်ကျောင်းကိစ္စ များကို အမြဲတမ်းမှန်စွာလေ့လာဆည်းပူးပြီး ပညာတတ်ကြီးဖြစ်အောင်ကြိုးစားကြရန်၊ ကျွန်မတို့ ညီအစ်မ နှစ်ယောက် ပညာရေးကို မကြောင့်မကြနှင့် သင်ယူနိုင်အောင် ပင်ပန်းဆင်းရဲစွာဖြင့် ကြိုးစားရှာဖွေနေသော ဖေဖေ့ကို သနားရန်နှင့် ကျွန်မတို့နှစ်ယောက် ပညာတတ်ကြီးဖြစ်မှ ဖေဖေနှင့် မေမေ လူပုံအလယ်တွင် ဂုဏ်တင့်မည်ဖြစ်ကြောင်းကို မေမေက အမြဲတမ်း သွန်သင်ဆုံးမပါသည်။
ယခုဆိုလျှင် ကျွန်မသည် ဘွဲ့ရပညာ တတ်တစ်ယောက်ဖြစ်ပြီး လုပ်ငန်းခွင်သို့ ၀င်ရောက် နေပြီဖြစ်ပါသည်။ ညီမလေးသည်လည်း ပထမနှစ် (GTC) သို့ တက်ရောက်နေပြီဖြစ်ပါသည်။ ယခုဆိုလျှင် ဖေဖေနှင့် မေမေသည် ကျွန်မတို့ ညီအစ်မနှစ်ယောက်အတွက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပီတိတွေဝေဖြာပြီး ပတ်ဝန်းကျင်တွင် မျက်နှာမငယ်ရတော့ဘူးဟု စကားကြုံတိုင်း အမြဲတမ်း ပြောဆိုတတ်ပါသည်။ အဲဒီလိုမျိုးဆက်လက်ပြီး ကြိုးစားသွားကြရန်၊ ဇွဲ၊ လုံ့လကို မလျော့ကြရန်၊ လုပ်ငန်းခွင်သို့ ၀င်ရောက်နေသော ကျွန်မနှင့် တက္ကသိုလ်သို့ တက်ရောက်နေသော ညီမလေးကိုပါ မိမိတို့၏ ကျရာနေရာ၊ ကျရာတာဝန်၊ ကျရာအခန်းကဏ္ဍကို ကျေပွန်စွာထမ်းဆောင်ပြီး မိမိဂုဏ်ကိုမြှင့်တင်ရန် သွန်သင် ဆုံးမပါသည်။
ကျွန်မကိုဆိုလျှင် ဖေဖေသည် ခဏခဏ ပြောဆိုဆုံးမပါသည်။ အစိုးရ၀န်ထမ်းတစ်ယောက်ဖြစ်လို့ တာဝန်ကျရာ၊ တာဝန်ပေးရာမြို့သို့ သွားရောက် တာဝန်ထမ်းဆောင်နေရသည့်အတွက် ဖေဖေ၊ မေမေတို့နှင့် အလှမ်းဝေးသည့် နေရာတွင် ရောက်ရှိနေပြီး အမြဲမိဘနှင့် မထိတွေ့ရသည့်အတွက် ပိုမိုပြီး ဂရုစိုက်ရန်လိုကြောင်း၊ မိမိအထက် လူကြီးများကခိုင်းသည့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရန်၊ မိမိအထက်လူကြီးများ စိတ်မငြိုငြင်အောင်၊ စိတ်ကွက်စရာများကို မပြုလုပ်မိစေရန်နှင့် ဆွေမျိုးရင်းချာများမရှိသည့် တစ်နယ်တစ်ကျေးတွင် နေထိုင်နေရသဖြင့် ရင့်ကျက်တည်ငြိမ်ပြီး စဉ်းစားတွေးခေါ်တတ်သည့် လူတစ်ယောက်ဖြစ်စေချင်ကြောင်း၊ အများတကာနှင့် အဆင်ပြေအောင် နေထိုင်ရန်၊ လိမ္မာပါးနပ်စွာ ပြောဆိုဆက်ဆံတတ်ရန်၊ သူတစ်ပါးကြောင့် မိမိစိတ် အနှောင့်အယှက် ဖြစ်ရပေမယ့် မိမိကြောင့် သူတစ်ပါးစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်မိစေရန်၊ မပြောမိစေရန်၊ မပြုမူမိစေရန် ဆင်ခြင်စွာ ပြုမူနေထိုင်သင့်ကြောင်း၊ လူအမျိုးမျိုး စိတ်အထွေထွေရှိကြသည့် တစ်စိမ်းတစ်ရံဆိုသည့် ပတ်ဝန်းကျင်တွင် ဂရုတစိုက်နေထိုင်ရန်၊ မွေးချင်းညီအစ်ကိုမောင်နှမတွေတောင်မှ စိတ်ဓာတ်တွေက တူညီချင်မှ တူညီတာ၊ မိသားတစ်စုနဲ့ တစ်စုက တူညီနိုင်ပါ့အုံးမလားဆိုသည့် ဖေဖေ့ ပြောဆိုသံ၊ ဆုံးမစကားသံများကို အလျဉ်းသင့်သလို ဖေဖေ၊ မေမေတို့နှင့် အဆက်အသွယ်ရတိုင်း ပြောဆို နေတတ်သည့် စကားသံများကို ကျွန်မနားထဲမှာ အမြဲကြားယောင်နေပါသည်။
တစ်ခါတစ်ရံတော့လည်း ကျွန်မသည် ဖေဖေ၊ မေမေတို့နှင့် မခွဲဘဲ အတူနေချင်သည့် ဆန္ဒများဖြစ်နေလျက် ရှိပါသည်။ ကျွန်မနေထိုင်သည့် ပတ်ဝန်းကျင်တွင် တစ်ခါတစ်ရံ၌ အဆင်မပြေသည့် အခါမျိုး၊ စိတ်ထိခိုက်စရာတစ်စုံတစ်ရာ ကြုံလာရသည့် အခါမျိုး၊ နေထိုင်မကောင်းဖြစ်သည့် အခါမျိုးတွင် မိဘရင်ခွင်သို့ ပြေးဝင်ပြီး ပြောပြစရာ၊ တိုင်ပင်စရာ၊ ချွဲနွဲ့စရာမရှိသည့်အခါမျိုးတွင် ဖေဖေနှင့် မေမေကို သတိရတမ်းတမိသည်။ စိတ်ဆင်းရဲစရာ၊ စိတ်ညစ်စရာ ကြုံရတဲ့အခါတိုင်း ဖေဖေက ရယ်စရာပြောပြ၍ စိတ်ပျော်အောင် ထားခဲ့သည့် အချိန်၊ ဘာစားချင်လဲ သမီးလေး၊ အခုဘာဖြစ်ချင်လို့လဲ သမီးလေးလို့ မျက်နှာတစ်ချက် အငြိုးမခံစေဘဲ အမြဲတမ်းမေးခဲ့တဲ့ မေမေရဲ့ စကားသံလေးတွေကို ကြားယောင်လာပါသည်။ ကျွန်မ အစိုးရ၀န်ထမ်း စလုပ်တုန်းကဆိုရင် ဖေဖေက အရမ်းကို ပျော်ရွှင်နေခဲ့တဲ့ အချိန်ပေါ့၊ ၀န်ထမ်းယူနီဖောင်းလေးနဲ့ ငါ့သမီးလေးက ကြည့်လို့ကောင်းလိုက်တာလို့ပြောခဲ့တဲ့ ဖေဖေနဲ့ အခုတော့ ကျွန်မတို့ မျှော်မှန်းသလို ဖြစ်လာပြီလို့ အားရကြည်နူး စွာပြောခဲ့တဲ့ မေမေကရဲ့ စကားတွေကို နားထဲကြားယောင်၊ မျက်လုံးထဲမှာ ဖေဖေနဲ့ မေမေတို့ရဲ့ ပုံရိပ်တွေကို မြင်ယောင်ပြီး စိတ်ညစ်စရာလေးတွေကို အမြဲတမ်းအဲဒီလို အတွေးလေးတွေနဲ့ ဖြေဖျောက် နေခဲ့ရပါသည်။ မိဘကျေးဇူးဆပ်ချင်သည့်အတွက်၊ ဖေဖေနဲ့ မေမေဖြစ်စေချင်သော အစိုးရ၀န်ထမ်း ဘ၀ကို ကျွန်မအမြတ်တနိုး တန်ဖိုးထားရင်း အခုလို ရပ်ဝေးတစ်နေရာမှာ တာဝန်ထမ်းဆောင်နေရခြင်းသာ ဖြစ်ပါသည်။ ဖေဖေနှင့် မေမေတို့လည်း ကျွန်မကို အမြဲတမ်းသတိရ တမ်းတနေရသည့်အတွက်ကြောင့် စိတ်ပင်ပန်းဆင်းရဲနေမည်ဟု ကျွန်မတွေးထင်မိပါသည်။ အခုလိုမျိုး ကျွန်မတို့ကို ပညာတတ်ကြီး တစ်ယောက် ဖြစ်ပြီး လူတန်းစေ့နေနိုင်အောင် လမ်းညွှန်သင်ကြားပြသပေးခဲ့သည့် ဖေဖေနှင့် မေမေတို့ကို အဝေးတနေရာမှာ အမြဲသတိရတမ်းတ ရှိခိုးဦးချလျက်ပါ. .
ယခုဆိုရင် ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်သူက၀င်၊ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရောက်သူကတက်နှင့် မိမိတို့၏ ရင်သွေးများလွတ်မြောက်ချေပြီဟု တွေးမိ၍ တစ်သက်တာလုံး ပင်ပန်းဆင်းရဲခဲ့သမျှ တမဟုတ်ခြင်း ပြယ်လွင့်သွားရချေပြီ။
ကျွန်မက အိမ်လွမ်းငှက်တို့ တောင်ပံခတ်သံဟူသည့် အရှင် အာစာရာလင်္ကာရ (ကိုးဘွဲ့ရဆရာတော် စီစဉ်သော အမေ့စာ ကဗျာပေါင်းချုပ်မှ စာပိုက်ပါ ကဗျာတစ်ပုဒ်မှ စာပိုဒ်အချို့ကို ညီမလေးအတွက်ဖော်ပြပါသည်။
လောကဓံလှိုင်းတံပိုးအကြား
ကျောက်ဆောင်လား
အမေလား ခွဲခြားမရ
ဘ၀၏ လမ်းတစ်လျှောက်
ကွေ့ကောက်များစွာ
အဖေ့ရဲ့ ခြေရာများ
အထင်ရှားဆုံးပါပဲ
မေတ္တာ ဂရုဏာ မုဒိတာ တရား
သုံးပါး ဗြဟ္မစိုရ်
အမေနှင့် အဖေ့ကို တစ်သက်မြဲ
သံမှိုစွဲသကဲ့သို့
တကယ်တော့ ကျွန်မတို့ အဖေနှင့် အမေသည် လောကဓံရေလှိုင်းကြားက ကျောက်ဆောင်ပါပဲ။
သက်

ဆက်လက်ဖတ်ရှုပါရန်...

Wednesday, August 27, 2008

မိဘ၀တ္တရားနောက်တိုးပွား

မကောင်းမြစ်တာ
ကောင်းရာညွှန်လတ်
အတတ်သင်စေ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင် ရှိရင်းဝန်တာ
နောက်တိုးမှာကား မှတ်ပါမနှေး
ကျွေးမွေးမပျက် ဆောင်ရွက်စီမံ
မြေးထိန်းရန်နှင့်
ဝေဖန်သီးခံ၊ မွေများချန်လျက်
စဉ်ဆက်မပျက် မိဘတာ။
သက်

ဆက်လက်ဖတ်ရှုပါရန်...

Monday, August 25, 2008

အမေ့ရင်ခွင့် နှင့် ၀မ်းစာရှာချိန်

အမေရဲ့ မေတ္တာအရောင်ဟာ ပုလဲရောင်ထက် တောက်ပပါသည်။ အမေရဲ့အကြင်နာနို့ရည်ဟာလည်း အတိုင်းအဆမဲ့ အေးမြချိုမြိန်တဲ့ နို့ရည်ဖြစ်ပါသည်။ ကျွန်မ အမေရဲ့ အကြင်နာနို့ရည်သောက်သုံးဖို့ တအီ…. အီ ငိုကြွေးရင်း အမေ့ရင်ခွင့်ထဲ မှာ ကလေးဘ၀က အဲဒီလို ပြုံးတလှည့် ငိုတမဲ့ မျက်နှာပေးနဲ့ ပပ်ချွဲ နပ်ချွဲ လုပ်ပြီး မျက်ရည်တွေကလည်းဝဲလျက်နဲ့ အမေကို နားပူနာဆာလုပ်ပြီး ကျွန်မ ၀မ်းစာရှာခဲ့ဘူးပါသည်။ ကျွန်မ ကလေးဘ၀တည်းက မေတ္တာစေတနာတွေကို နားလည် တတ်အောင် အမေကပဲ သင်ပေးခဲ့ပါသည်။
မိဘနှင့် ဝေးနေရတဲ့အချိန်မှာ မိမိကိုယ်ကိုယ်မိမိ မစောင့်ရှောက်နိုင်ရင် မိမိမှာသာ အကျိုးမဲ့မှုများစွာ ရှိနေပြီး မိဘကိုယ်လည်း ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်နိုင်ပါသည်။ ``သားသမီးမကောင်း၊ မိဘခေါင်း´´ ဆိုသည့်စကားပုံအတိုင်း မိမိမလိမ္မာလျှင်၊ မိမိအမှားတစ်စုံတစ်ရာ ပြုလုပ်မိလျှင် မိမိကိုယ်ကို ထိခိုက်မှာက နည်းနည်းဖြစ်ပြီး မိဘကို ထိခိုက်မိသည်ကများပါသည်။ ဒါကြောင့် မိန်းကလေးအများစုသည် မိခင်နှင့် လက်ပွန်းတတီးနေသည်ကများပြီး မိခင်ကို ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် တတ်ကြပြီး မိခင်က အဆုံးအဖြတ်ပေးသည့် လမ်းကြောင်းမှန်ကိုသာ လိုက်တတ်ကြပါသည်။
မိခင်၏ အရိပ်အာဝါသ အောက်မှနေပြီး အခုလိုမျိုး မခွဲစဖူး ခွဲထွက်လာတဲ့အချိန်မျိုးမှာ သတိကြီးစွာ ထားတတ်ကြဖို့လိုပါသည်။ ကိုယ့်အပေါ်ကို မိခင်ကလွဲပြီး ဘယ်သူကောင်းနိုင်အုံးမှာလဲ။ သို့ဖြစ်သောကြောင့် အရာရာတိုင်း မိဘကို တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါသည်။ မိဘက အမြဲတမ်း ကိုယ့်အတွက် အရာရာတိုင်း လုပ်ပေးနိုင်တဲ့ ကျေးဇူးရှင်ကြီးတွေဖြစ်သာ ဖြစ်ပါသည်။ ဒီလိုပဲ ကျွန်မတို့ အရွယ်ရောက်တော့ ကိုယ့်ဘ၀ ကိုယ့်လမ်းပေါ် ကိုယ်လျှောက်လှမ်းရင်း ၀မ်းစာရှာခဲ့ကြ ရပါသည်။ ကိုယ့်ဘ၀ ကိုယ့်လမ်း လျှောက်လှမ်းရင်းနဲ့ ငို ရီ မဲ့ ပြုံး ရုန်းကန်ရင်း ၀မ်းစာရှာချိန်မှာ ဒုက္ခတွေများလွန်လို့ ၀မ်းရေးအခက်တွေ့နေရရင် အမေ့ရင်ခွင် ပြေးမြင်မိတယ်…. ´´အမေ``….
ခိုင်ဇင်

ဆက်လက်ဖတ်ရှုပါရန်...

အသိနှင့်အကျင့်

လူအများဟာ အတော်ကိုခက်ပါသည်။ ထိုအထဲမှာ ကျွန်မလည်းအပါအ၀င် ဖြစ်ပါသည်။ ထစ်ခနဲဆို စိတ်တိုရ၊ ဒေါသဖြစ် ရတာနဲ့ ကိုယ့်စိတ်ကကိုယ့်ကို ပင်ပန်းစေပါတယ်။ ``ငါကတော့ မဟုတ်မခံပဲ။ နည်းနည်းမှ လာမကျောနဲ့။ သူများကိုလည်း မဟုတ်တာမလုပ်ဘူး။ ကိုယ့်ကိုလည်း လာမလုပ်နဲ့။ နည်းနည်းလေးမှ အထိမခံနိုင်ဘူး´´ ဆိုတဲ့ စိတ်တွေက နှလုံးသားမှာ စွဲလျက်ရှိကြပါတယ်။ ကျွန်မကတော့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ပြီး စိတ်ကြီးဝင်မိပါတယ်။ တကယ်တော့ ဒါတွေဟာ အတ္တမာန်တွေပါပဲ။ လူငယ်ပီပီ အတ္တစိတ်ထားပြီး မာန်တက်နေခြင်းပင်ဖြစ်ပါသည်။ ကျွန်မတို့ရဲ့ မြတ်စွာဘုရား ဟောကြားထားတဲ့ `ခန္တီ´ဆိုတဲ့ သည်းခံခြင်းဂုဏ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပါသည်။ ထို့ကြောင့် ရှေးလူကြီးသူမများက `ငါသာငါထက် မာန်မတက်နဲ့´ဟု ဆုံးမခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အချင်းချင်း ချစ်သောမျက်စိနဲ့ ကြည့်ကြပြီး အကောင်းမြင် တတ်သူသည် စိတ်ချမ်းမြေ့ဖွယ်ရာများကို ခံစားရပေလိမ့်မည်။
ကျွန်မအခုဝန်ထမ်းလုပ်သက် (၁)နှစ်တာကာလအတွင်း အလွှာပေါင်းစုံ၊ စိတ်နေသဘောထား အမျိုးမျိုးရှိသော လူများနှင့် ပေါင်းသင်းဆက်ဆံခဲ့ရပြီး မိတ်ဆွေသစ်များ တိုးပွားခဲ့ရပါသည်။ ကျွန်မက အဆောင်နေပြီး အလုပ်လုပ်ရသဖြင့် ကိုယ့်အိမ်ကိုယ့်ရာကဲ့သို့ နေထိုင်ပုံနှင့်မတူသော အတွေ့အကြုံသစ်များလည်း အများကြီး ကြုံတွေ့ခဲ့ရပါသည်။ ဘ၀ကို လက်တွေ့ကျကျ ကျင့်သုံးရသည့်အတွက် ငွေနှင့်ဝယ်ယူ၍မရသော ဘ၀ပေး သင်ခန်းစာများ ရရှိခဲ့ပါသည်။
ကျွန်မအရင်က မိဘများနှင့်ခွဲခွာပြီး အဆောင်မနေဖူးပါ။ ယခုအလုပ်ဝင်မှ မိဘများနှင့်ခွဲပြီး အဆောင်နေ ခဲ့ရပါသည်။ အဆောင်ဆိုတော့ မိမိနေထိုင်သကဲ့သို့အိမ်နှင့်မတူပါဘူး။ ကိုယ့်အိမ်မှာဆို အမေက ထမင်းဖြူဖြူ၊ ဟင်းပူပူနှင့် ဖွယ်ဖွယ်ရာရာ တို့စရာလေးတွေအစုံ ချက်ပေးထားသည်ကိုပင် ဟိုဟင်းမကြိုက်၊ ဒီဟင်းမကြိုက်ဆိုပြီး မိဘအပေါ် နွဲ့ဆိုးဆိုး မိပါသေးသည်။ အခုမှ ကျွန်မနောင်တရမိပါသည်။ ကျွန်မရဲ့လစာလေးနဲ့ မိဘအိမ်မှာနေသလို အမြဲတမ်းဟင်းကောင်း ကောင်းစားနိုင်ပါမည်နည်း။ အဘယ်မှာ ဖွယ်ဖွယ်ရာရာ စားနိုင်ပါမည်နည်း။ မိဘအိမ်ကိုသာတမ်းတပြီး ကိုယ်ချက်ထားတဲ့ ဟင်းကိုမစားလျှင်လည်းငတ်နေရုံပင် ရှိတော့မည်။ ဒါတွေကိုသိလျက်နဲ့ ကျွန်မအသင့်အတင့် နှလုံးမသွင်းနိုင်ဖြစ်နေပါသည်။ ထမင်းစားတဲ့အချိန်တိုင်း ကျွန်မစားချင်တာကို စီစဉ်ကျွေးမွေးရှာကျွေးခဲ့သော မိဘနှစ်ပါး၏ ကျေးဇူးတရားများကို အောက်မေ့သတိရ လျက်ရှိပါသည်။ ကျွန်မ၏အိမ်ကိုသာ အစဉ်အမြဲ သတိရလျက် ရှိပါသည်။
အဆောင်အတွင်း ကိုယ့်နေရာကိုယ် သန့်ရှင်းရေးလုပ်ရသလို ကိုယ့်ရဲ့တာဝန်များကိုလည်း ကိုယ်တိုင် လုပ်ဆောင်ရပါသည်။ ကိုယ်မှမလုပ်ရင်လဲ ကိုယ့်တာဝန်များကို ဘယ်သူမှ လာလုပ်ပေးမည်မဟုတ်ပါ။ အိမ်မှာဆိုလျှင် ရံဖန်ရံခါ မိဘ၊ ညီအစ်ကို၊ မောင်နှမများက ကိုယ့်ရဲ့တာဝန်များကို ၀ိုင်းဝန်းကူညီ လုပ်ကိုင်ပေးခဲ့ပါသည်။ ယခုဆိုလျှင် မိမိတစ်ယောက် တည်းနေရတဲ့အချိန်များမှာတော့ ကိုယ်မှမလုပ်လျှင်လည်း ကိုယ့်အလုပ်ဘဲမပြီးနိုင်ဖြစ်ပေလိမ့်မည်။ အခုမှ ကျေးဇူးတရား အားလုံးကို သဘောပေါက်မိပါသည်။ ကျွန်မ နေထိုင်မကောင်းဖြစ်နေချိန်တွင်လည်း ကိုယ့်မိဘဆွေမျိုးများလောက် ကိုယ့်ကို ဘယ်သူကမှ ကူညီပေးနိုင်မည် မဟုတ်ပါ။ နေထိုင်မကောင်းဖြစ်နေချိန်တွင် လူတိုင်းအိမ်ကို သတိရတမ်းတလျက် မိဘများရဲ့မေတ္တာကို ငတ်မွတ်တောင့်တမိကြပါသည်။ အခုတော့ မိဘများနဲ့ဝေးနေပြီး သူစိမ်းမိတ်ဆွေများနှင့် နေထိုင်ရသည့်အခါ လူလူချင်းကျောချင် သူများလည်း ရှိပါသည်။ မပြောပလောက်သော အသိပညာ၊ အတတ်ပညာ ကလေးတွေနဲ့ ကိုယ့်ကိုယ်ကိုမာန်ဝင့်နေခြင်းမှာ ရှက်စရာကောင်းပါသည်။ ကျွန်မလည်း တခါတလေ ဤကဲ့သို့စိတ်မျိုး ရှိပါသည်။ အဘက်ဘက်က အသိမကြွယ်သေးသည့် ကျွန်မလိုသူငယ်ချင်းတွေ အများကြီးရှိမှာပဲဟု တွေးတောမိပါသည်။
ကျွန်မလည်း ပြုပြင်ဖို့ အများကြီးလိုပါသေးသည်။ ကျွန်မကို အသံမာမာနှင့် သြဇာပေးလျှင် ကျွန်မမကြိုက်ပါ။ တစ်ချို့လူများကလည်း အပြောမတတ်၊ နှုတ်ချိုသျှိုတစ်ပါးဆိုသည်ကို နားမလည်၊ အပြုသဘောနှင့် ပြောဆိုခြင်းထက် လေသံမာမာနှင့် ဆရာလုပ်သြဇာပေးနေရလျှင် ကျေနပ်နေသည့် လူစားမျိုးလည်း များလှပါသည်။ ဆရာလုပ်သူကလုပ်၊ သြဇာပေးသူကပေးနှင့် လူအမျိုးမျိုးရှိပါသည်။ တကယ်တော့ နှစ်ဖက်စလုံး ပြုပြင်သင့်သည့်အချက်များ ဖြစ်ပါသည်။ လေသံမာမာပြောသူကလည်း လေသံသာပြောင်းလိုက်ပြီး ခံရသူကလည်း သည်းခံခြင်းတရားကို နှလုံးသွင်းမိလျှင် စိတ်နှလုံး ချမ်းမြေ့ပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သည်းမခံဘဲ ခိုက်ရန်ဒေါသဖြင့် မာန်တ၀င့်ဝင့်ဖြစ်ခဲ့လျှင် နှလုံးစိတ်ဝမ်း မချမ်းမြေ့ဖွယ် ဖြစ်ပေလိမ့်မည်။
ကျွန်မဖတ်ရတဲ့ စာအုပ်တစ်အုပ်ထဲမှာ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး သင်္ကန်းဝတ်ရုံထားသည်မှာ မညီမညာဖြစ်နေပါသည်။ ဤသည်ကို (၇)နှစ်အရွယ် ရှင်သာမဏေကလေးက ``ဤသို့ဝတ်ရုံရပါသလား´´ဟု ထောက်ပြ မေးမြန်းသည်ကို လိုလားနှစ်သက်စွာခံယူ၍ သင်္ကန်းကိုလည်း ပြုပြင်ဝတ်ရုံခဲ့ပါသည်။ ထိုသာမဏေကလေးအား အမှားကို ညွှန်ပြပေးသူအဖြစ် လက်အုပ်ချီရှိခိုးခဲ့ပါသည်။ (၇)နှစ်အရွယ် သာမဏေ ကလေး၏ အဆုံးအမကို နှစ်ခြိုက်စွာခံယူခဲ့ပါသည်။ ကျွန်မသာဆိုလျှင် ကိုယ့်ထက်ငယ်သူကလာပြီး ဆရာလုပ်ရပါမည်လားဟု မကျေမနပ်နှင့် အတောမသတ်နိုင်သော ဒေါသကို ရပ်စဲနိုင်မည်မဟုတ်ပါ။ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်၏ စိတ်ထားအသိနှင့် ကျွန်မတို့လို `စိတ်ရိုင်းမာန်တက်၊ အမျက်မသို နိုင်သူ´များနှင့်ကား မနှိုင်းအပ်မယှဉ်သာ အကွာကြီးကွာခြားလှပါသည်။
ကျွန်မတို့သည် သည်းခံခြင်းတရားဆိုသည်ကို သိသာသိပါသည်။ မကျင့်ဆောင်နိုင်ကြပါ။ ပါးစပ်ကသာ သည်းခံရေး တရားဟောနေပါသည်။ လက်တွေ့မှာ သည်းခံနိုင်မှု နည်းပါးလှပါသည်။ ဘ၀င်ကျကျ သည်းခံခြင်း မျိုးထက် ကြောက်၍ သည်းခံခြင်းမျိုးသာများလှပါသည်။ သို့ဖြစ်၍ အသိနှင့်အကျင့် တစ်ထပ်တည်းကျစွာ ကျင့်ကြံပွားများနိုင်အောင် ကြိုးစား နေထိုင်ကြရန် တိုက်တွန်းလိုက်ပါသည်။
ယု

ဆက်လက်ဖတ်ရှုပါရန်...

Friday, August 22, 2008

သံယောဇဉ်

သံယောဇဉ် ကြိုးမျှင်

ရင်မှာတွယ်ညိ

နှလုံးသားထဲအထိ ချည်နှောင်။

မုန်းမေ့ဖို့ခက်

ချစ်မေတ္တာဓာတ်ကြောင့်

ဝေးကွာနေလည်းလွမ်းမိ။

မတွေ့ရင် မနေနိုင်

မပြေနိုင်တဲ့ နှောင်ကြိုး

တစ်ရစ်ပြီးတစ်ရစ်တိုးလို့ …
သက်

ဆက်လက်ဖတ်ရှုပါရန်...

Thursday, August 21, 2008

မျက်ကန်းချစ်

လူသားနှစ်ဦး ချစ်ဆိပ်ရည်တက်နေတဲ့ အချိန်မှာ သူတို့စိတ်ထဲမှာ ထင်ကျန်နေစေမယ့် အာရုံတွေအတွက် သူတို့ရဲ့ အကောင်းဆုံးအာရုံတွေ၊ အကျင့်စရိုက်အသွင်အပြင်လက္ခဏာတွေကို တစ်ယောက်ကိုတစ်ယောက် ပြသဖို့ချည်း ကြိုးစားတတ်ကြပါတယ်။
အချစ်က ချစ်ရည်လူးနေသူနှစ်ဦးကို မျက်ကန်းတစ္ဆေဖြစ်စေရုံသာမက တစ်ယောက်ကိုတစ်ယောက် သဘာဝတရားရဲ့ အမှောင်ဘက်ခြမ်းမှာ လုံးလုံးလျားလျား မေ့ပစ်လွယ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ တကယ်တော့ တစ်ယောက်ကိုတစ်ယောက် စံချိန်မီတဲ့ အရည်အချင်းတွေနဲ့ပဲ စွဲမက်ဖွယ်ရှိအောင် ကြိုးစားသင့်ပါတယ်။ ချစ်ရည်ထဲ နစ်သွားကြပြီဆိုရင်တော့ ချစ်သူနှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် ကိုယ့်အရှိအတိုင်း အခြားတစ်ဦးကို ထုတ်ဖော်ပြသပါလိမ့်မယ်။
တကယ့်စစ်မှန်တဲ့ အချစ်နဲ့ ချစ်နေသူတစ်ဦး အနေနဲ့ကတော့ ကိုယ့်ချစ်သူ ဂုဏ်သိက္ခာကျဆင်းစေမယ့် အမှောင်ဘက်ခြမ်းက ပြဿနာတွေ၊ ဖြစ်ရပ်တွေကို ထုတ်ဖော် ပြောဆိုမှာ မဟုတ်ပါဘူး။ အချို့ချစ်သူတွေက ရေရှည်မျှော်တွေးပြီး ပြဿနာကို ချောင်ထိုးပစ်တတ် ကြပါတယ်။ ပြသဖို့ချည်း ကြိုးစားတတ်ကြပါတယ်။
အချို့ချစ်သူကျပြန်တော့ ချစ်ရည်လူးမိပြီဆိုရင် လက်ထပ်ပြီးရင်ပြုပြင်သွားမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ချစ်သူရဲ့ အနာအဆာတွေကို မေ့တတ်လျှော့တွက်ထားတတ်ကြသလို နောက်တစ်မျိုးအနေနဲ့ အချစ်ဟာ အခြား အရာအားလုံးကို အောင်နိုင်တယ်ဆိုပြီး အပြစ်အနာအဆာများတဲ့ ချစ်သူနဲ့ လက်တွဲရှင်သန်တတ်ကြပြန်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ပြီးတဲ့အခါမှာတော့ ချစ်သူဘ၀က မက်ခဲ့တဲ့ ပန်းနုရောင်အိမ်မက်လှလှလေးတွေ အားလုံးပျက်သုဉ်းသွားစေပြီး တစ်ယောက်ကိုတစ်ယောက် ကိုယ့်ရဲ့ ပင်ကိုဗီဇစရိုက်တွေကို ဖော်ထုတ်ပြသလာ တတ်ကြပါတယ်။
အဲဒီနောက်မှာတော့ အပြန်အလှန် စိတ်ပျက်အားငယ်မှုတွေဟာ အချင်းချင်း တစ်ယောက် ယောက်ရဲ့ လျှို့ဝှက်ပြီး အတွင်းကျတဲ့ အနာအဆာတွေကို အခြားတစ်ယောက်က လူသိရှင်ကြား ထုတ်ဖော် ပြောဆိုလာပါတော့တယ်။ ဒါဟာ မျက်ကန်းချစ်တွေရဲ့ ရလာဒ်စတင် ပျံ့နှံ့လာခြင်းပါပဲလေ။
သက်

ဆက်လက်ဖတ်ရှုပါရန်...

တစ်လှည့်စီပဲ

မြစ်ကမ်းခြေ ညနေခင်း

နေမင်းအေး နွမ်းနယ်နယ်

ရေချိုးနေတယ်

ညနေပျို အိုကာမင်းတော့

လမင်းလေး ရေစံပယ်

ပန်းပွင့်နှယ် ရေ၀ယ်ကူး

ရွှင်မြူးနေတယ်

နေမင်းက နွမ်းကာကွယ်

လရယ်က ရွှင်မြူး

နံနက်ဖူးကမှ

ရေကူးကာ ပျော်ရွှင်မြူးတဲ့

နေကစိတ်ကူး။
ယု

ဆက်လက်ဖတ်ရှုပါရန်...

Tuesday, August 19, 2008

အရာသာပျက်ကြောင်း တရား(၄)ပါး

ကွမ်းယာထဲမှာ ထုံးမပါ

စား၍မကောင်းပါ။

ဆားမပါတဲ့ ဟင်းတစ်ခွက်

အရသာပေါ့ပျက်ပျက်။

မရှိဘဲလျက် ရှိဟန်ဆင်

ပလွှား ကြွားဝါချင်

ပျို့လင်္ကာ ကဗျာဖွဲ့

ပညာမတတ်ဘဲနဲ့

မှတ်ဖွယ်ဆင်ခြင် ဤလေးအင်

အရာသာပျက်ကြောင်း တော်ကာကျ

လောကသဘာဝ။ ။

ယု

ဆက်လက်ဖတ်ရှုပါရန်...

စကားကောင်းမပြောနိုင်လျှင် ပါးစပ်ကိုပိတ်ထားပါ

လူများသည် မိမိကိုယ်ကို ကောင်းစွာဆုံးမထားလျှင် အလွန်အတင်းပြောချင်ကြသည်။ ကြမ်းတမ်းသည့်စကားကို ဆိုချင် တတ်ကြပါသည်။ ရောက်တက်ရာရာကို ပြောပြီး မိမိပါးစပ်ကို အပေါစားဖြစ်အောင် နေ့စဉ်နှင့်အမျှ လုပ်နေတတ်ကြပါ သည်။ အဲဒီကိစ္စကတော့ သဘာဝပဲလေဟု လွှတ်ထားဖို့ မသင့်တော်ပါ။ မိမိစိတ်ကို ထိန်းကျင့်လုပ်မှ နှုတ်ကိုလည်း ထိန်း၍ရနိုင်ပါမည်။
ကြားပြီးပြီလားဟု လုပ်ငန်းခွင်များမှာ၊ ကျောင်းများမှာ တစ်ယောက်နှင့်တစ်ယောက် မေးတတ်မြန်းတတ် ကြပါသည်။ ဘာထူးသလဲဟု မေးမှဖြစ်မည့်ဌာနများလည်း ရှိသည်။ ထိုကဲ့သို့ ဌာနမျိုးမဟုတ်သော်လည်း ဘာထူးသလဲ၊ ကြားပြီးပြီလား စသည်ဖြင့် မေးတတ်မြန်းတတ်သည်ကတော့ ကောင်းသည့်အကြောင်းများကို ပြောဖို့ထက် သတင်းထူး သတင်းဦးကို ကိုယ်သိသည်ကို ပြောချင်သည့် သဘောနှင့် မေးတတ်သည်က များပါသည်။ မကြားရသေးဘူး၊ ပြောပါဦးဟုဆိုလျှင် ဟုတ်လောက်၏၊ မဟုတ်လောက်၏ဆိုသည်ကို ဘေးဖယ်ထားပြီး ပေါက်တတ်ကရ ပြောပါလေတော့သည်။ တချို့ကလည်း ဟုတ်တာမဟုတ်တာ အပထား၊ ကိုယ်ဖြစ်စေချင်သည့်အတိုင်း ဆွဲပြီးပြောတတ်သည့် စကားများကို ကြားပြီးလျှင် အာသာပြေပြီး နောက်တစ်ယောက်ကို ပြန်ပြောဖို့ ဆက်လက်ထွက်ခွာသွားတတ်ကြပါသည်။
မဟုတ်မမှန်သည့် မုသားစကားများ၊ တစ်ယောက်နှင့်တစ်ယောက် အထင်အမြင်မှားစေသည့် အချစ်အခင် ပျက်ပြားစေ သည့်စကားများ၊ သူတစ်ပါးကို စွပ်စွပ်စွဲစွဲပြောသည့်အခါ မိမိနှုတ်ကို သိက္ခာကျစေလောက်သည့် ရုန့်ရင်းကြမ်းတမ်းသည့် စကားများ၊ အနှစ်မဲ့ အကျိုးမဲ့တဲ့စကားများကို နေ့စဉ်ပြောနေခြင်းဖြင့် အကုသိုလ်များကို စုဆောင်းမိပြီးသား ဖြစ်သွားတတ်ပါသည်။ မိမိ၏စိတ်သည်လည်း ရှင်းလင်းကြည်သန့်သည့် အနေအထားကို မရရှိနိုင်ပါ။ မကောင်းတာ တွေကို ပြောပြီး လေးလံနေပါသည်။ မကောင်းသည့်စကား မဟုတ်မမှန်သည့် စကားကို ပြောဖန်များလာလျှင် လူ့တန်ဖိုးကျလာ တတ်ပါသည်။
လူများသည် ပါးစပ်ပိတ်ထားပါလျက် ကြွက်ကြွက်ညံအောင် စကားပြောတတ်ကြပါသေးသည်။ ဘယ်နေရာမှများ စကားများနေတယ် ထင်ပါသလဲ။ မျက်စိကိုမှိတ်ကာ ပေါင်ပေါ်မှာလက်ယှက်ပြီး တရားမှတ်နေသည့်အချိန်မှာတောင်မှ စိတ်ကထွက်မှန်းမသိထွက်သွားပြီး ဘယ်သူနှင့်တွေ့လျှင် ဘာတွေပြောလိုက်မည်ဆိုပြီး အသံတိတ်စကားတွေ အများကြီး ပြောတတ်ကြပါသည်။ ထို့ကြောင့် ပါးစပ်ပိတ်ရုံမက စိတ်ကို သတိနှင့်ချုပ်ထားပါဟု ပြောရမည်ဖြစ်သည်။
သက်

ဆက်လက်ဖတ်ရှုပါရန်...

Monday, August 18, 2008

အိပ်မက်

ဖျတ်ကနဲ လက်သွားတဲ့ မျက်ဝန်းတစ်စုံ

နွေးထွေးတဲ့ အပြုံးနဲ့ နှုတ်ခမ်းတစ်ခု


လှပတဲ့ ညနေခင်းတွေ မလိုအပ်ပါဘူး

အရိပ်လေးတစ်ခု အရောင်လေး တစ်စလောက်ရှိရင်ပဲ ကျေနပ်ပါတယ်


မိုးသည်းတဲ့ လမ်းပေါ်မှာ အတူတူ စိုရွှဲချင်တယ်

ကော်ဖီအတူတူ သောက်လို့ စကားတွေ ပြောနေချင်တယ်


လေပြေအဝှေ့မှာ ဆံနွယ်ရနံ့လေး ရချင်တယ်

လက်ချင်းချိတ်လို့ ကမ္ဘာပေါ်မှာ နှစ်ယောက်တည်း

အတူ ယှဉ်တွဲလို့ပေါ့


ရိုမီယိုလိုလည်း ငါမချစ်တတ်ပါဘူး

နတ်ရှင်နောင်လိုလည်း ငါမလွမ်းတတ်ပါဘူး

ဒါပေမယ့် သူတို့ရဲ့ အချစ်တွေထက်သာတာ

ငါ သက်သေပြချင်ပါရဲ့


ငါ့ရင်ထဲက အချစ်တွေ ထုတ်မပြတတ်တာ

ငါ့ရဲ့ အားနည်းချက်တွေပဲလား

စကားလုံးတွေ ဆင်းရဲနေတာ တစ်ညလုံးပါပဲ


ဒါဟာ မှားယွင်းမှုဆိုရင်တောင်မှ အပျော်ဆုံးဆိုတာ

အမှန်တရားပါ

ငါ့အိပ်မက်ကနေ မနိုးပါရစေနဲ့ဦး

ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...

Saturday, August 16, 2008

လုပ်ရက်လေသူလေး
နှလုံးသားတစ်ခု
ချစ်ခြင်းကိုဖြူစင်မှုတိုနဲ
ပေါင်းစပ်ပြီး
ရိုးသားစွာ ဖွင့်ဟ၀န်ခံမှု့ ကို
အမုန်းစွက်လို့ အပြင်းအထန်
ငြင်းဆန်ရက်ခဲ့တယ်
ချစ်သူရယ်
အလွမ်းညတစ်ညရဲ့ 
အလွမ်းကမ္ဘာကြီးကိုတောင်
မလွမ်းတတ်ခဲ့တဲ့ သူ့အတွက်တော့
ပြဇာတ်တစ်ပုဒ် ဖြစ်ချင်ဖြစ်သွားမယ်
ဖြူစင်မှုအတိနဲ့
ချစ်တတ်စ နှလုံးသားတစ်ခုမှာတော့
အစိတ်စိတ်အမွှာမွှာကွဲလိုပေါ့…………..
(ခိုင်ဇင်)

ဆက်လက်ဖတ်ရှုပါရန်...

Friday, August 15, 2008

အချစ်က အရာရာကို အကောင်းဆုံးဖြစ်စေသည်

ကမ္ဘာကြီးက ကျယ်ပြန့်သလို အချစ်ကလည်း ကျယ်ပြန့်လှသည်။ ပင်လယ်ကြီးက နက်ရှိုင်းသလို အချစ်ကလည်း နက်ရှိုင်းလှ၏။ ကမ္ဘာဦး ကတည်းက စခဲ့သော အချစ်သည် ကမ္ဘာဆုံးသော်လည်း မဆုံးနိုင်ချေ။ သံသရာမဆုံးသရွှေ့ အချစ်က မဆုံးနိုင်ပါ။ သံသရာဆုံးမှသာ အချစ်ကဆုံးတော့မည်။
ချစ်တဲ့စိတ်ကြောင့် မုန်းစိတ်လည်းဖြစ်ရ၏။ အချစ်သည် ခက်ခဲ၊ နက်နဲ၊ ရှုပ်ထွေးလှ၏။ အချစ်တွင် စိတ်အမျိုးမျိုး၊ စေတနာ အမျိုးမျိုး ပါဝင်ပါသည်။ ကိုယ်ချင်းစာမှု၊ ဂရုတစိုက်ရှိမှု၊ ခင်မင်မှု၊ ကိုးကွယ်မှု၊ ရက်ရောမှု၊ လေးစားမှု၊ တန်ဖိုးထားမှု၊ စာနာမှု၊ ကြင်နာမှု၊ မြတ်နိုးမှု၊ ကြည်ညိုမှု၊ လိုက်လျောမှု၊ ခွင့်လွှတ်မှု၊ အနာခံမှုတို့သည် အချစ်ဟူသော ဝေါဟာရမှာ သာအကျုံးဝင်ပါသည်။
အချစ်ဟူသည် လူတိုင်းနှင့်သက်ဆိုင်သလို လူတိုင်းလည်း စိတ်ဝင်စားပါသည်။ အခြားသူတစ်ယောက်၏ ပျော်ရွှင်မှု၊ ချမ်းသာမှုတို့သည် မိမိ၏ ပျော်ရွှင်မှု၊ ချမ်းသာမှုကဲ့သို့ပင် အရေးကြီးပါလားဟု နားလည်ခံစားတတ်သူ၏ နှလုံးသား၌သာ လျှင်ချစ်ခြင်းတရားက ပေါက်ဖွားနိုင်ပါသည်။ တစ်ကိုယ်ကောင်းစိတ်ရှိသူ၌ ချစ်စိတ်မရှိနိုင်ပါ။ တစ်ကိုယ်ကောင်းစိတ် မရှိသူ၌သာ ချစ်စိတ်က ပွင့်လန်းနိုင်ပါသည်။
အချစ်သည် ရယူခြင်းမဟုတ်၊ ပေးဆပ်ခြင်းသာဖြစ်သည်။ ပိုင်ဆိုင်လိုခြင်းမဟုတ်၊ ပိုင်ဆိုင်စေလိုခြင်းသာဖြစ်သည်။ သိမ်းပိုက်လိုခြင်းမဟုတ်၊ စွန့်လွှတ်ခြင်းသာဖြစ်သည်။ အသာစံခြင်းမဟုတ်၊ အနာခံခြင်းသာဖြစ်သည်။ အချစ်ဟူသည် ပေးကမ်းခြင်းအလျဉ် တသွင်သွင်စီးဆင်းနေပါသည်။
သစ်ပင်မှာအမြစ် လူမှာအချစ်´ဟုဆိုကြပါသည်။ သစ်ပင်ဟူသမျှ အမြစ်နှင့်ကင်း၍ မရသလို သတ္တ၀ါဟူသမျှ အချစ်နှင့် မကင်းနိုင်ကြပါ။ ဤအချစ်ကတော့ ရောထွေးနေ၏။ အချစ်ရှိနေ၍ လောကဟူ၍ ရှိနေခြင်းဖြစ်သည်။ အချစ်မရှိလျှင် လောကဟူ၍ မရှိနိုင်တော့ပါ။ လောက၌ လူတိုင်း သူ့အရွယ်နှင့်သူ တစ်ခုခုကိုတော့ ချစ်နေကြပါသည်။ မွေးကင်းစ ကလေးငယ်သည် မိခင်နို့ရည်ကိုချစ်၏။ စားတတ်၊ သောက်တတ်လာတော့ အစား၊ အသောက်ကိုချစ်၏။ ကစားတတ် လာတော့ ကစားစရာအရုပ်လေးများကိုချစ်၏။ ကျောင်းစနေတော့ ကျောင်းနေဖက်သူငယ်ချင်းများကိုချစ်၏။ အိမ်မှာနေ တော့မိဘ၊ ညီအစ်ကို၊ မောင်နှမတွေကိုချစ်၏။
သီးချိန်တန်၊ ပွင့်ချိန်တန်တော့ အသွင်မတူသူ တစိမ်းတို့ကို ချစ်တတ်လာ၏။ နောက်မိသားစုဘ၀ကို ပိုင်ဆိုင်လာတော့ မိသားစုကို ချစ်ရပြန်၏။ အချစ်ကို အကြမ်းဖျင်းခွဲလိုက်လျှင် မီးနှင့်တူသောအချစ်၊ နေနှင့်တူသောအချစ်၊ လနှင့်တူသော အချစ်ဟု သုံးမျိုးရှိပါသည်။ မီးနှင့်တူသောအချစ်သည် တစ်ထောင့်ငါးရာအချစ်ဖြစ်ပြီး ပူလောင်သောအချစ်ဖြစ်ပါသည်။ နေနှင့်တူသောအချစ်သည် မိဘချစ်၊ သားသမီးချစ်၊ သံယောဇဉ်အချစ်ဖြစ်ပြီး နွေးထွေးသောအချစ်ဖြစ်ပါသည်။ လနှင့်တူ သောအချစ်သည် ငါးရာနှစ်ဆယ့်ရှစ်အချစ်ဖြစ်ပြီး အေးမြသောအချစ်ဖြစ်ပါသည်။ ဤအချစ်သုံးမျိုးသည် တစ်မျိုးနှင့် တစ်မျိုး ရောထွေးနေပါသည်။ သီးသန့်လည်းရှိပါသည်။ အပူသက်သက်လည်းရှိပါသည်။ အအေးသက်သက်လည်း ရှိပါသည်။ အပူ၊ အအေးရောထွေး၍လည်း ရှိပါသည်။ အချစ်ကြောင့် လောကကြီးသာယာစိုပြေနေပါသည်။
လောကထဲက မထွက်နိုင်သေးသော လောကီသားတစ်ယောက်အတွက် ချစ်ရမည့်တာဝန်ရှိပါသည်။ မိသားစုရှိလျှင် မိသားစုကိုချစ်ရမည်။ အလုပ်တစ်ခုခုလုပ်နေလျှင် ထိုအလုပ်ကိုချစ်ရမည်။ ချစ်ရမည့်တာဝန်ရှိလျက် မချစ်ခဲ့လျှင် တာဝန် ပျက်ကွက်ခြင်းပင်ဖြစ်သည်။ အချစ်ထဲတွင် မိဘအချစ်ကသာ စံထားလောက်ပါသည်။ မိဘတို့သည် သူတို့အချစ်နှင့် သားသမီးများကို အကောင်းဆုံးဘ၀ဖြစ်အောင် ပုံဖော်ပေးကြပါသည်။ မိဘအချစ်နှင့် သားသမီးများဘ၀အတွက် အရာရာကို အကောင်းဆုံးဖြစ်စေပါသည်။
လူတိုင်းတွင် တာဝန်ကိုယ်စီ၊ အလုပ်ကိုယ်စီ ရှိကြပါသည်။ ကိုယ့်တာဝန်၊ ကိုယ့်အလုပ်ကို ချစ်မြတ်နိုး၍ အကောင်းဆုံး ဖြစ်အောင် လုပ်ကြရပါမည်။ ကိုယ့်လုပ်ငန်းတွင် ကိုယ်တာဝန်ရှိတာကို အကောင်းဆုံးလုပ်ဆောင်ပေးရပါမည်။ အချစ်သည်တာဝန်ကျေခဲ့လျှင် အရာရာကို အကောင်းဆုံးပုံဖော်ပေးပါလိမ့်မည်။
ဤစာကိုဖတ်ပြီး သူငယ်ချင်းတို့လည်း အချစ်အကြောင်းကိုခွဲခြားသိမြင်နိုင်လိမ့်မည်ဟု ထင်ပါသည်။ ယုလည်းယုဖတ် ရတဲ့ အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ရေးသားထားခြင်းမှ တချို့တ၀က်ကို ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
ယု

ဆက်လက်ဖတ်ရှုပါရန်...

Thursday, August 14, 2008

မေ့နိုင်ပြီဆိုတာ သေချာလား

သင်ဟာ ထက်မြက်သွက်လက်တယ်။ ဆွဲဆောင်မှုရှိတယ်။ အတွေးကောင်းတယ်။ ဒါပေမယ့် သင်ဟာဘာ့ကြောင့် အချစ်သစ်ကိုမရှာဖွေနိုင်သေးတာလဲ။ သင့်သူငယ်ချင်းတွေကသင့်ကို ပြောင်းလဲစေချင်နေပြီ။ မပြောင်းလဲ နိုင်သေးတာ သင်တစ်ယောက်တည်းဖြစ်နေတယ်လေ။ အဲဒါ ဘာလို့လဲဆိုတော့ အချစ်ဟောင်းနဲ့လမ်းခွဲပြီးပြီ ဆိုပေမယ့်လည်း သင့်စိတ်တွေက အချစ်ဟောင်းဆီကနေမခွာနိုင်သေးလို့ပေါ့။ သင့်အချစ်ဟောင်းက သင့်စိတ်ထဲ မှာမရှိတော့ဘူးဆိုရင် နောက်ချစ်သူအသစ်နဲ့ သင်ဟာပျော်နိုင်မှာပါ။ ကဲဒီလိုဆိုရင် အချစ်သစ်ကို တွေ့ရှိခံစားဖို့ အခွင့်အရေးတွေကို လက်လွတ်ခံမှာလား။ အချစ်သစ်ဆိုတာကို နှလုံးသားမှာခံစားရအောင်လေ။
သင့်ချစ်သူနဲ့ လမ်းခွဲပြီးပြီဆိုရင် သူနဲ့ ပတ်သက်သမျှကို သင့်အဘိဓာန်ထဲက နေထုတ်ပစ်လိုက်ပါ။ သူနဲ့ အတူရှိနေခဲ့တဲ့အချိန်တွေကို ပြန်ပြီးသတိရနေဦးမယ်ဆိုရင် သင့်စိတ်ထဲမှာ သူကနေရာယူထားတာပဲပေါ့။ သူ့အကြောင်း မကောင်းတာအတင်းပြောမိတာပဲဖြစ်ဖြစ်၊ ကောင်းတာမျိုးချီးမွမ်းမိတာပဲဖြစ်ဖြစ် သူဟာ သင့်စိတ်ထဲမှာရှိနေသေးလို့ပါ။ ကိုယ့်အလုပ်အတွက် တစ်ခုခုဆုံးဖြတ်ရဖို့ကြုံလာတဲ့အခါမှာ ဖုန်းဆက် တိုင်ပင်ဖို့ အရင်ဦးဆုံး သတိရမိတဲ့သူဟာ သင့်အချစ်ဟောင်းဖြစ်ပေမယ့်လည်း ဖုန်းမဆက်မိစေဖို့ သတိရှိပါ။ သူ့ဆီဖုန်းခေါ် မယ့်အစား သူငယ်ချင်းတွေဆီ ဖုန်းခေါ်ပြီး ပြောပြတိုင်ပင်လိုက်ပါ။ အစီအစဉ်များချမှတ်ဖို့အတွက် အကြံဥာဏ် တောင်းစရာရှိရင် အချစ်ဟောင်းကို သတိရမိတဲ့အခါ သတိရစိတ်ကိုဖျောက်ဖျက်ပစ်ပြီး အခြားသူများထံမှသာ အကြံဥာဏ်၊ ထောက်ခံမှုများကို ရယူပါ။
အချစ်ဟောင်းနဲ့ ပတ်သက်သမျှ စာ၊ ဓါတ်ပုံ၊ ဗယ်လင်တိုင်းလက်ဆောင်ဝက်ဝံရုပ်လေးတွေ အားလုံးကို သင်မမြင်နိုင်တဲ့နေရာမှာ သိမ်းဆည်းထားလိုက်ပါ။ ဖြစ်နိုင်မယ်ဆိုရင် လွှင့်ပစ်လိုက်ပါ။ သင့်ဆယ်လူလာဖုန်း ထဲမှာကျန်ရှိနေတဲ့ အချစ်ဟောင်းရဲ့ ဖုန်းနံပါတ်၊ အသံမေးလ်တို့ အားလုံးကိုဖျက်ပစ်လိုက်ပါ။ အတိတ်က အသံတွေဟာ သင့်ကို ရှေ့ဆက်လျှောက်ဖို့ အနှောက်အယှက် အနည်းငယ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အတိတ်က အရာမှန်သမျှကို သင့်စိတ်ထဲကနေအပြီးတိုင် ထုတ်ပစ်ဖျက်ဆီးလိုက်ပါ။ အချစ်ဟောင်းနဲ့ နှစ်ယောက် အတူဆိုညည်းဖူးတဲ့ သီချင်းလေးကိုပြန်ကြားရင်ဖြစ်ဖြစ်၊ အချစ်ဟောင်းကြိုက်နှစ်သက်တဲ့ အစားအစာတွေ ကိုမြင်ရင် မငိုမိဘဲနေနိုင်မှာမဟုတ်ပါဘူး။ ရင်ထဲမှာ ဘာမှမခံစားရသလိုလည်း နေနိုင်မှာမဟုတ်ပါဘူး။ ငိုချင်ရင် တခဏသာငိုလိုက်ပါ။ ၀မ်းနည်းစေတဲ့အတွေးတွေကို အောင်မြင်နိုင်နင်းအောင်ကြိုးစားလိုက်ပါ။
အချစ်သစ်ရှာတွေ့သွားပြီဖြစ်တဲ့ အချစ်ဟောင်းအပေါ်မှာသ၀န်တိုနေမိဦးမယ်ဆိုရင် သင်ဟာ အချစ်ဟောင်း အပေါ်မှာ ရာနှုန်းပြည့်တွယ်ငြိနေတုန်းပဲပေါ့။ သူအချစ်သစ်နဲ့ပျော်နေတာကို သင်ကဘယ်လိုမှ ၀မ်းနည်းမှုမျိုး မခံစားရဘဲ သူ့အတွက်ပျော်ရွှင်ပေးနိုင်တယ်ဆိုရင် သင်လည်းသူ့လိုပဲ အချစ်သစ်နဲ့ပျော်ရွှင်ရမှာပါ။
သင့်ရဲ့ အချစ်သစ်ကို အချစ်ဟောင်းနဲ့ ဘယ်တော့မှမနှိုင်းယှဉ်မိအောင်ကြိုးစားနေပါ။ အချစ်သစ်နဲ့အတူရှိ နေခိုက်လေးမှာ အချစ်ဟောင်းနဲ့တုန်းကဆိုရင် ဘယ်လိုဆိုတာမျိုး အတွေးထဲမှာ မပေါ်လာအောင် ကြိုးစား ထိန်းသိမ်းပြီး အချစ်ဟောင်းရဲ့ပုံရိပ်တွေ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားအောင်ကြိုးစားပါ။
သင့်ဘေးနားမှာတစ်ယောက်မှရှိမနေရင်တောင် အထီးကျန်တဲ့ စိတ်ခံစားမှုမျိုးမခံစားမိ လေအောင်ကြိုးစားပါ။ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေကို တစ်ယောက်တည်း ဖြတ်သန်းကုန်ဆုံးရတဲ့အခါမှာ အထီးကျန်ဆန် မနေဘူးဆိုရင်၊ အေးချမ်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ်ဆိုရင် သင်ဟာ အချစ်ဟောင်းကိုစွန့်လွှတ်လိုက် ရတဲ့အတွက် ထိခိုက်ဆုံးရှုံးမှုမျိုး ဘာမှမဖြစ်ဘူးဆိုတဲ့ သဘောပဲပေါ့။ တစ်ယောက်တည်းနေရတာဟာ တစ်ခါတစ်ခါမှာ နှစ်ယောက်ထက်တောင် ပိုကောင်းပါသေးတယ်။ ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်လုပ်ချင်ရာ လေးတွေလုပ်လို့ရတယ်လေ။
သက်

ဆက်လက်ဖတ်ရှုပါရန်...

အချစ်

အရွယ်ရောက်နေတဲ့ ကောင်လေးကောင်မလေးတွေအားလုံး အချစ်မရှိဘဲ မနေပါဘူး။ ပြီးတော့ ဒီလောကကြီးထဲ ရှင်သန်နေကြတဲ့ သက်ရှိတွေအားလုံး အချစ်နဲ့ ဘယ်သူမျှ မကင်းနိုင်ကြပါဘူး။ ဒီသက်ရှိ အားလုံး ပျော်ဝင်နေကြတဲ့ အချစ်ဆိုတဲ့အရာမှာ မိဘချစ်၊ သားချစ်သမီးချစ်၊ မောင်နှမချစ်၊ ဆွေချစ်မျိုးချစ်၊ အစားအသောက် ကာမနဲ့ဆိုင်တဲ့ အချစ်၊ စိတ်ကူးယဉ်အချစ်၊ လိင်ပိုင်းဆိုင်ရာအချစ်၊ အတ္တချစ်နဲ့ အနှိုင်းမဲ့ အချစ် စတဲ့ အချစ်နဲ့ ပတ်သက်ပြီး အမျိုးအစားကွဲပြားမှုတွေကတော့ အများကြီးပါပဲ။ လူတွေဟာ အခြားတစ်ယောက်ကို ကိုယ့်အတ္တနဲ့ ယှဉ်တွဲတဲ့ အချစ် ဒါမှမဟုတ် သွေးသားနဲ့ ပတ်သက်တဲ့အချစ်တွေပဲ တိုးပွားဖြစ်ပေါ်နေတယ် ဆိုရင် အချစ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က လုံးဝ ပြီးပြည့်စုံမှာတော့ မဟုတ်ပါဘူး။
အချစ်စစ်နဲ့ ချစ်တဲ့သူ တစ်ယောက်က အခြားတစ်ယောက်ကို ချစ်မိလိုက်လို့ ငါ့ကိုသူ ဘာတွေပေးနိုင်မလဲ၊ ငါကနေရော သူ့ဆီက ဘာတွေပြန်ရနိုင်မလဲ ဆိုတဲ့ အချစ်ကို ဈေးကွက်စီးပွားရေးစနစ်ထဲထည့်ပြီး တွက်ချက် မချစ်သင့်ပါဘူး။ ကောင်မလေးတစ်ယောက်ကို ငယ်ရွယ်နုပျိုချိန်မှာတော့ ချစ်ပြီး သူမရဲ့ အသားအရေအလှအပတွေ ပျက်စီးသွားချိန်မှာ သွေးသားနဲ့ဆိုင်တဲ့ အချစ်ကိုပဲ ဖွင့်ဆိုတတ်တဲ့ ယောကျာ်းတစ်ယောက်အတွက်တော့ အခြား ငယ်ရွယ်ချောမောလှပတဲ့ ခြေသလုံးလှလှ ကောင်မလေးတစ်ယောက်ကို ရအောင်ကြိုးပမ်းပါလိမ့်မယ်။ ဒီလို ပြင်းပြတဲ့ အချစ်ကို တိရစ္ဆာန်တစ်ကောင်ရဲ့ အချစ် ဒါမှမဟုတ် တိရစ္ဆာန်တစ်ကောင် ချစ်သူ ကောင်မလေးရဲ့ အလှအပနဲ့ သွေးသားနဲ့ စပ်ယှက်တဲ့ ဆွဲဆောင်မှုတွေဟာ ယောကျာ်းတစ်ယောက်ရဲ့ နှလုံးသားထဲမှာပဲ ရှိသင့်ပြီး ပြင်ပမြင်ရတဲ့ အရေပြားပေါ်မှာ မရှိသင့်တာတော့ အမှန်ပါ။ တစ်နည်းအားဖြင့်တော့ ဘုရားစကား နားထောင်တဲ့ ကောင်မလေးတွေအနေနဲ့ ဇနီးသည် တစ်ယောက်ဖြစ်သွားပြီဆိုရင် ကိုယ့်ခင်ပွန်းပင်ပန်းနေတဲ့အခါမျိုးတွေ၊ ဆင်းရဲဒုက္ခကြုံတွေ့နေရတဲ့ အခါမျိုးတွေ၊ နောက်ဆုံး အိုမင်းမစွမ်း ဖြစ်လာတဲ့အချိန်အထိ ကိုယ့်ခင်ပွန်းသည် အပေါ်မှာ အချစ်တွေ ကုန်ခန်းမသွားသင့်ပါဘူး။ အချစ်နဲ့ ပတ်သက်ပြီး လူတွေ အမျိုးမျိုး ဖွင့်ဆိုခဲ့ကြပါတယ်။ ဖွင့်ဆိုဆဲ၊ ဖွင့်ဆိုကြဦးမှာလည်း ဖြစ်ပါတယ်။ ရယူခြင်း မဟုတ်ရင် အချစ်ကဘာလဲ လို့ ဖွင့်ဆိုကြသူတွေ ရှိသလို၊ အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ဘဲ မဏိစန္ဒာ လို့ ဖွင့်ဆိုတဲ့ ပုဂ္ဂလိကခံစားသူအပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ်က ဆင်းရဲလို့ နေကြသူတွေကလည်း ဒုနဲ့ဒေးပါပဲ။ ကျွန်မရဲ့ တစ်သီးပုဂ္ဂလအမြင်အရတော့ အချစ်ဆိုတဲ့ နာမတော်ရဲ့ အဓိပ္ပာယ်ဟာ မဟုတ၊် မဖြစ်နိုင်၊ မဖြစ်သင့်လို့ ဖွင့်ဟခွင့်မသာတဲ့ အချစ်တွေကို ပွေ့ပိုက်ထား ရသူတစ်ဦး ချစ်သူကောင်းစားရေးအတွက် အပြည့်အ၀နားလည်မှုရှိပြီး အရာရာကို ရင်ဆိုင်ရဲတဲ့ ချစ်သူတွေ၊ တစ်ယောက်နဲ့ တစ်ယောက်အကြား ကွာဟချက်ကြီးကြီးမားမားမရှိဘဲ လက်လှမ်းမီနိုင်တဲ့နေရာက ချစ်သူတွေ ဆိုရင်တော့ ရင်ချင်းအပ်ပြီး ဘ၀ခရီးကို နှင်ချင်ကြမှာ ဓမ္မတာပါပဲလေ။
အရေးကြီးတာက ကိုယ့်ရဲ့အချစ်ဟာ တစ်ဘက်သားအပေါ် မထိခိုက်အောင်၊ ထိခိုက်သွားရင်တောင် အတတ်နိုင်ဆုံး ဘေးထွက်ဆိုကျိုးနည်းအောင် ကြိုးစားကြဖို့ပါပဲ။ အချစ်ရောဂါ ခံစားရသူတွေထဲမှာ အချိန်ဆိုတာ အကောင်းဆုံးမေ့ဆေးပါဆိုပြီး မေ့နိုင်ကြသူတွေ ရှိသလို မမေ့နိုင်ဘဲ ကြေကွဲမဆုံးဖြစ်နေတဲ့ အချစ်ဝေဒနာသည် တွေလည်း အများကြီးပါပဲ။ ဒီ ဂလိုဘယ်ခေတ်ကြီးမှာတော့ အိမ်ကထွက်ရင် အပျိုလူပျိုဖြစ်တာပဲဆိုပြီး ချစ်နေကြသူတွေ ရှိသလို၊ တင်္ဒဂပေါ်လာတဲ့ မေတ္တာဟန်ဆောင်ထားတဲ့ ရာဂနောက်လိုက်နေကြသူတွေကလည်း ဟိုမှာ ဒီမှာ ဆိုသလို မကြာမကြာ တွေ့နေရပြန်ပါတယ်။ ပြီးတော့ ကိုရီးယားရောဂါနဲ့ အချစ်ဝေဒနာနှစ်ခုရောပြီး မသက် မသာ ခံစားနေရတဲ့ ကောင်မတွေဟာ သူတို့လေးတွေ ကိုယ်တိုင်က စပြီး ချစ်ရည်ညွှန်းတဲ့ လက်ဆောင်လေးတွေ၊ ထိထိရှရှ သီချင်းလေးတွေ၊ လှလှပပ အသုံးအဆောင်လေးတွေကို ကောင်လေးတွေ နောက်လိုက်ပြီး ပေးနေကြပါ ရောလား။ ဒါကြောင့် “ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီက ပြောခဲ့တာပေါ့။ ကျုပ်မှာ ရှိနေတဲ့ကြောက်စိတ်က ရိုမီယိုပေါင်းများစွာ ရှိနိုင်တဲ့ ဂျူလိယက်လို ခေတ်သစ်ကောင်မလေး တွေရဲ့ အချစ်ပါပဲ။ ဒီကောင်မလေးတွေရဲ့ အချစ် ခြေသလုံးလှလှလေးတွေ ဖြော်ပဖို့ ကြိုးစားနေကြတဲ့ ခေတ်သစ်ကောင်မလေးတွေရဲ့ အ၀တ်အစားတွေဟာ သူတို့ကိုယ် သူတို့ မိုးဒဏ်၊ လေဒဏ်နဲ့ နေဒဏ်တွေကနေ အပြည့်အ၀ အကာအကွယ်မပေးနိုင်ပေမယ့် ဆွဲဆောင်မှုအပြည့် ရှိစေပါတယ်။ ခြေသလုံးလှလှ ကောင်မလေးတွေရဲ့ ကိုယ်ပိုင်ပြင်ဆင်ခြယ်သမှုတွေနဲ့ သာမန်ထက်ပိုတဲ့ အသွင်အပြင်လေးတွေဟာ ပင်ကိုသဘာဝအလှထက် ပိုလှပါစေတယ် ”။
သက်

ဆက်လက်ဖတ်ရှုပါရန်...

Friday, August 8, 2008

ဝဋ်ကြွေး

ကမ်းလင့်ခဲ့သော အကြင်နာလက်တို့
ယုံစားအားကိုး မှီတွယ်လေသော်
အသူရာချောက်နက် တွန်းချပို့၍
အမှောင်နယ်တွင်း ကယ်သူမဲ့ဝေး
ခွန်အားမဲ့အဖြစ်။

ကမ်းလင့်လေသော လက်သစ်အစုံ
ကြင်မလိုရယ် ဟန်ဆောင်ပိုကာ
ရေနစ်သူကို ကူတဲ့ဝါးရယ်
မြုပ်ခဲ့လေသော ဘ၀တစ်ခုမှာ
ကံသစ်ကိုမယူ အဟောင်းအကြေဆပ်လို့
မျက်ရည်အပူ အဖော်ပြုရင်း
မနွမ်းဘယ်သူရှိလိမ့်မယ်။ ။

သက်

ဆက်လက်ဖတ်ရှုပါရန်...

Thursday, August 7, 2008

ရယ်မောတတ်သော အရုပ်ကလေး

ကျွန်မတို့ အိမ်တွင် အရုပ်ကလေး တရုပ်ရှိပါသည်။ ထိုအရုပ်ကလေးကို မှန်ဗီရိုပု ကလေးပေါ်တွင် တင်ထားပါသည်။ ထိုအရုပ် ကလေးသည် မှန်ဗီရိုပေါ်တွင် ငြိမ်သက်လျှက် ရှိပါသည်။ သူ၏ အရွယ်အစားမှာ သန်မာထွားကျိုင်သော ခလေးငယ် တစ်ယောက်ပမာ ရှိသည်။ ထိုအရုပ်ငယ် ကလေး၏ အရောင်မှာ မိုးပြာရောင်ဖြစ်ပါသည်။ ထိုအရုပ်ကလေး၏ ပုံစံမှာ ပုပုဝိုင်းဝိုင်းနှင့် ၀ဖြိုးသော ပုံသဏ္ဍန်ရှိသည်။ မျက်နှာသွင်ပြင်မှာ အမြဲတမ်း ပြုံးရယ်လျှက် ရှိသော သဏ္ဍန်ရှိသည်။ ထိုအရုပ် ကလေးသည် မှန်ဗီရိုပုကလးပေါ်တွင် ငြိမ်သက်လျှက် ရှိသည်။ ငြိမ်သက်နေလျှင် တိတ်ဆိတ် နေတတ်ပြီး သူ့ကို မထိမချင်း အရုပ်ကလေးသည် ရယ်မောခြင်းကို မပြုပေ။ သို့ရာတွင် သူ့ကိုထိလိုက်လျှင် အရုပ်ကလေးသည် ဟား….ဟား….ဟား… ဟဲ…..ဟဲ…..ဟဲ ဟူ၍ ဟက်ဟက် ပက်ပက် ရယ်မောလေတော့သည်။ အဲဒီ အရုပ်ကလေးက ကျွန်မရဲ့ မွေးနေ့တွင် အမှတ်တရ ဖြစ်စေတဲ့ အရုပ်ကလေး တစ်ရုပ်ပါ။ ကျွန်မ အဲဒီအရုပ် ကလေးကို အမြတ်တနိုး ရှိပါတယ်။ အရုပ်ကလေးက အရမ်းချစ်ဖို့ ကောင်းပါတယ်။ ကျွန်မမွေးနေ့ လုပ်တိုင်း အရုပ်ကလေး တရုပ် မဟုတ် တရုပ်ရပါတယ်။ ဒါပေမဲ့ ဒီတစ်ခါပေးတဲ့ လက်ဆောင်လေးက ကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေး တစ်ခု ဖြစ်ပါတယ်။ အဲဒီ အရုပ်ကလေး ရတော့ ကျွန်မ အရမ်းပျော်သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖေဖေရဲ့ စိတ်ကို ရယ်မော ပျော်ရွှင်အောင် လုပ်လိုက်မိလို့ပါ။ ဖေဖေက တနေကုန် ကားမောင်းရတာလေး။ ဖေဖေက စိတ်ဖိစိမှု အရမ်းများတယ်လေ တခါတလေ ပျော်ရွှင်မှုလေးတွေ အရပ်းပေးချင်မိတယ်။ ဒီတစ်ခါ အထမြောက်သွားတယ် ထင်ပါတယ်။ အမြဲတမ်း ကားမောင်း နေရတဲ့ ဖေဖေ့ကို သနားမိတယ်။ မိသားစုနဲ့လည်း နွေးနွေးထွေးထွေး မနေရဘူလေ။ တနေ့ကျတော့ ကျွန်မရဲ့ အရုပ်ကလေးကို ပုဒ်လိုက်တာ ဟား….ဟား… ဟား….ဟဲ…ဟဲ….ဟဲ လို့ရယ်လိုက်တော့ ဖေဖေလည်း တဟားဟား ရယ်ပါလေရော… ကျွန်မတို့ မိသားစုလေး အလွန် ပျော်ရွှင်နေကြပါတယ်။ အဲဒီကတော့ ဖေဖေရဲ့ ရယ်မော ပျော်ရွှင်နေတဲ့ မျက်နှာလေးကို ကျွန်မတွေ့ရတော့ အရမ်းဝမ်းသာ ပီတိ ဖြစ်ရပါတယ်။ ဖေဖေ ဟက်ဟက် ပက်ပက် ရယ်တော့ အရမ်းပျော်တယ်။ ဖေဖေက တခါမှ ဒီလိုမျိုး ရယ်မောတာကို ကျွန်မ မမြင်ခဲ့ဘူးပါဘူး… အဲဒီအရုပ်ကလေး ရယ်သလို ဖေဖေ ကလည်း တဟားဟား ရယ်ပါတော့တယ်။ အဲဒီအရုပ်ကလေး ပေးသော သူကိုလည်း ကျွန်မ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ရယ်မောတတ်သော အရုပ်ကလေးလို လူတိုင်း ထာဝရ ရယ်မောနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
ခိုင်သဇင်

ဆက်လက်ဖတ်ရှုပါရန်...

Wednesday, August 6, 2008

မိုး

မိုးတစိမ့်စိမ့် ရွာနေတယ်။ ကျွန်မနိုးလာတော့ မိုးတွေက ရွာနေပြီ။ တစိမ့်စိမ့် ရွာသွန်နေတဲ့ မိုးဟာ မတိတ်တော့ဘူး။ မိုးစက်တွေဟာ ကမ္ဘာမြေပေါ်က ကိန်းဂဏန်းတွေထက် များပေးလိမ့်မယ်။ ခေါင်းမိုးတွေပေါ်မှာ၊ လမ်းမကြီးတွေ ပေါ်မှာ၊ သစ်ပင်တွေ ပေါ်မှာ၊ ရေမြောင်းတွေမှာပေါ့။ မိုးစက်တွေ ရွာသွန်း ကျဆင်းနေလေရဲ့။ ခေါင်းမိုးတွေပေါ်မှာ မိုးစက်တွေကျတော့ တဗြောင်းဗြောင်း မြည်တယ်။ လမ်းမကြီးတွေပေါ်မှာ ကျတော့ မိုးစက်တွေ လမ်းပေါ်မှာ ခုန်နေကြတယ်။ သစ်ပင်ပေါ်မှာ မိုးစက်တွေ ကျတော့ သစ်ပင်လေးတွေ စိမ်းစို လန်းဆန်းလာတယ်။ ရေမြောင်းတွေပေါ် မိုးစက်တွေကျတော့ တဝေါဝေါ စီးတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ရေစီးသံ တဝေါဝေါနဲ့ မိုးပေါက်ကျသံ တွေကို ကြားရတယ်။ တစ်ချို့လူတွေဟာ မိုးရေစိုတော့ ကုပ်ချောင်းချောင်းနဲ့ တံစက်မြိတ်အောက် ၀င်ခိုကြတယ်။ တချို့ လူတွေကျတော့ မိုးရေထဲမှာ အလွန် ပျော်မြူး နေကြတာကို တွေ့ရပါတယ်။ ကိုယ်ရပ် ကိုယ်ရွာနဲ့ခွဲပြီး အလုပ်လုပ် ရတဲ့သူတွေကျတော့ မိုးတဖွဲဖွဲ ရွာနေတာကို ကြည့်ပြီး မိသားစုကို လွမ်းဆွတ် တမ်းတကြတယ်။ ကျွန်မက မိုးရာသီကို အရမ်း နှစ်သက်တယ်။ ကျွန်မငယ်ငယ်က မိုးရွာရင် အရမ်းပျော်မိတယ်။ မိုးကို အမြဲရွာပါစေ ဆုတောင်းမိတယ်။ အခုတော့ ကျွန်မလဲ အဲလိုပဲ မိဘတွေကို အရမ်းလွမ်းတယ်။ ကျွန်မတို့က မိသားစုခွဲပြီး အလုပ်လုပ်နေလို့ ထင်ပါတယ်။ တခါတလေ မိသားစုလိုက် သွားလာတာကို မြင်ရင် အရမ်းဝမ်းနည်းမိတယ်။ အဲဒီအချိန်မှာ မိုးကလဲ ရွာတော့ ပိုပြီး ၀မ်းနည်းမိတယ်။ တခါတလေ မိုးအရမ်းသည်းရင် လမ်းမီးတိုင် တွေဟာ မိုးရေထဲမှာ တောင့်တင်းလို့ အေးစက်လို့ ၊ အရာဝထ္ထုတွေဟာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေတယ်။ မိုးသံလေသံ တဝေါဝေါ အော်မြည်နေဆဲ။ မြေပြင်ပေါ်က မြက်ခင်းလေးတွေကလည်း စိမ်းစိုနေတယ်။ တစိမ့်စိမ့်နဲ့ မိုးဟာ မြေသားထဲကို ယိုစီးကျဆင်း နေတယ်။ မိုးစက် မိုးပေါက်တွေဟာ ကမ္ဘာ့မြေရဲ့ အနက်ရှိုင်းဆုံး ကိုယ်ဖြတ်သန်းပြီး ဟိုးအောက်မှာရှိတဲ့ ငရဲဘုံထိ ရောက်အောင် ကျဆင်းကာ ငရဲမီးတောက်တွေကို ငြိမ်းအောင် ရွာသွန်းတော့မယ်လို့ ကျွန်မ ထင်နေမိပါတယ်။ အဲဒီလိုပဲ လူတွေရဲ့ စိတ်တွေလဲ မိုးလိုပဲ အမြဲတမ်း အေးချမ်းသွားစေချင်ပါတယ်။

ခိုင်သဇင်

ဆက်လက်ဖတ်ရှုပါရန်...

Tuesday, August 5, 2008

စိတ်သက်သာအောင် ကြိုတင်ကာကွယ်ပါ

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက် ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။ ကျွန်တော် ဖတ်ဖူးသမျှထဲမှ ရေးထားတာပါ။ သူငယ်ချင်းတို့ အကျိုးရှိမယ်ဆိုရင် ကျန်သူများကို ပြန်လည် ဝေငှလိုက်ပါ။ နည်းလမ်းတွေကတော့ -

# သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ။ ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန် မလောက်လို့ စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။

# သုံးနေကျ ပစ္စည်းကို ကြိုကြိုတင်တင် ၀ယ်ထားပါ။ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာ မဖြစ်အောင်နော်။

# ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့ မပေးပါနဲ့။ ကတိပေးပြီးမှ မတည်နိုင်တဲ့အခါ စိတ်ဆင်းရဲရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့ အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

# မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့ လိုတယ် ။ ကိုယ့်ရည်မှန်းချက်ကို နည်းနည်းချင်း ဖြေးဖြေးမြှင့်ပါ။

# ကိုယ့်အတွက် အရေးကြီးတဲ့ကိစ္စကို လုပ်ဖို့ အချိန်လုံလောက်အောင် စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်းတယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကို လုပ်ဖို့အားတက်လာမယ်။

# စနစ်တကျ လုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန် သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်းရတာလဲ နည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နည်းသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျရင် လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာ ကောင်းတယ်။ အခုလုပ်ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

# ကိုယ်နေရတဲ့နေရာ၊ ကိုယ်အလုပ်လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင် ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်နေတဲ့ နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

# စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာ မရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲပေါ်မှာ စိတ်ကို အနှောင့်အယှက်ပေးနိုင်တဲ့ အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊ စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မယ့် ပစ္စည်းမျိုးကို မြင်နိုင်တဲ့နေရာမှာ မထားတာ ကောင်းတယ်။ ကြည့်လိုက်တာနဲ့ စိတ်ကို ကြည်လင်အေးချမ်း သွားစေနိုင်တဲ့ ရှုခင်းဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက်နေတယ်လို့ မှန်းကြည့်ပါ။ ကိုယ်မြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောင့်အယှက်မှ မရှိဘူး။

# အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင် မတတ်နိုင်ရင်တော့ နည်းနိုင်သမျှ နည်းအောင် လုပ်ပါ။

# ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက အကူအညီတောင်းချင်သူတွေ များလာလေဖြစ် တတ်တာသဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီ တောင်းချင်နေလို့ မရမက လုပ်လာရင်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်။

# စိတ်အေးအေးချမ်းချမ်း နေချင်ရင် သူများအကြောင်းကို တတ်နိုင်သလောက် မပြောပဲနေတာ ကောင်းတယ်။ အထူးသဖြင့် သူများမကောင်းကြောင်းကို မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။ ကိုယ်က သူများမကောင်းကြောင်းကို ပြောရင် ကိုယ့်မကောင်းကြောင်းကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများက မကောင်းပြောရင်တောင်မှ သူပြောတာ မဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်းကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောဘဲထားလိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။

# စိတ်အနှောင့်အယှက်ဖြစ်ရတာ နည်းချင်ရင် မလိုအပ်ဘဲနဲ့ လူများများနဲ့ မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့တစ်နေ့ လူတွေနဲ့ စကားပြောရတာ နည်းမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ ပြောချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကို မပြောပါနဲ့။ စိတ်ပျက်စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကို ပြောတတ်တဲ့သူကို ပြောရင် ကိုယ်ပါ စိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေ များလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မယ့်အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကို နားလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ်ဆိုတာကို သေသေချာချာ စဉ်းစားပါ ။

# အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေး လုပ်တတ်အောင် လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေတဲ့သူဟာ စိတ်တိုဖို့ ပိုများတယ်။ မှားလို့ ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် "အရင်လိုရင် အရနှေးတယ်" လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့ အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကို ပေးတယ်။

# လတ်တလော အဆင်ပြေအောင် လွယ်လွယ်နဲ့ ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင် ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လို အခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ့်ကို အင်မတန်သဘောကောင်းတယ်လို့ မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင် မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့်စေတနာ မှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့အလုပ် မညီတာတွေ များလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာ မဟုတ်တော့ဘူး ။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ ။ ပေးနိုင်တာထက် နည်းနည်းလျှော့ပြောတာ ကောင်းတယ်။

# အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ငြင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ငြင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုယ်သိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်း မဖြေသင့်ဘူး။

# အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင်း ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။ နိုင်လို့ရတိုင်း နိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့ စိတ်ထားမျိုးကို မွေးယူရမယ်။

# ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှု ရှိပါတယ်၊ အခက်အခဲ ရှိပါတယ် ။ ဆရာဝန်အလုပ် ခက်သလို ကျောင်းဆရာအလုပ်လည်း ခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ် ခက်သလို ကားမောင်းတဲ့ အလုပ်လည်း ခက်ပါတယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်း စိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့အသက်ကို လုနေရတဲ့အခါမျိုးမှာ သေမင်းနဲ့ ရင်ဆိုင်တိုက်ပွဲလို ဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုးတကြီးနဲ့ ကြည့်တဲ့မျက်လုံးရဲ့ အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ ကျောင်းသားရဲ့စိတ်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတော့သလို ဖြစ်သွားတာဟာ တော်တော်သနားစရာ ကောင်းပါတယ်။ ကိုယ့်တပည့်လေး အောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့ မလွယ်တော့ဘူး။

# လူများများနဲ့ ဆက်ဆံရတဲ့ အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကို စိတ်ကျေနပ်အောင် ဘယ်သူမှ လုပ်မပေးနိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့ အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုး ကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့ တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူး။ စိတ်ရှည်ရှည်ထားမယ်လို့ မကြာခဏ နှလုံးသွင်းပါ။

# လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ ။ သူတို့ကို နားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေး အဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက်ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက်စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်ကကိုယ်ချင်းစာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီး နေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစား ဆွေးနွေးပါ။

သူငယ်ချင်းတို့ ဒီနည်းလမ်းများဖြင့် အသုံးတည့်ပါစေ ဆုတောင်းရင်း . . .
ဇော်ဖြိုး

ဆက်လက်ဖတ်ရှုပါရန်...